မန္တလေးမြို့ ကျုံးပတ်လည်တွင် ဝိုင်းဖွဲ့အရက်သောက်စားသူများကို အထူးစီမံချက်ဖြင့် အရေးယူခဲ့ရာ ၁၇၈ ဦးအနက် ၆၅ ဦးအား ထောင်ဒဏ်ခုနစ်ရက်စီ ချမှတ်

မန္တလေးမြို့ ကျုံးပတ်လည်တွင် ဝိုင်းဖွဲ့အရက်သောက်စားသူများကို အထူးစီမံချက်ဖြင့် အရေးယူခဲ့ရာ ၁၇၈ ဦးအနက် ၆၅ ဦးအား ထောင်ဒဏ်ခုနစ်ရက်စီ ချမှတ်
Published 14 October 2017

မန္တလေးမြို့ကျုံးပတ်လည်တွင် ဝိုင်းဖွဲ့အရက်သောက်စားသူများကို အထူးစီမံချက်ဖြင့် အရေးယူရာ ၁၇၈ ဦးအနက် ၆၅ ဦးကို ထောင်ဒဏ်ခုနစ်ရက်ချမှတ်ခဲ့ကြောင်း အောင်မြေသာစံမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးမှ သတင်းရရှိသည်။

အောက်တိုဘာ ၇ ရက် ညပိုင်းမှစတင်ပြီး မန္တလေးမြို့ အရှေ့ကျုံး (၆၆ လမ်း)၊ အနောက်ကျုံး (လမ်း၈၀)၊ တောင်ဘက်ကျုံး (၂၆ ဘီလမ်း) နှင့် မြောက်ဘက်ကျုံး (၁၂ လမ်း) စသည့် ကျုံးလေးဘက်တွင် အရက်ဝိုင်း ဖွဲ့သောက်စားနေသူများကို မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့ပါဝင်သော ခရိုင်၊ မြို့နယ်အလိုက် သက်ဆိုင်ရာရဲစခန်းများက အရေးယူမှု စတင်ခဲ့ရာ ကျုံးပတ်လည်တွင် ၁၇၈ ဦး အထိ ဖမ်းဆီးရမိခဲ့ပြီး သက်ဆိုင်ရာမြို့နယ်အလိုက် တရားစွဲတင်ခဲ့ကြောင်း သိရသည်။

ထိုသို့မြို့နယ်အလိုက် အသီးသီး တရားစွဲတင်ခဲ့ရာ ကျုံးပတ်လည်တွင် ဖမ်းဆီးရမိသူများကို အောင်မြေသာစံမြို့နယ်တရားရုံးမှ အောက်တိုဘာ ၉ ရက်တွင် ၅၉ ဦးကို ငွေဒဏ် ကျပ် ၅၀၊ အောက်တိုဘာ ၁၀ ရက်တွင် ၅၄ ဦးကို ငွေဒဏ် ကျပ် ၅၀၊ အောက်တိုဘာ ၁၁ ရက်တွင် ၃၉ ဦးကို ထောင်ဒဏ်ခုနစ်ရက်၊ အောက်တိုဘာ ၁၂ ရက်တွင် ၂၆ ဦးကို ထောင်ဒဏ်ခုနစ်ရက် ချမှတ်ခဲ့သည်ဟု သိရသည်။

“ကျုံးပတ်လည် အရက်သောက်စားနေမှုတွေကို အရေးယူဖို့အတွက် လွန်ခဲ့တဲ့နှစ်လကတည်းက ပညာပေးအနေနဲ့ စတင်ခဲ့ပါတယ်။ ဒါပေမဲ့ လိုက်နာမှုမရှိဘဲ ပိုပြီးများပြားလာခဲ့ပါတယ်။ ဒီကြားထဲ ကျုံးဘေးရန်ဖြစ်ပြီး လူသေစေခဲ့တဲ့အထိ ဖြစ်သွားပါတယ်။ ဒီလူသေလို့မဟုတ်ဘဲ ကျုံးဘေးလို အများပြည်သူ အပန်းဖြေတဲ့နေရာကို သောက်စားမူးရစ် ရမ်းကားခွင့်မရှိဘူး။ ဒါကြောင့် ညစဉ်စစ်ဆေး အရေးယူသွားမှာ ဖြစ်ပါတယ်။ ရဲတပ်ဖွဲ့အနေနဲ့ကတော့ ရဲအက် ၄၇ နဲ့ပဲ တရားစွဲတင်ခဲ့တာဖြစ်ပြီး ငွေဒဏ်ချသည်ဖြစ်စေ၊ ထောင်ဒဏ်ချသည်ဖြစ်စေ တရားရုံးရဲ့ အမိန့်ဖြစ်ပါတယ်” ဟု အောင်မြေသာစံမြို့နယ် ရဲတပ်ဖွဲ့မှူး (ခေတ္တ) ဒုရဲမှူးခင်မောင်လွင်က ပြောကြားခဲ့သည်။

မန္တလေးကျုံးပတ်လည်သာမက လူအများစု အရက်ဝိုင်းဖွဲ့သောက်တတ်သည့် နေရာများဖြစ်သော ပြည်ကြီးတံခွန်မြို့နယ် တံခွန်တိုင်အဝိုင်း၊ ၇၃လမ်း (ငွေတော်ကြည်ကုန်း) စသည့်နေရာများတွင်လည်း ဖမ်းဆီး အရေးယူမှုများရှိကြောင်း သိရသည်။

မန္တလေးမြို့တွင် အောက်တိုဘာ ၇ ရက် နံနက် ၁ နာရီခန့်က ကျုံးအရှေ့ဘက် (၆၆ လမ်း) ၂၄ လမ်းနှင့် ၂၆ လမ်းကြား ပလက်ဖောင်းတွင် အရက်ထိုင်သောက်နေသည့်လူငယ်သုံးဦးကို ၁၃ ဦးခန့်ရှိသော လူအုပ်စုမှ သံပိုက်တုတ်များဖြင့် ဝိုင်းဝန်းရိုက်နှက်မှု ဖြစ်ပွားခဲ့ရာ တစ်ဦးသေဆုံးပြီး နှစ်ဦးဒဏ်ရာ ရှိခဲ့ကြောင်း သိရသည်။

Most Read

Most Recent