ရန်ကုန်၊ မန္တလေး၊ မြစ်ကြီးနား၊ ဖားကန့်နှင့် မြန်မာ-ထိုင်း နယ်စပ်မြို့များတွင် အိပ်ချ်အိုင်ဗွီဖြစ်ပွားနှုန်း အမြင့်ဆုံး ဖြစ်နေသည့်အတွက် ရောဂါတိုက်ဖျက်ရေး လုပ်ငန်းများ တိုးမြှင့်လုပ်ဆောင်

ရန်ကုန်၊ မန္တလေး၊ မြစ်ကြီးနား၊ ဖားကန့်နှင့် မြန်မာ-ထိုင်း နယ်စပ်မြို့များတွင် အိပ်ချ်အိုင်ဗွီဖြစ်ပွားနှုန်း အမြင့်ဆုံး ဖြစ်နေသည့်အတွက် ရောဂါတိုက်ဖျက်ရေး လုပ်ငန်းများ တိုးမြှင့်လုပ်ဆောင်
Published 15 October 2017

နယ်စည်းမခြား ဆရာဝန်အဖွဲ့ သာကေတ ဆေးခန်းတွင် ဆေးလာရောက်ယူနေသူများအား တွေ့ရစဉ် (ဓာတ်ပုံ-အိသဉ္ဇာကျော်)

ရန်ကုန်၊ မန္တလေး၊ မြစ်ကြီးနား၊ ဖားကန့်နှင့် မြန်မာ-ထိုင်းနယ်စပ် ထွက်ပေါက်မြို့များတွင် အိပ်ချ်အိုင်ဗွီ ဖြစ်ပွားနှုန်း အမြင့်ဆုံးဖြစ်နေသည့်အတွက် ယင်းနေရာများတွင် ရောဂါကာကွယ် တိုက်ဖျက်ရေးလုပ်ငန်းများ တိုးမြှင့်လုပ်ဆောင်နေကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ သိရသည်။

“အိပ်ချ်အိုင်ဗွီပိုး ကူးစက်ဖို့ အန္တရာယ်များတဲ့ ဦးတည်အုပ်စုတွေ ဖြစ်တဲ့ မူးယစ်ဆေး အကြောထဲထိုးသွင်းသူတွေ၊ အမျိုးသမီးလိင်လုပ်သားတွေ၊ အမျိုးသားချင်းလိင်တူ ဆက်ဆံသူတွေမှာ ရောဂါကူးစက်မှုနှုန်းက များတယ်။ နေရာဒေသအားဖြင့် ရန်ကုန်၊ မန္တလေး၊ မြစ်ကြီး နား၊ ဖားကန့်လို မြို့တွေနဲ့ မြန်မာ-ထိုင်း နယ်စပ်ထွက်ပေါက် မြို့တွေမှာ ရောဂါဖြစ်ပွားမှုနှုန်းက အမြင့်ဆုံးဖြစ်နေတယ်လို့ အိပ်ချ်အိုင်ဗွီကူး စက်ဖြစ်ပွားမှု အခြေအနေကို စောင့်ကြပ်ကြည့်ရှုခြင်း စစ်တမ်းတွေအရ သိထားပါတယ်။ ဆိုလိုတာက ကျွန်တော်တို့ရဲ့ ကာကွယ်တိုက်ဖျက်ရေး လုပ်ငန်းတွေကို ဒီနေရာ၊ ဒီအုပ်စုမှာ အထူး Target ထားပြီးလုပ်ဖို့ လိုပါတယ်။ ဒါကြောင့် အဲဒီအုပ်စုတွေမှာ ပါဝင်တဲ့သူတွေနဲ့ ပတ်သက်တဲ့ လုပ်ငန်းတွေ၊ အဖြစ်များတဲ့နေရာတွေမှာ ကျန်းမာရေး ဝန်ကြီးဌာနနဲ့ ပူးပေါင်းလုပ်ဆောင်နေတဲ့ မိတ်ဖက်အဖွဲ့အစည်းတွေက ပိုမိုအားဖြည့် လုပ်ဆောင်မှာ ဖြစ်ပါတယ်” ဟု ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

ခန့်မှန်းတွက်ချက်မှုများအရ ၂၀၁၆ ခုနှစ်အတွင်း မြန်မာနိုင်ငံတွင် အိပ်ချ်အိုင်ဗွီပိုး ကူးစက်ခံရသူအသစ်ပေါင်း ၁၁၁၄၉ ဦးခန့်ရှိပြီး နေ့စဉ် လူဦးရေ ၃၀ ခန့် ရောဂါကူးစက် ခံနေရကြောင်း၊ ၎င်းတို့အနက် ဦးတည် အုပ်စုများဖြစ်သည့် မူးယစ်ဆေး အကြောထဲ ထိုးသွင်းသူများတွင် ၂၉ ရာခိုင်နှုန်း၊ အမျိုးသမီးလိင်လုပ် သားများတွင် ခုနစ်ရာခိုင်နှုန်း၊ အမျိုး သားချင်းလိင်တူဆက်ဆံသူများတွင် ၁၃ ရာခိုင်နှုန်းနှင့် လိင်လုပ်သားများ ၏ အမျိုးသား လိင်ဆက်ဆံဖော်များတွင် ၂၃ ရာခိုင်နှုန်း အထိရှိနေပြီး ရောဂါပိုး ကူးစက်ခံသူအသစ် စုစုပေါင်း၏ ရာခိုင်နှုန်း ၉၀ ကျော်အထိ ရှိနေကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ တရားဝင် ထုတ်ပြန်ချက်အရ သိရသည်။

ခုခံအားကျဆင်းမှုကူးစက် ရောဂါတိုက်ဖျက်ရေးလုပ်ငန်းများ ဆောင်ရွက်ရန် အစိုးရ၏ ရန်ပုံငွေ ထည့်ဝင်မှုမှာ ၂၀၁၀-၂၀၁၁ ခုနှစ်တွင် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် နိုင်ငံတကာ အကူအညီ အပါအဝင် ခုခံအား ကျဆင်းမှု ကူးစက်ရောဂါ တိုက်ဖျက်ရေး အသုံးစရိတ်၏ သုံးရာခိုင်နှုန်းအောက်သာ ရှိခဲ့ရာမှ ၂၀၁၁-၂၀၁၂ ခုနှစ်မှစ၍ နှစ်စဉ် တိုးမြှင့်ခဲ့ရာ ၂၀၁၄-၂၀၁၅ ဘဏ္ဍာ နှစ်တွင် ၁၂ ရာခိုင်နှုန်းအထိ တိုးမြှင့်ခဲ့ကြောင်း၊ ၂၀၁၅-၂၀၁၆ ဘဏ္ဍာ နှစ်တွင် အေအာရ်တီဆေးကုသ ရေးလုပ်ငန်းအတွက် ဆေးနှင့် ဆေးပစ္စည်းများ ဝယ်ယူဖြည့်တင်းရန် အမေရိကန်ဒေါ်လာ ငါးသန်းနှင့် မူးယစ်ဆေးအစားထိုး မက်သာဒုန်းဆေး တိုက်ကျွေးရေး လုပ်ငန်းများ ဆောင်ရွက်ရန် အမေရိကန်ဒေါ်လာ တစ်သန်း ရန်ပုံငွေခွဲေ၀ ချထားပေးပြီးဖြစ်ကြောင်း သိရသည်။

ခန့်မှန်းတွက်ချက်မှုအရ ပြည်တွင်း၌ မူးယစ်ဆေး အကြောထဲထိုးသွင်းသူ ၈၃၀၀၀ ခန့်ရှိပြီး ၎င်းမူးယစ်ဆေး အကြောထဲထိုးသွင်းသူများအကြား အိပ်ချ်အိုင်ဗွီပိုး ကူးစက်ခံရမှုအန္တရာယ် လျှော့ချရေးအတွက် တစ်ခါသုံး ဆေးထိုးအပ်၊ ဆေးထိုးပြွန်များ ဖြန့်ဝေခြင်းနှင့် ၂၀၁၆ ခုနှစ် အောက်တိုဘာအထိ မူးယစ်ဆေး အကြောထဲ ထိုးသွင်းသူ ၁၂၀၀၀ ကျော်အား မူးယစ်ဆေးအစားထိုး မက်သာဒုန်းဆေး တိုက်ကျွေးခြင်း လုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ မြန်မာနိုင်ငံသည် အာရှပစိဖိတ် ဒေသတွင်းနိုင်ငံများအကြား ရှေ့ပြေး နိုင်ငံတစ်ခုအဖြစ် ဦးဆောင်လျက်ရှိကြောင်း သိရသည်။

ဝန်ကြီးဌာန အနေဖြင့် လက်ရှိအခြေအနေနှင့် လိုက်လျောညီထွေ ဖြစ်စေရန်အတွက် ခုခံအား ကျဆင်းမှု ကူးစက်ရောဂါ တိုက်ဖျက်ရေး လုပ်ငန်းများ လုပ်ဆောင်ရာတွင် အမှန်တကယ် လိုအပ်သည့် နေရာဒေသ၊ အမှန်တကယ် လိုအပ်နေသူများအတွက် ဝန်ဆောင်မှုများ လက်လှမ်းမီရရှိနိုင်ရန် ဆောင်ရွက်သွားမည်ဖြစ်ပြီး အရင်းအမြစ်များကို ထိရောက်စွာ အသုံးချနိုင်မည့် နည်းလမ်းများ အသုံးပြုသွားမည် ဖြစ်ကြောင်း သိရသည်။

 

Most Read

Most Recent