မင်းတုန်းမြို့နယ်တွင် တရားမဝင် အောက်ချင်းငှက် သယ်ဆောင်သူများအား ဖမ်းဆီးအရေးယူ

မင်းတုန်းမြို့နယ်တွင် တရားမဝင် အောက်ချင်းငှက် သယ်ဆောင်သူများအား ဖမ်းဆီးအရေးယူ
Published 16 October 2017

ငဖဲမြို့နယ် နတ်ရေကန်တောင်ဒေသ မန်းကြိုးပြင် ကာကွယ်တော ဂုတ်ကြီးရေထိန်းတောအတွင်း အောက်ချင်းငှက်များ ပြန်လွှတ်နေစဉ်

မကွေးတိုင်းဒေသကြီး မင်းတုန်းမြို့နယ်တွင် တရားမဝင် အောက်ချင်းငှက် သယ်ဆောင်သူများအား ဖမ်းဆီးအရေးယူမှု ပြုလုပ်ထားကြောင်း မကွေးတိုင်းဒေသကြီး သစ်တောဌာနမှ သိရသည်။

ကာကွယ်ထိန်းသိမ်းထားသည့် ငှက်အမျိုးအစားဖြစ်သော အောက်ချင်းငှက်/အောင်လောင်ငှက်များကို မကွေးတိုင်းဒေသကြီးအတွင်း တရားမဝင် သယ်ဆောင်ပြီး တရုတ်နိုင်ငံသို့ ပို့ဆောင်ရောင်းချမှုများ ရှိနေပြီး အောက်တိုဘာ ၈ ရက်က အောက်ချင်းငှက် ကိုးကောင်ကို တရားမဝင် သယ်ဆောင်သူ သုံးဦးအား ဖမ်းဆီးရမိခဲ့ပြီး အရေးယူမှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

“မှောင်ခိုသမားတွေက သူတို့ကိုယ်တိုင် တိုက်ရိုက်သယ်တာ မဟုတ်ဘူး။ ဆိုင်ကယ် ကယ်ရီသမားလေး တစ်ယောက်ကို ငှားပြီး သယ်တာပါ။ သယ်တာတော့ ပြည်ဘက်ကို သယ်တာ။ ဒီမှာတော့ အောက်ချင်းငှက် တစ်ကောင်ကို နှစ်သောင်းလောက် တရားမဝင် ပေါက်ဈေးရှိပါတယ်။ ပြည်ဘက်မှာတော့ ခြောက်သောင်းလောက်နဲ့ ပေးဝယ်တယ်လို့ သိရပါတယ်။ ဒီငှက်တွေက ကာကွယ်ထိန်းသိမ်းထားတဲ့ ငှက်တွေပါ။ သယ်ယူတဲ့လူတွေကိုလည်း ဥပဒေအရ အရေးယူမှာပါ” ဟု  မကွေးတိုင်းဒေသကြီး သစ်တောဌာန ညွှန်ကြားရေးမှူး ဦးမြင့်သိန်းခိုင်က ပြောကြားသည်။

ပြီးခဲ့သော အောက်တိုဘာ ၈ ရက်က မင်းတုန်းမြို့နယ် သစ်တောဦးစီးဌာန တိုင်တားဘိနယ်၊ ပုသိမ်-မုံရွာ ကားလမ်း မိုင်တိုင် အမှတ်၂၂၇/၁ တိုင်တားလမ်းပေါက်မှ အောက်ချင်းငှက် ကိုးကောင်အား မော်တော်ဆိုင်ကယ် တစ်စီး၊ တရားခံ သုံးဦးနှင့်အတူ ဖမ်းဆီးရမိရာ ယာဉ်မောင်းနှင့် ပိုင်ရှင်များအား တောရိုင်းတိရစ္ဆာန်နှင့် သဘာဝအပင်များ ကာကွယ်ရေးနှင့် သဘာဝနယ်မြေများ ထိန်းသိမ်းရေး ဥပဒေပုဒ်မ ၃၇ (က) အရ တရားစွဲဆို ဆောင်ရွက်သွားမည်ဖြစ်ပြီး ဖမ်းဆီးရမိသော အောက်ချင်း/အောင်လောင် ငှက်များအား အောက်တိုဘာ ၁၄ ရက်က ငဖဲမြို့နယ် သစ်တောဦးစီးဌာန ဦးစီးဌာနမှူး ဦးဆောင်၍ ရိုးမအလင်းတန်းအဖွဲ့နှင့် ဂုတ်ကြီးကျေးရွာ ဒေသခံများမှ ငဖဲမြို့နယ် နတ်ရေကန်တောင်ဒေသ မန်းကြိုးပြင် ကာကွယ်တော ဂုတ်ကြီးရေထိန်းတော အတွင်း ပြန်လွှတ်ခဲ့ကြောင်း သိရသည်။

 

Most Read

Most Recent