ဆည်တော်ကြီးဆည် စိုးရိမ်ရေမှတ် ကျော်သည်အထိ မြင့်တက်လာသောကြောင့် ရေလွှတ်ခဲ့ရာ မတ္တရာမြို့နယ် အတွင်းရှိ ကျေးရွာအချို့ ရေလွှမ်းမိုးမှု ဖြစ်ပေါ်ပြီး ကလေးငယ်တစ်ဦး မျောပါသေဆုံး

ဆည်တော်ကြီးဆည် ရေလွှတ်မှုကြောင့် မိုးကုတ်-မန္တလေး လမ်းပေါ်တွင် ရေကျော်မှု ဖြစ်ပွားနေစဉ် (ဓာတ်ပုံ-မင်းမင်းစိုး)

ဆည်တော်ကြီးဆည် စိုးရိမ်ရေမှတ်ကျော်သည်အထိ မြင့်တက်လာသောကြောင့် ရေလွှတ်ခဲ့ရာ မတ္တရာမြို့နယ် အတွင်းရှိ ကျေးရွာအချို့ ရေလွှမ်းမိုးမှု ဖြစ်ပေါ်ပြီး ကလေးငယ်တစ်ဦး ရေထဲမျောပါ သေဆုံးခဲ့ကြောင်း သိရသည်။

ယခုရက်ပိုင်းအတွင်း မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မန္တလေးတိုင်းဒေသကြီး မတ္တရာမြို့နယ် အတွင်းရှိ ဆည်တော်ကြီးဆည်၏ စိုးရိမ်ရေမှတ် ၄၁၉ ဒသမ ၅ ပေ ကျော်လွန်သည်အထိ မြင့်တက်လာသောကြောင့်  အောက်တိုဘာ ၁၄ ရက် နံနက် ၆ နာရီမှ စတင်ရေလွှတ်ခဲ့သောကြောင့် မတ္တရာမြို့နယ် အတွင်းရှိ သပြေသာ၊ ဆိပ်သာ၊ ရှားစေးချက်၊ ကျွဲချ၊ အုတ်တိုက်၊ ကျောက်စရစ်၊ တံငါ အစရှိသည့် ကျေးရွာများတွင် ရေလွှမ်းမိုးမှုများ ဖြစ်ပေါ်ခဲ့ပြီး တံငါရွာမှ ကလေးငယ်တစ်ဦး ရေထဲမျောပါ သေဆုံးခဲ့ကြောင်း သိရသည်။

“သေသွားတဲ့ကလေးကို ဒီနေ့မနက်မှာ သင်္ဂြိုဟ်လိုက်ပါတယ်။ လယ်ကွင်းတွေ၊ စိုက်ခင်းတွေကတော့ အကုန်ရေမြုပ်ကုန်တယ်၊ ပျက်စီးဆုံးရှုံးမှုတွေကတော့ အတိအကျ မသိသေးပါဘူး။ ရေကျမှပဲ သိမှာပါ။ ကျွန်တော်တို့ရွာက လူတွေကတော့ ရေလွတ်ရာကို အခုပြောင်းနေကြပါပြီ” ဟု တံငါရွာမှ ဒေသခံတစ်ဦးက ပြောကြားသည်။

ဆည်တော်ကြီးဆည်အတွင်း စိုးရိမ်ရေမှတ်အထက် မြင့်တက်လာမှုကြောင့် အောက်တိုဘာ ၁၄ ရက်မှစ၍ ရေတံခါး ခုနစ်ခုစလုံးဖွင့်ပြီး ရေလွှတ်ခဲ့သည်ဟု သိရကာ အောက်တိုဘာ ၁၅ ရက် နံနက် ၁၁ နာရီတွင် စိုးရိမ်ရေမှတ်အောက် ပြန်ကျသွားပြီဟု ဆည်မြောင်းဌာနမှ သိရကြောင်း မတ္တရာမြို့နယ် မဲဆန္ဒနယ် အမှတ် (၁) မှ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးမင်းမင်းက ဆိုသည်။

“ပျက်စီးဆုံးရှုံးမှု စာရင်းတွေ ကောက်နေပါတယ်။ စိုက်ခင်းတွေ ဘယ်လောက်အထိ ဆုံးရှုံးသွားမလဲ ဆိုတာကတော့ ရေဘယ်လောက်အထိ နစ်မလဲဆိုတာ မူတည်ပါတယ်။ ရေမြန်မြန် ကျသွားရင်တော့ ဆုံးရှုံးမှုနည်းမှာ ဖြစ်ပါတယ်။ အခုလိုရေကြီးတာက ငါးနှစ်အတွင်း ပထမဆုံးအကြိမ် ရေပြန်ကြီးတာ ဖြစ်ပါတယ်။ အစိုးရအဖွဲ့ကို တောင်သူတွေရဲ့ ဆုံးရှုံးမှုတွေအတွက် ကူညီပေးဖို့ တင်ပြတောင်းဆိုသွားမှာ ဖြစ်ပါတယ်” ဟု ဦးမင်းမင်းက ပြောကြားသည်။

ဆည်တော်ကြီးရေကြောင့် မတ္တရာမြို့ အနောက်ဘက် တံငါကျေးရွာအနီး မိုးကုတ်-မန္တလေး ကားလမ်းပေါ်တွင် ခြောက်ဖာလုံခန့် ရေလွှမ်းလျက်ရှိပြီး ကားလမ်းပေါ်တွင် လေးပေခန့် ရေကျော်လျက် ရှိသောကြောင့် တာဝန်ရှိသူများက လမ်းကိုပိတ်ဆို့ထားကာ ကား၊ ဆိုင်ကယ်များ သွားလာခွင့် ပိတ်ပင်ထားပြီး လူများကိုသာ သွားလာခွင့် ပေးလျက်ရှိသည်။

ရေနစ်မြုပ်နေသော ကျေးရွာများ ရေလွတ်ရာသို့ ရွှေ့ပြောင်းလျက်ရှိပြီး အောက်တိုဘာ ၁၅ ရက် မွန်းလွဲပိုင်းက တံငါကျေးရွာ၏ တောင်ဘက် ဘောင်ကြီးတံတား အနီးတွင် စက်လှေတစ်စင်း တိမ်းမှောက်ခဲ့သော်လည်း  သေဆုံးသူ မရှိကြောင်း မီးသတ်တပ်ဖွဲ့ထံမှ သိရသည်။