<

မိတ္ထီလာ-တောင်ကြီးလမ်း သာစည်မြို့အ၀င်တွင် ရေကျော်နေသဖြင့် ခေတ္တလမ်းပိတ်ထားရပြီး မြို့ရှောင်လမ်းမှ မောင်းနှင်နေရ

အောက်တိုဘာ ၁၅ ရက် မွန်းလွဲပိုင်းက မိတ္ထီလာ-တောင်ကြီး လမ်းပိတ်ထားမှုကို တွေ့ရစဉ် (ဓာတ်ပုံ-၀ဏ္ဏ)

မိုးသည်းထန်စွာ ရွာသွန်းပြီး မိတ္ထီလာကန်ရေ ဖောက်ချမှုနှင့် မင်းလှကန် ရေကျော်နေခြင်းတို့ကြောင့် မိတ္ထီလာ-တောင်ကြီးလမ်း သာစည်မြို့ အ၀င်တွင် လမ်းအရှည် ပေတစ်ထောင်ခန့် ရေကျော်နေသဖြင့် အောက်တိုဘာ ၁၄ ရက် ည ၇ နာရီခန့်မှစ၍ ခေတ္တလမ်းပိတ်ထားပြီး မြို့ရှောင်လမ်းမှတစ်ဆင့် မောင်းနှင်ရန် လမ်းညွှန်ဆိုင်းဘုတ်များ စိုက်ထူထားကာ ကားများ ဖြတ်သန်းသွားလာခွင့် မပြုတော့ကြောင်း သိရသည်။

“မနေ့ည ၆ နာရီ မိနစ် ၄၀ ကစပြီး ဆိုင်းဘုတ် Safety အားလုံးစုံတယ်။ မင်းလှကန် ရေကျော်နေသဖြင့် လမ်းလွှဲမှ မောင်းပေးကြပါရန် ဆိုတဲ့စာသား ရောင်ပြန်ဆိုင်းဘုတ်နဲ့ မြားရယ် အားလုံးစနစ်တကျ ဟိုဘက်ဒီဘက် အားလုံးလုပ်ထားပါတယ်။ ရေထဲကို ဖြတ်လို့ရနေပေမယ့် ရေက လက်ရှိ တစ်ပေခွဲလောက် ကျန်နေသေးတယ်။ ရေရှစ်လက်မလောက်ဆိုရင် ဒီဘက်ကပဲ ပြန်လွှတ်မယ်။ ရေကျရင် လမ်းပြင်မယ်။ လမ်းပေါက်ဖာတာက နာရီဝက်အတွင်းပြီးတယ်။ ကတ္တရာက ရေခြောက်သွားတာနဲ့ ချက်ချင်းပြန်ခင်းလို့ရတယ်။ ကျောက်ကားတွေဘာတွေ အားလုံး အဆင်သင့်လုပ်ထားတယ်။ သာစည်ကနေ သပြေ၀၊ သပြေ၀ကနေ တစ်ဆင့် မိတ္ထီလာမြို့ရှောင်လမ်းကို လမ်းလွှဲထားပါတယ်။ အခက်အခဲတော့ သိပ်မရှိပါဘူး” ဟု တောင်ပေါ်ဒေသ ဆောက်လုပ်ရေးကုမ္ပဏီမှ လမ်းပိုင်းတာဝန်ရှိသူ တစ်ဦးက အောက်တိုဘာ ၁၅ ရက် မွန်းလွဲပိုင်းက ပြောကြားသည်။

“ပရစ်ရိုး၊ မြင်းကွက်တို့က ကန်တွေမနိုင်တဲ့အတွက် အကုန်ကျိုးကုန်တယ်။ ကျိုးကုန်တဲ့အတွက် မင်းလှကန်ထဲ ရေ၀င်တဲ့ ဆည်ပေါက်က ပြွန်ပေါက်နှစ်လုံးက ရေထွက်ပေါက် ၀င်ပေါက် မမျှဘူးဖြစ်နေတယ်။ ရေ၀င်ပေါက်က ပေအစိတ်လောက်ရှိတယ်။ ရေထွက်ပေါက်က သုံးပေပြွန် နှစ်ပေါက်ပဲရှိတယ်။ ရေ၀င်ရေထွက် မမျှတတဲ့ အတွက် ယာခင်းတွေဘာတွေ မြုပ်ကုန်တာလည်းရှိတယ်။ ဒီမင်းလှကန်ပေါင် ပြွန်ပေါက်ကြီး လုပ်တဲ့နေ့ကစပြီး အခက်အခဲ ဖြစ်တော့တာပဲ။ ပြွန်ပေါက်ကိုဖျက်ပြီး ရေကျော်ပုံစံနဲ့ လုပ်မယ်ဆိုရင် အဆင်ပြေမယ်။ ကားလမ်းမပေါ် ရေကျော်နေတာ ပေတစ်ထောင်လောက်ရှိမယ်။ သံလမ်းအောက်က ကျောက်သားထဲလည်း ရေဖြတ်တယ်။ ရထားအသွားအလာတော့ မပျက်သေးဘူး။ ဒီဘက်ကွမ်းခြံရိုးထိပ်ကတော့ ရေတစ်မိုက်လောက် ပြေးနေတော့ ရွာသားတွေအားနဲ့ ရေမ၀င်အောင် ပိတ်ထားရတယ်။ သာစည်သွားမယ့် ဆိုင်ကယ်တွေတော့ မင်းလှကန်ပေါင်ကနေ ဖြတ်သွားလို့ရတယ်။ ကားတော့ ကန်ပေါင်က အဖြတ်မခံဘူး” ဟု ကွမ်းခြံရိုးကျေးရွာ အုပ်ချုပ်ရေးမှူး ဦးစံသိန်းက အောက်တိုဘာ ၁၅ ရက် မွန်းလွဲပိုင်းက ပြောကြားသည်။

မိတ္ထီလာ-တောင်ကြီးလမ်း မိုင်တိုင် ၁၁ အနီး မိတ္ထီလာဘက်မှ သာစည်မြို့အ၀င်တွင် မိုးများပြီး မိတ္ထီလာကန်ရေ ဖောက်ချခြင်းနှင့် မင်းလှကန် ရေကျော်ခြင်းတို့ကြောင့် အောက်တိုဘာ ၁၄ ရက် နံနက်မှစတင်ပြီး လမ်းရေကျော်လာကာ အဆိုပါနေ့ ညပိုင်းတွင် လမ်းခေတ္တပိတ်ခဲ့ရပြီး အောက်တိုဘာ ၁၅ ရက် ညနေပိုင်းအထိ မိတ္ထီလာမြို့ရှောင်လမ်းမမှ သပြေ၀၊ သပြေ၀မှတစ်ဆင့် သာစည်မြို့သို့  ရှောင်ကွင်းမောင်းနှင်နေရဆဲဖြစ်ပြီး မိတ္ထီလာ-တောင်ကြီးလမ်းမှာ ပုံမှန်ချိန်တွင် ခရီးသွား ကားကြီး၊ ကားငယ်နှင့် ကုန်တင်ကား တစ်ရက်လျှင် အစီး ၅၀၀ ခန့် ဖြတ်သန်းသွားလာလေ့ရှိသော လမ်းမကြီးဖြစ်သည်။

 

October 15, 2017














Copy Protected by Chetan's WP-Copyprotect.