အကြွေးမပေးနိုင်၍ သူငယ်ချင်းဖြစ်သူအားသတ်မှု တောင်ကြီးမြို့တွင် ဖြစ်ပွား

အကြွေးမပေးနိုင်၍ သူငယ်ချင်းဖြစ်သူအားသတ်မှု တောင်ကြီးမြို့တွင် ဖြစ်ပွား
Published 14 October 2017

အကြွေးမပေးနိုင်သဖြင့် သူငယ်ချင်းဖြစ်သူကို ပြန်သတ်မှု တောင်ကြီးမြို့တွင် ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

ဖြစ်စဉ်မှာရှမ်းပြည်နယ် တောင်ကြီးမြို့ ရှမ်းပြည်နယ်လွှတ်တော်တွင် တာဝန်ထမ်းဆောင်နေသော ဝန်ထမ်းများဖြစ်သော ဦးစိုးမင်းအောင်နှင့် ညီညီထွန်းတို့ သူငယ်ချင်းနှစ်ဦးသည် ငွေကြေးချေးထားပြီး အကြွေးမပေးနိုင်သဖြင့် သူငယ်ချင်းကို အကြွေးဆပ်မည်ဟု ခေါ်ကာ ရွှေဘုန်းပွင့်ဘုရားအတက်လမ်းတွင် ဓားဖြင့်ထိုးသတ်ခဲ့ခြင်းဖြစ်ကြောင်း ရဲစစ်ချက်များအရ သိရသည်။

အောက်တိုဘာ ၁၂ ရက်က တောင်ကြီးမြို့ ရွှေဘုန်းပွင့်ဘုရားအတက်လမ်း ယာဘက်လမ်းဘေးလမ်းကြားတွင် လူသေအလောင်းတစ်လောင်း တွေ့ရှိထားသည်ဟု တောင်ကြီးဆေးတက္ကသိုလ်ဝန်ထမ်း ဦးချမ်းငြိမ်းက ဖုန်းဖြင့်အကြောင်းကြားလာသဖြင့် တောင်ကြီးမြို့မစခန်းမှူး၊ နယ်ထိန်းနှင့် အုပ်ချုပ်ရေးမှူးတို့သည် အခင်းဖြစ်ရာနေရာသို့ သွားရောက်ကြည့်ရှုရာ ဆိုင်ကယ်လိမ္မော်နက်ကြားရှေ့တွင် အမျိုးသားတစ်ဦး မှောက်လျက် အနေအထားဖြင့် ထိုးသွင်းဒဏ်ရာများ ရရှိကာ သေဆုံးနေသည်ကို တွေ့ရသဖြင့် အလောင်းအား ကြည့်ရှုစစ်ဆေးရာ တောင်ကြီးနယ်မြေရဲစခန်း၏ လူပျောက်အမှတ်စဉ် (၁၁/၂၀၁၇) အမှုမှ ပျောက်ဆုံးနေသော စိုးမင်းအောင် (၂၈ နှစ်) ရှမ်းပြည်နယ် လွှတ်တော်ရုံး၊ အကြီးတန်းစာရေး၊ ထွေအုပ်ဝန်ထမ်းအိမ်ရာ၊ မင်္ဂလာဦးရပ်ကွက်၊ တောင်ကြီးမြို့ နေထိုင်သူဖြစ်ကြောင်း စိစစ်တွေ့ရှိရသဖြင့် တရားခံကို အမြန်ဆုံးဖမ်းဆီးရမိရေး ဆောင်ရွက်ရာ သေဆုံးသူစိုးမင်းအောင် လူပျောက်တိုင်ချက်မဖွင့်မီ နောက်ဆုံးသွားလာခဲ့သူများအား စုံစမ်းခဲ့ရာ တစ်ရုံးတည်း အလုပ်လုပ်ကိုင်သူ ညီညီထွန်း (၂၆ နှစ်) ရှမ်းပြည်နယ် လွှတ်တော်ရုံး၊ အုပ်ချုပ်ထောက်ပံ့ဌာန၊ အငယ်တန်းစာရေး၊ တောင်ကြီးမြို့နေသူအား အောက်တိုဘာ ၁၂ ရက် ည ၁၀ နာရီတွင် ၎င်းနေအိမ်၌ ဖမ်းဆီးရမိခဲ့ပြီး စစ်ဆေးရာ အောက်တိုဘာ ၁၀ ရက် မွန်းလွဲ ၃ နာရီတွင် တရားခံ ညီညီထွန်းက သေဆုံးသူ စိုးမင်းအောင်အား အကြွေး ၁၄ သိန်းပေးရန်ရှိသဖြင့် အခင်းဖြစ် နေရာသို့ချိန်းဆို၍ ပြစ်မှုကျူးလွန်ခဲ့ခြင်းဖြစ်ကြောင်း စစ်ဆေးပေါ်ပေါက်ပြီး ပြစ်မှုကျူးလွန်ရာတွင် အသုံးပြုခဲ့သည့် သက်သေခံဓားနှင့် သေဆုံးသူ၏ လက်ကိုင်ဖုန်းတို့အား တောင်ကြီးမြို့ ကျောင်းကြီးစုရပ်ကွက် ဂနိုင်ကန်အတွင်းသို့ ပစ်ချခဲ့ကြောင်း ရဲမှတ်တမ်းများအရ သိရသည်။

“ဖြစ်စဉ်က အကြွေးပေးမယ်လို့ ခေါ်ပြီးတော့ အကြွေးမပေးဘဲနဲ့ ခေါ်သတ်ပစ်လိုက်တာ။ ဝန်ထမ်းအချင်းချင်း ဖြစ်တာပေါ့။ အကြွေးက ၁၄ သိန်း။ ဖြစ်စဉ်က ၁၀ ရက်နေ့ မွန်းလွဲ ၃ နာရီလောက်မှာဖြစ်တာ။ ၁၁ ရက်နေ့မှာ တောင်ကြီးမြို့မရဲစခန်းမှာ လူပျောက်မှု တိုင်ချက်ဖွင့်ထားတာရှိတယ်။ တရားလိုကို မေးမြန်းရင်းနဲ့ တရားခံကိုဖမ်းမိတယ်။ သူက နဂိုကတည်းက ဓားယူလာတယ်။ ကြိုတင်ဆုံးဖြတ်ပြီးသားလို့ ယူဆရတယ်။ ဟိုကတော့ မထင်ဘူးလေ။ မထင်တော့ အလစ်အငိုက် မိသွားတာပေါ့။ ဖြစ်စဉ်အမှန်ကို တရားရုံးမှာ ဖြောင့်ချက်ပေးမယ်။ အခုတော့ သက်သေခံပစ္စည်း ဓားကိုရှာဖွေနေတယ်။ ဓားနဲ့အတူ တရားရုံးမှာ ဖြောင့်ချက်ပေးသွားမယ်” ဟု တောင်ကြီးမြို့မရဲစခန်းမှူး ဒုရဲမှူးမျိုးဦးက ပြောကြားသည်။

အဆိုပါဖြစ်စဉ်အား တောင်ကြီးမြို့မ ရဲစခန်းက (ပ) ၈၉၃/၂၀၁၇ ရာဇသတ်ကြီးပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့် စစ်ဆေးလျက်ရှိကြောင်း သိရသည်။

Most Read

Most Recent