တနင်္သာရီမြို့၏ နှစ်ပေါင်း ၈၆၀ ကျော်သက်တမ်းရှိ ရိုးရာနဂါးလှေပွဲ ဆက်လက်ကျင်းပရန် အခက်အခဲရှိနေပြီး တိုင်းဒေသကြီးအစိုးရ၏ ကူညီဆောင်ရွက်မှု လိုအပ်နေကြောင်း သိရ

တနင်္သာရီမြို့၏ နှစ်ပေါင်း ၈၆၀ ကျော်သက်တမ်းရှိ ရိုးရာနဂါးလှေပွဲ ဆက်လက်ကျင်းပရန် အခက်အခဲရှိနေပြီး တိုင်းဒေသကြီးအစိုးရ၏ ကူညီဆောင်ရွက်မှု လိုအပ်နေကြောင်း သိရ
Published 15 October 2017

တနင်္သာရီမြစ်အတွင်း နှစ်စဉ်ကျင်းပသည့် နဂါးလှေလှော် ပွဲတော်တစ်ခု မြင်ကွင်း

တနင်္သာရီမြို့၏ နှစ်ပေါင်း ၈၆၀ ကျော် သက်တမ်းရှိ နဂါးလှေလှော်ပွဲတော်ကို ဆက်လက်ကျင်းပရန် အခက်အခဲရှိနေပြီး တိုင်းဒေသကြီး အစိုးရ၏ ကူညီဆောင်ရွက်ပေးရန် လိုအပ်နေကြောင်း သိရသည်။

အလွန်ရှေးကျပြီး အစဉ်အလာမပျက် ကျင်းပလာခဲ့သည့် တနင်္သာရီ မြို့နယ်မှ ရိုးရာနဂါးလှေလှော်ပွဲတော်မှာ ယခုနှစ်တွင် နှစ်ပေါင်း ၈၆၄ နှစ်ရှိပြီဖြစ်ပြီး တနင်္သာရီမြစ် အတွင်း နှစ်စဉ်ကျင်းပသည့် ပွဲတော်တစ်ခု ဖြစ်ကြောင်း သိရသည်။ ရှေးနှစ်ပေါင်းများစွာက မြန်မာမင်းများ၏ ရေခင်းသဘင်ပုံစံအဖြစ် ကျင်းပလာခဲ့သော်လည်း နောက်ပိုင်းတွင် နဂါးလှေများ တဖြည်းဖြည်း ရှားပါးလာကာ ယခုလက်ရှိတွင် တနင်္သာရီမြို့နယ်အတွင်း နဂါးလှေ ခြောက်စင်းသာ ကျန်တော့ကြောင်း သိရသည်။

တနင်္သာရီမြစ်ကြောင်း တစ်လျှောက်ရှိ ကျေးရွာတိုင်းနီးပါးတွင် တစ်ရွာလျှင် အနည်းဆုံးနဂါးလှေ တစ်စင်းစီ ပိုင်ဆိုင်ကြပြီး နဂါးလှေပွဲကို စည်ကားစွာ ကျင်းပနိုင်ခဲ့သော်လည်း ယခုအခါတွင် တနင်္သာရီမြို့ရှိ ချောင်းကြီးကျောင်း ကထိန်ပွဲနှင့်တွဲ၍ ကျင်းပနေရခြင်းဖြစ်ကြောင်း သိရသည်။

“အခုဆိုရင် နဂါးလှေနှင့် ပတ်သက်တဲ့ အခက်အခဲတွေ ကြုံတွေ့နေရတယ်။ သစ်တွေရှားလာတော့ နောက်ထပ် နဂါးလှေတစ်စင်း လုပ်ဖို့ဆိုတာ မလွယ်တော့ပါဘူး။ သစ်ရှားပါးလာတဲ့ အချက်တစ်ခုလည်း ပါဝင်တယ်။ ပြီးတော့ ရန်ပုံငွေ ဆိုတာကလည်း ဒီနေ့အထိ ကျင်းပလာရာမှာ တိုင်းဒေသကြီး အစိုးရ၊ ခရိုင်အစိုးရ ဘယ်အစိုးရဆီမှ အကူအညီဆိုတာ မရဖူးပါဘူး။ ကျွန်တော်တို့အနေနဲ့ ကိုယ်ထူ ကိုယ်ထစနစ်နဲ့ တက်ကျိုးရင် လက်ထိုးလှော်မယ်ဆိုတဲ့ စိတ်ဓာတ်တစ်ခု အပေါ်မှာ မူတည်ပြီး လုပ်ရတာပါ။ ကျွန်တော့်အနေနဲ့ ပြောချင်တာက ခရိုင်အဆင့်၊ တိုင်းဒေသကြီး အစိုးရမှ ပြည်ထောင်စုအဆင့်အထိ ကျွန်တော်တို့ကို ပစ်မထားဘဲ အစဉ်အလာကြီးတဲ့ ရိုးရာယဉ်ကျေးမှု တစ်ခုကို ဖော်ထုတ်ပေးပါ၊ ပူးပေါင်းပေးပါ၊ ညွှန်ကြားပေးပါလို့ ပြောကြားချင်ပါတယ်” ဟု နဂါးလှေတော်များ၏ ရာဇာဦးပေါက် ဦးသန်းစိုးဝင်းက ပြောကြားသည်။

နဂါးလှေလှော်ပွဲအား ယခင်ကလည်း ကိုယ်ထူကိုယ်ထ စနစ်ဖြင့် ကျင်းပလာခဲ့သော်လည်း ယခုအခါ ရန်ပုံငွေအင်အား နည်းပါးလာသည့်အတွက် လာမည့်နှစ်များတွင် ပိုမိုစည်ကားစွာ ကျင်းပနိုင်ရန်အတွက်   တိုင်းဒေသကြီး အစိုးရအနေဖြင့် ကူညီဆောင်ရွက်ပေးရန် လိုအပ်နေကြောင်း သိရသည်။

“ထားဝယ်မှာ ကျင်းပတဲ့ သပိတ်မျှောပွဲကို တိုင်းဒေသကြီးအစိုးရက ကူညီထောက်ပံ့မှုတွေ ဆောင်ရွက်ပေးတယ်လို့ သိရတယ်။ ဒီလိုအစဉ်အလာကြီးမားတဲ့ နဂါးလှေလှော်ပွဲကိုရော ကူညီထောက်ပံ့မှုတွေ မဆောင်ရွက်ပေးသင့်ဘူးလား။ နှစ်ပေါင်း ၈၆၀ ကျော်ရှိတဲ့ပွဲတော် တစ်ခုဆိုတာ မြန်မာနိုင်ငံ အနေထားမှာ အလွန်ကို ရှေးကျတဲ့ပွဲတော်တစ်ခု ဖြစ်နေပြီ။ ဒါကိုထိန်းသိမ်းပေးသင့်တယ်။ မြေတောင် မြှောက်ပေးသင့်ပါတယ်” ဟု တနင်္သာရီမြို့နယ်မှ ဒေသခံတစ်ဦးက ပြောကြားသည်။

 

Most Read

Most Recent