ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီအနေဖြင့် စက်မှုကဏ္ဍတွင် စင်ကာပူ၊ တရုတ်နှင့် ဟောင်ကောင်တို့မှ လုပ်ငန်းခြောက်ခုအား အတည်ပြုမိန့်ထုတ်ပေးခဲ့ပြီး ဒေါ်လာကိုးသန်းကျော် ဝင်ရောက်မြှုပ်နှံထား

ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီအနေဖြင့် စက်မှုကဏ္ဍတွင် စင်ကာပူ၊ တရုတ်နှင့် ဟောင်ကောင်တို့မှ လုပ်ငန်းခြောက်ခုအား အတည်ပြုမိန့်ထုတ်ပေးခဲ့ပြီး ဒေါ်လာကိုးသန်းကျော် ဝင်ရောက်မြှုပ်နှံထား
Published 15 October 2017

အောက်တိုဘာ ၁၁ ရက်တွင် ပြုလုပ်သော ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ အစည်းအဝေးကို တွေ့ရစဉ် (ဓာတ်ပုံ-DICA)

၂၀၁၇ ခုနှစ် အောက်တိုဘာ ၁၁ ရက်အထိ ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီအနေဖြင့် စက်မှုကဏ္ဍတွင် စင်ကာပူ၊ တရုတ်နှင့် ဟောင်ကောင်တို့မှ လုပ်ငန်းခြောက်ခုအား အတည်ပြုမိန့်ထုတ်ပေးခဲ့ပြီး စုစုပေါင်းဒေါ်လာ ကိုးသန်းကျော်အထိ ရင်းနှီးမြှုပ်နှံခွင့်ပြုလိုက်ကြောင်း သိရသည်။

ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၄/၂၀၁၇) ကြိမ်မြောက် အစည်းဝေးကို အောက်တိုဘာ ၁၁ ရက်က ရန်ကုန်မြို့ရှိ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး၌ ပြုလုပ်ခဲ့သည်။

အစည်းအဝေးသို့ ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီဥက္ကဋ္ဌ၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း တက်ရောက်ပြီး ရန်ကုန်တိုင်းဒေသကြီးအတွင်း ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ အဆင်ပြေချောမွေ့စေရေးအတွက် ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကို ဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။

အဆိုပါ အစည်းအဝေးတွင် ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီသည် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုဥပဒေနှင့်အညီ ရန်ကုန်တိုင်းဒေသကြီးအတွင်း ဆောင်ရွက်မည့် ဖက်စပ်နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု လုပ်ငန်းတစ်ခုအား အတည်ပြုပေးခဲ့ကြောင်း၊ အဆိုပါလုပ်ငန်း၏ ရင်းနှီးမြှုပ်နှံမှုပမာဏမှာ ဒေါ်လာ သုည ဒသမ ၇၆၇ သန်းဖြစ်ပြီး အလုပ်အကိုင်အခွင့်အလမ်း ၁၀၀၂ ဦးအတွက် ဖန်တီးပေးနိုင်မည်ဖြစ်ကြောင်း သိရသည်။

လက်ရှိအချိန်၌ ပြည်နယ်နှင့် တိုင်းဒေသကြီးများအလိုက် ဖွဲ့စည်းထားသည့် ရင်းနှီးမြှုပ်နှံမှုကော်မတီများမှလည်း ပြည်နယ်နှင့်တိုင်း ဒေသကြီးအလိုက် တင်ပြလာသည့် ရင်းနှီးမြှုပ်နှံမှုများကို စတင်ခွင့်ပြုပေးလျက်ရှိကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဆန်းမြင့်က ပြောကြားသည်။

“ရင်းနှီးမြှုပ်နှံမှုပမာဏတွေကို ခွင့်ပြုတဲ့နေရာမှာ ကော်မရှင်အနေနဲ့ ခွင့်ပြုမိန့်၊ အတည်ပြုမိန့်ပေးသလိုပဲ တိုင်းနဲ့ပြည်နယ် ရင်းနှီးမြှုပ်နှံမှုကော်မရှင်တွေကလည်း ခွင့်ပြုမိန့်၊ အတည်ပြုမိန့်တွေစပြီး ထုတ်ပေးနေပါပြီ” ဟု ၎င်းက ဆက်လက်ပြောကြားသည်။

၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်အတွင်း ပြည်နယ်နှင့်တိုင်းဒေသကြီးများအလိုက် ရင်းနှီးမြှုပ်နှံမှု ဝင်ရောက်ခဲ့မှုများကို လေ့လာကြည့်ပါက ကချင်၊ ကယား၊ ချင်း၊ ရခိုင်နှင့် မကွေးတိုင်းဒေသကြီးများတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဝင်ရောက်ခဲ့ခြင်းမရှိသော်လည်း နိုင်ငံသားရင်းနှီးမြှုပ်နှံမှုအနေဖြင့် ဝင်ရောက်လုပ်ကိုင်မှုများရှိသည်။

၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ် ဧပြီလမှ စက်တင်ဘာလအထိ ခြောက်လအတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဝင်ရောက်ခဲ့သည့် ပြည်နယ်နှင့် တိုင်းဒေသကြီးများမှ ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ နေပြည်တော်ကောင်စီ၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်၊ တနင်္သာရီတိုင်းဒေသကြီး၊ ကရင်ပြည်နယ်နှင့် ဧရာဝတီတိုင်းဒေသကြီး တို့ဖြစ်ကြောင်း သိရသည်။

 

Most Read

Most Recent