ကျမ်းပြုစာဆို ကျီးသဲလေးထပ် ဆရာတော်ဘုရားကြီး နှစ် ၂၀၀ ပြည့် ဝိဇာတအထိမ်းအမှတ် ကျမ်းဂန်များ အာဂုံဆောင်ခြင်း၊ စတုဒိသာများ ကျွေးမွေးခြင်းတို့ဖြင့် စည်ကားစွာ ကျင်းပပြုလုပ်

ကျမ်းပြုစာဆို ကျီးသဲလေးထပ် ဆရာတော်ဘုရားကြီး နှစ် ၂၀၀ ပြည့် ဝိဇာတအထိမ်းအမှတ် ကျမ်းဂန်များ အာဂုံဆောင်ခြင်း၊ စတုဒိသာများ ကျွေးမွေးခြင်းတို့ဖြင့် စည်ကားစွာ ကျင်းပပြုလုပ်
Published 13 October 2017

ကျီးသဲလေးထပ် ဆရာတော်ဘုရားကြီး နှစ် ၂၀၀ ပြည့် ဝိဇာတအထိမ်းအမှတ်အဖြစ် ကျမ်းဂန်များ အာဂုံဆောင်ခြင်း၊ စတုဒိသာများ ကျွေးမွေးခြင်းတို့ကို ပဲခူးတိုင်းဒေသကြီး (အနောက်ပိုင်း)၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်၊ ကျီးသဲတိုက်နယ်တွင် စည်ကားစွာ ပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ အထိမ်းအမှတ် အခမ်းအနားများကို အောက်တိုဘာလ ၁၃ ရက်က ရွာသာရွာ၊ စံပြကျီးသဲလေးထပ် ပဋိကတော်မဟာပြတိုက်၊ ရွာသာရွာကျောင်းတိုက်၊ နှင့် ကျီးသဲလေးထပ် ဆရာတော်ဘုရားကြီး ပညာသင်ကြားခဲ့ရာ နေရာများတွင် ဆရာတော်သံဃာတော်များ၊ ဒေသံများနှင့် ပူးပေါင်းကာ ပြုလုပ်ခဲ့ကြခြင်း ဖြစ်သည်။

“ ဦးဇင်းတို့က ကျေးရွာကရှိတဲ့ ဒကာ ဒကာမတွေနဲ့ စုပေါင်းပြီးတော့ တတ်နိုင်သလောက် လောလောဆယ်မှာ ထိန်းသိမ်းနေဆဲပဲ ဒီကိုနောက်နှစ်တွေ နောက်နှစ်တွေမှာလည်း ကျယ်ပြန့်စေချင်တယ်၊ ဒီလိုမျိုး အခမ်းအနားတွေ ကျယ်ပြန်စေချင်တယ်၊ ဒီကျမ်းစာတွေကိုလည်း ကမ္ဘာသိအောင် ပြန့်စေချင်တယ်၊ နိုင်ငံတော်ကလည်း အသိအမှတ်ပြုပေးစေချင်တယ်၊ သူတို့ ပြုစုပေးမယ်ဆို ဦးဇင်းတို့ဘက်က လိုက်လျောပေးနိုင်တယ်၊ သူတို့ ဘယ်လောက် ထိန်းသိမ်းစောင့်ရှောက်ပေးနိုင်မလဲပေါ် မူတည်ပြီး ဦးဇင်းတို့ ဒကာ ဒကာမတွေဘက်က ဖြည့်ဆည်းပေးနိုင်မယ်လို့ ဦးဇင်းတို့ မျှော်လင့်ပါတယ်၊ အဲလိုဆိုရင်တော့ ကိုယ့်အမျိုးဘာသာ သာသနာကို ကိုယ့်ဒေသက ဒကာ ဒကာမတွေ သယ်ပိုးထမ်းရွက်နေသလို အစိုးရကလည်း ဝိုင်းဝန်းကူညီ ပံ့ပိုးမယ်ဆိုရင်တော့ အတိုင်းထက်အလွန် ဖြစ်သွားမယ်၊ အဲလို ဦးဇင်းတို့ မျှော်မှန်းပါတယ်” ဟု ခန္တီရိပ်သာကျောင်းတိုက် ဦးသြဘာသ ကမိန့်ကြားသည်။

ယင်းအခမ်းအနားတွင် ဆရာတော် သံဃာတော်များက တရားဟောကြားခြင်း၊ ကျီးသဲလေးထပ် ဆရာတော်ဘုရားကြီး ထေရုတ္ပတ္တိဖတ်ကြားခြင်း၊ ဆရာတော်ဘုရားကြီး၏ ထင်ရှားသည့်ကျမ်းကို အာဂုံဆောင်ခြင်း၊ ဝတ်ရွတ်ခြင်း၊ ပြတိုက်အတွင်း ထိန်းသိမ်းထားရှိသည့် ကျမ်းများကို အများပြည်သူများ ကြည့်ရှုလေ့လာပူဇော်နိုင်ရန် ပြသထားခြင်း၊ အနီးနားကျေးရွာ ငါးရွာမှ ခုနှစ်နေရာခွဲကာ စတုဒိသာများ ကျွေးမွေးခြင်းတို့ကို ပြုလုပ်ခဲ့ပြီး ညအထူးတရားပွဲများလည်း ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။

“ဆရာတော်ဘုရားကြီးက ငယ်စဉ်ကတည်းက သူ့ရဲ့ပါရမီအရ ဆယ့်ခြောက်နှစ်သားအရွယ်မှာ မဟာသာရပျို့ကို ရေးသားခဲ့တယ်၊ နောက်ပိုင်းမှာလည်း ဇိနတ္ထပကာသနီကျမ်း၊ စွယ်စုံကျော်ထင်ကျမ်းတို့ကို ရေးသားခဲ့တယ်၊ ဒီကျမ်းမျိုးတွေက တော်တော်ကို ရှားရှားပါးပါး ဖြစ်သွားပြီ၊ ဒီစာအုပ်တွေက ကျွန်တော်တို့ဆီမှာ မူရင်းတွေရှိပါတယ်၊ ဒါကိုတွေ ရေရှည်တည်တံ့ ခိုင်မြဲအောင် ဆက်လက်ပြီး ထိန်းသိမ်းချင်ပါတယ်၊ ဆရာကြီး သခင်ကိုယ်တော်မှိုင်းဆိုရင်လည်း ဆရာတော်ကြီးရဲ့တပည့်ဖြစ်တယ်၊ ဆရာ သခင်ကိုယ်တော်မှိုင်း ထင်ရှားသလို ဆရာတော်ကြီး ပေစာပုရပိုက်တွေ ပြတိုက်မှာ အများကြီး ရေးသားထားပါတယ်၊ ဒါကို မြန်မာမှာတင်မက ကမ္ဘာကလည်း သိအောင် ရွာသာစံပြမှာရှိတဲ့ ပြတိုက်ကို ကမ္ဘာလှည့်ခရီးသွားတွေ လာနိုင်အောင် အစိုးရအနေနဲ့ လုပ်ပေးနိုင်ရင် ပိုကောင်းပါတယ်” ဟု ကျီးသဲလေးထပ် မဟာပြတိုက် ဂေါပကအဖွဲ့ဝင် တစ်ဦးဖြစ်သူ ဦးကျော်လင်း ကပြောသည်။

ကျီးသဲလေးထပ် ဆရာတော်ဘုရားကြီးအား တရားသူကြီးခုံတော် ဦးအောင်မင်း၊ ဒေါ်ဂျမ်းတို့မှ မြန်မာသက္ကရာဇ် ၁၁၇၉ ခုနှစ်၊ သီးတင်းကျွတ်လပြည်ကျော် (၈) ရက်၊ (၂.၁၀.၁၈၁၇) ခုနှစ်တွင် ရွှေတောင်မြို့၊ ကျီးသဲ၊ ရှမ်းတန်းလေးရပ်၌ မီးရှုးသန့်စင် ဖွားမြင်ခဲ့ပြီး သစ်နီတောကျောင်းတိုက်ဆရာတော်ထံတွင် ပညာသင်ကြားခဲ့ကာ ယင်းကျောင်းတိုက်တွင်ပင် သာမဏေပြုခဲ့ပြီး ရဟန်းဘဝ၊ ဆရာတော်ဘဝသို့ အဆင့်ဆင့် ကူးပြေားခဲ့ပြီး မြန်မာနိုင်ငံတွင် သာသနာပြုလုပ်ငန်းများ၊ စာပေကျမ်းဂန်၊ ပျို့လင်္ကာများ ရေစပ်ခြင်းတို့ကို ကြိုးစားအားထုတ်ကာ (၁၇.၁၀.၁၈၉၄) ခုနှစ်တွင် ကျီးသဲလေးထပ် ဗိုလ်ရုံကျောင်းတိုက်တွင် ပျံလွန်တော်မူခဲ့ကြောင်း သိရသည်။

Most Read

Most Recent