မြန်မာနိုင်ငံရှိ အသက် ၂၀ မှ ၇၉ နှစ်အတွင်း ဆီးချိုသွေးချိုရောဂါ ဖြစ်ပွားသူ ၂ ဒသမ ၇ သန်းခန့်ရှိပြီး ငါးသန်းခန့်မှာ ရောဂါဖြစ်ပွားနိုင်ခြေရှိနေ

မြန်မာနိုင်ငံရှိ အသက် ၂၀ မှ ၇၉ နှစ်အတွင်း ဆီးချိုသွေးချိုရောဂါ ဖြစ်ပွားသူ ၂ ဒသမ ၇ သန်းခန့်ရှိပြီး ငါးသန်းခန့်မှာ ရောဂါဖြစ်ပွားနိုင်ခြေရှိနေ
Published 15 October 2017

ဆီးချိုသွေးချိုရောဂါရှိ မရှိ သွေးဖောက်စစ်ဆေးနေစဉ်

မြန်မာနိုင်ငံရှိ အသက် ၂၀ မှ ၇၉ နှစ်အတွင်း ဆီးချိုသွေးချိုရောဂါ ဖြစ်ပွားသူ ၂ ဒသမ ၇ သန်းခန့်ရှိပြီး ငါးသန်းခန့်မှာ ရောဂါဖြစ်ပွားနိုင်ခြေ ရှိနေကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ သိရသည်။

ဆီးချိုသွေးချို ရောဂါ၏ နောက်ဆက်တွဲ ဆိုးကျိုးများဖြစ်သော နှလုံးသွေးကြောပိတ်ခြင်း၊ လေဖြတ်ခြင်း၊ ခြေထောက်ဖြတ်ရခြင်း၊ မျက်စိကွယ်ခြင်း၊ သက်တမ်းမစေ့မီ သေဆုံးခြင်းတို့ကြောင့် ရောဂါကာကွယ်ကုသ ထိန်းချုပ်ခြင်းကို အမျိုးသားရေးအသွင်ဖြင့် ဆောင်ရွက်လျက်ရှိကြောင်း၊ ပြည်တွင်း၌ ဆီးချိုသွေးချိုရောဂါ ဖြစ်ပွားမှုနှုန်း တစ်ရှိန်ထိုး မြင့်တက်နေခြင်းကြောင့် ရောဂါကာကွယ် ထိန်းချုပ်ရေး လုပ်ငန်းများ တစ်နိုင်ငံလုံးအဆင့် အရှိန်မြှင့်လုပ်ဆောင်ရန် လိုအပ်နေကြောင်း ဆေးသုတေသန ဦးစီးဌာနမှ ပြုလုပ်သည့် “မြန်မာနိုင်ငံရှိ ဆီးချိုသွေးချို ဖြစ်ပွားမှု” သုတေသန စာတမ်းအရ သိရသည်။

ဆေးသုတေသန ဦးစီးဌာနက ၂၀၁၄ ခုနှစ်အတွင်းက မကူးစက်တတ်သောရောဂါများ ဖြစ်စေတတ်သော အကြောင်းအရာများကို နိုင်ငံတစ်ဝန်း လေ့လာမှု ပြုလုပ်ခဲ့ပြီး မြို့ နယ်ပေါင်း ၅၂ မြို့မှ အသက် ၂၅ နှစ်မှ ၆၄ နှစ်ရှိသော လူဦးရေ ၈၇၅၇ ဦးကို လေ့လာသုတေသန ပြုလုပ်ခဲ့ကြောင်း၊ လေ့လာချက်မှရရှိသော အချက်အလက်အချို့ကို အသုံးပြု၍ တစ်နိုင်ငံလုံးနှင့် သက်ဆိုင်သော ဆီးချိုသွေးချို ဖြစ်ပွားမှုနှုန်းများကို တင်ပြခဲ့ခြင်း ဖြစ်ကြောင်းနှင့် လေ့လာမှုများအရ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ဆီးချိုသွေးချို ဖြစ်ပွားမှုနှုန်းမှာ နိုင်ငံလူဦးရေ၏ ၁၀ ဒသမ ၅ ရာခိုင်နှုန်းခန့်ရှိနေကြောင်း သိရ သည်။

အမျိုးသားများတွင် ရောဂါဖြစ်ပွားမှုမှာ ၉ ဒသမ ၁ ရာခိုင်နှုန်းခန့်ရှိ ပြီး အမျိုးသမီးများတွင် ၁၁ ဒသမ ၈ ရာခိုင်နှုန်း ဖြစ်ပွားနေကြောင်း၊ အမျိုးသားများတွင် ရောဂါဖြစ်ပွားမှုနှုန်းသည် ၂၅၊ ၃၄ နှစ် အုပ်စုတွင် ၃ ဒသမ ၆ ရာခိုင်နှုန်းရှိရာ အသက် ကြီးရင့်သည်နှင့်အမျှဖြစ်နှုန်းမြင့် သွားရာ ၅၅၊ ၆၄ နှစ်အုပ်စုတွင် ၁၉ ဒသမ ၅ ရာခိုင်နှုန်းအထိ မြင့်တက် လျက်ရှိကြောင်း၊ အမျိုးသမီးများတွင် ၂၅၊ ၃၄ နှစ်အုပ်စုတွင် ၄ ဒသမ ၅ ရာခိုင်နှုန်း၊ ၅၅၊ ၆၄ အုပ်စုတွင် ၂၃ ဒသမ ၇ ရာခိုင်နှုန်းအထိ မြင့်တက် လျက်ရှိကြောင်း သိရသည်။

ဆီးချိုသွေးချို ဖြစ်ပွားခါနီး ရောဂါအစပျိုးနေသည့် အခြေအနေ သည် တစ်နိုင်ငံလုံးတွင် ရာခိုင်နှုန်း ၂၀ နီးပါးခန့် ရှိနေခြင်းကြောင့် ရော ဂါဖြစ်ပွားသူဦးရေ ယခုထက်ပိုမိုလာ နိုင်ခြေရှိနေကြောင်းနှင့် သုတေသန တွေ့ရှိချက်များအရ မြန်မာနိုင်ငံတွင် ဆီးချိုသွေးချို ကာကွယ်ထိန်းချုပ် ရေးလုပ်ငန်းများကို နိုင်ငံအဆင့် အ ရှိန်ပြင်းပြင်းနှင့် တိုးချဲ့လုပ်ဆောင် ရန်လိုအပ်နေကြောင်း ကျန်းမာရေး ဆိုင်ရာသုတေသနပညာရှင်များက ပြောကြားသည်။

ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနနှင့် ဒိန်းမတ်အခြေစိုက် Novo Nordisk တို့ ပူးပေါင်း၍            ‘မြန်မာနိုင်ငံ ဆီးချိုသွေးချိုရောဂါ စောင့်ရှောက်ရေးအစီအစဉ် (Myanmar Diabetes Care Programme 2017-2020) ကို လုပ်ဆောင်နေကြောင်းနှင့် အစီအစဉ်တွင် ကလေးဆီးချို ဝေဒနာရှင်များကို ဆေးကုသပေးခြင်းနှင့် ပညာပေးခြင်း၊ အမျိုးအစား (၂) ဆီးချိုဝေဒနာရှင်များအတွက် ဆီးချို၊ သွေးချို ရောဂါ အထူးကုဌာနများ ဖွင့်လှစ်ခြင်း၊ ခရိုင်အဆင့်၊ မြို့နယ်အဆင့်များရှိ ကျန်းမာရေးဝန်ထမ်း ၂၀၀၀ ခန့်ကို မွေးထုတ်သင်ကြားပေးခြင်းနှင့် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ဆီးချိုသွေးချိုရောဂါ ဖြစ်ပွားမှု စစ်တမ်း ကောက်ယူခြင်းများကို စီမံကိန်းကာလ လေးနှစ်အတွင်း အကောင်အထည်ဖော် လုပ်ဆောင်သွားမည် ဖြစ်ကြောင်း သိရသည်။

 

Most Read

Most Recent