ကုန်ကြမ်းရှားပါးခြင်းနှင့် ဈေးနှုန်းမြင့်တက်ခြင်းကြောင့် အထက်ချင်းတွင်းဒေသရှိ ရှမ်းနီ ရိုးရာရက်ကန်း လုပ်ငန်းရှင်များ ရေရှည်ရပ်တည်ရန် ခက်ခဲလာ

ကုန်ကြမ်းရှားပါးခြင်းနှင့် ဈေးနှုန်းမြင့်တက်ခြင်းကြောင့် အထက်ချင်းတွင်းဒေသရှိ ရှမ်းနီ ရိုးရာရက်ကန်း လုပ်ငန်းရှင်များ ရေရှည်ရပ်တည်ရန် ခက်ခဲလာ
Published 15 October 2017

အထက်ချင်းတွင်းဒေသ ဟုမ္မလင်းမြို့နယ် ကက်သာကျေးရွာရှိ ရှမ်းနီ ရိုးရာရက်ကန်းရက်လုပ်နေသူ တစ်ဦးအား တွေ့ရစဉ် (ဓာတ်ပုံ - မဖေငြိမ်း)

ကုန်ကြမ်းရှားပါးခြင်းနှင့် ဈေးနှုန်းမြင့်တက်ခြင်းကြောင့် အထက်ချင်းတွင်းဒေသရှိ ရှမ်းနီရိုးရာ ရက်ကန်းလုပ်ငန်း လုပ်ကိုင်သူများ ရေရှည်ရပ်တည်ရန် ခက်ခဲလာကြောင်း သိရသည်။

ရှမ်းနီရိုးရာ ရက်ကန်းရက်လုပ်ရာတွင် အသုံးပြုသည့် မာစရိုက်ချည်ကို အိန္ဒိယနိုင်ငံမှ ဝယ်ယူရပြီး လမ်းပန်းဆက်သွယ်ရေး ခက်ခဲခြင်း၊ ဝယ်ယူခွင့် မကြာခဏ အပိတ်ခံရခြင်းတို့ကြောင့် ချည်များရှားပါးလာပြီး ဈေးနှုန်း မြင့်တက်လာသဖြင့် လုပ်ငန်းမကြာခဏ ရပ်နားနေရကြောင်း စစ်ကိုင်းတိုင်းဒေသကြီး ဟုမ္မလင်းမြို့နယ် ကက်သာကျေးရွာရှိ ရှမ်းနီရိုးရာ ရက်ကန်းလုပ်ငန်း လုပ်ကိုင်သူ ဒေါ်နန်းမွှေးခမ်းက ပြောကြားသည်။

“ဒီမှာ ရက်တာက တခြားရက်ကန်းတွေနဲ့ မတူဘူး။ ချည်ကြမ်းမသုံးဘဲ အိန္ဒိယကလာတဲ့ မာစရိုက်ချည်ပဲသုံးတာ။ မာစရိုက်ချည်က ဒီမှာရောင်းတဲ့ဆိုင်လည်း မရှိဘူး။ အိန္ဒိယနိုင်ငံက မိုးရေး၊ အင်ဖာဘက်ကိုမှာ ပြီးဝယ်ရတာ။ တစ်ခါတလေကျရင် ပိတ်ထားတဲ့အခါ ဝယ်လို့မရတော့ဘူး။ မှာတဲ့အခါလည်း လူကြုံရှိမှ မှာလို့ရတာဆိုတော့ အခုချိန်က ကားလမ်းလည်း မပေါက်သေးတဲ့အပြင် ပြီးခဲ့တဲ့လတွေက ပိတ်ထားတယ်။ ပြောလို့ ချည်တွေမှာလို့ မရဘူး။ ပြီးတော့ ဈေးတွေကလည်း တဖြည်းဖြည်းတက်လာတယ်။ ငါးခုပါတဲ့ ချည်တစ်ခင်ကို အရင်က ကျပ် ၅၀၀၀ ပဲပေးရပေမယ့် အခုနောက်ပိုင်း ကျပ် ၁၅၀၀၀ အထိပေးရတယ်။ ချည်ဈေးတွေ တက်ပေမယ့် လိုသလောက် ဝယ်လို့ရရင်တော့ အဆင်ပြေပါတယ်။ အခုတော့ ဈေးလည်းတက် ချည်ကလည်း မကြာခဏပြတ် ဆိုတော့ လုပ်ငန်းက မကြာခဏ နားနေရတယ်။ အထည်က ရက်ရင်ရက်သလောက် အကုန်လာဝယ်ကြပေမယ့် ချည်ကခဏခဏ ပြတ်နေတော့ စီးပွားရေးအနေနဲ့ လုပ်ဖို့ရေရှည်မှာ အခက်အခဲ ဖြစ်လာတယ်” ဟု ဒေါ် နန်းမွှေးခမ်းက ပြောကြားသည်။

ရှမ်းနီရိုးရာ ရက်ကန်းလုပ်ငန်း ရက်လုပ်ရာတွင် နှစ်နံစပ်ချိတ် အဆင်များကို ရက်လုပ်ခြင်းဖြစ်ကြောင်း သိရသည်။ ယခုအခါတွင် ရှမ်းနီရိုးရာ ရက်ကန်းလုပ်ငန်းကို လူငယ်များမှ စိတ်ဝင်စားမှု လျော့နည်းနေသဖြင့် ရေရှည်တွင် တိမ်မြုပ်ပျောက်ကွယ် သွားမည်ကို စိုးရိမ်နေရသည်။

“အခုချိန်မှာ နေ့စားအလုပ်ဆင်းရင် တစ်ရက်ကို ၅၀၀၀ လောက် ရနေကြတော့ တစ်နေရာတည်းမှာ အကြာကြီးထိုင်ပြီး လုပ်ရတဲ့ ရက်ကန်းကို မလုပ်ချင်ကြတော့ဘူး။ သင်ပေးရင်လည်း မသင်ချင်ကြဘူး။ အခုဆိုရင် ရက်ကန်းခတ်တဲ့ ကလေးတွေ ရွာထဲမှာ သိပ်မရှိတော့သလို ရက်ကန်းရက်တဲ့ အိမ်လည်း တဖြည်းဖြည်း ရှားလာပြီ။ ကြာလာရင် ကိုယ့်လူမျိုးရဲ့ ရိုးရာရက်ကန်း ရက်တတ်တဲ့လူ မရှိတော့မှာ စိုးရိမ်ရတယ်” ဟု ဒေါ်နန်းမွှေးခမ်းက ပြောကြားသည်။

“ရိုးရာရက်ကန်း လုပ်ငန်းပိုင်ရှင်တွေနဲ့ တွေ့ဆုံပြီး သူတို့ရဲ့ အခက်အခဲတွေကို တင်ပြခိုင်းမယ်။ ချည်တွေလိုသလောက် အလွယ်တကူ ဝယ်လို့ရနိုင်အောင် နားလည်တတ်ကျွမ်းတဲ့ လူတွေနဲ့ တိုင်ပင်ပြီး ကူညီသွားမယ်။ ပြီးတော့ ရိုးရာရက်ကန်းလုပ်ငန်း မတိမ်ကောဖို့နဲ့ အလုပ်အကိုင်အခွင့်အလမ်း ရရှိလာအောင် အသေးစား စက်မှုလက်မှုလုပ်ငန်းတွေနဲ့ ချိတ်ပြီးတော့ ရက်ကန်းနဲ့ စက်ချုပ်သင်တန်းကို မုံရွာမြို့မှာ ဒီဇင်ဘာ ၃၀ ရက်ကစပြီး ဖွင့်လှစ်သွားမယ်။ အဲဒီသင်တန်းကို ဒေသခံအမျိုးသမီး အသက် ၁၅ နှစ်နဲ့ ၃၅ နှစ် အကြား အခြေခံပညာ အလယ်တန်း အဆင့်အထိ တတ်ထားသူတွေကို ဦးစားပေးခေါ်ယူဖို့ စီစဉ်ထားတယ်။ သင်တန်းကာလမှာ နေထိုင်စားသောက်ဖို့ အဆင်ပြေအောင် စီစဉ်ပေးပြီး ထောက်ပံ့ကြေးကျပ် ၃၀၀၀၀ ပေးဖို့စီစဉ်ထားတယ်” ဟု စစ်ကိုင်းတိုင်းဒေသကြီး ရှမ်းတိုင်းရင်းသား ရေးရာဝန်ကြီး ဒေါ်နန်းမွှေးမွှေးခင်က ပြောကြားသည်။

ရှမ်းနီရိုးရာ ရက်ကန်းလုပ်ငန်းများကို စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်း ရှမ်းနီလူမျိုး အများဆုံးနေထိုင်ရာ ဟုမ္မလင်းမြို့နယ်အတွင်း တွင်ကျယ်စွာ လုပ်ကိုင်ခဲ့ကြသော်လည်း ယခုအခါ ရိုးရာရက်ကန်း လုပ်ကိုင်သူ နည်းလာပြီး ရက်လုပ်တတ်သူလည်း နည်းပါးလာကြောင်း သိရသည်။

Most Read

Most Recent