ရခိုင်ပြည်နယ် အရေးနှင့်ပတ်သက်ပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် တပ်ပိုင်းဆိုင်ရာ ဆောင်ရွက်မှုများအပေါ် ပေးအပ်သည့် တာဝန်ဝတ္တရားများအတိုင်း ဆောင်ရွက်ခြင်း ရှိ၊ မရှိ စစ်ဆေးလျက်ရှိနေကြောင်း တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့က ထုတ်ပြန်

ရခိုင်ပြည်နယ် အရေးနှင့်ပတ်သက်ပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် တပ်ပိုင်းဆိုင်ရာ ဆောင်ရွက်မှုများအပေါ် ပေးအပ်သည့် တာဝန်ဝတ္တရားများအတိုင်း ဆောင်ရွက်ခြင်း ရှိ၊ မရှိ စစ်ဆေးလျက်ရှိနေကြောင်း တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့က ထုတ်ပြန်
Published 13 October 2017

ရခိုင်ပြည်နယ်အရေးနှင့် ပတ်သက်ပြီး နယ်မြေတည်ငြိမ်အေးချမ်းမှု ထိန်းသိမ်းရေးလုပ်ငန်းများ ဆောင်ရွက်စဉ်ကာလအတွင်း လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် တပ်ပိုင်းဆိုင်ရာ ဆောင်ရွက်မှုများအပေါ် ပေးအပ်သည့် တာဝန်ဝတ္တရားများအတိုင်း ဆောင်ရွက်ခြင်းရှိ၊ မရှိ လိုအပ်သည့် စုံစမ်းစစ်ဆေး ဆောင်ရွက်မှုများကို စုံစမ်းစစ်ဆေးရေးအဖွဲ့ဖြင့် စစ်ဆေးလျက်ရှိနေကြောင်း တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့က အောက်တိုဘာ ၁၂ ရက် ညပိုင်းက သတင်းထုတ်ပြန် ပြောကြားခဲ့သည်။

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်၊ မောင်တော၊ ရသေ့တောင်မြို့နယ်များအတွင်း ၂၀၁၇ ခုနှစ် သြဂုတ် ၂၅ ရက်တွင် တပ်ရင်းဌာနချုပ် တစ်ခု၊ ရဲကင်းစခန်း ၃၀ တို့ကို ARSA အစွန်းရောက် ဘင်္ဂါလီအကြမ်းဖက်အဖွဲ့က တစ်ချိန်တည်း၊ တစ်ပြိုင်နက်တည်း တိုက်ခိုက်ခဲ့ပြီး ပြည်သူများ၏ အကျိုးစီးပွားနှင့် နယ်မြေတည်ငြိမ်အေးချမ်းရေး ထိခိုက်လာသည့်အတွက် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၃၄၁ အရသော်လည်းကောင်း၊ နိုင်ငံတော်အစိုးရမှ စစ်ဆင်ရေးနယ်မြေအဖြစ် သတ်မှတ်ဆောင်ရွက်ရန် တာဝန်ပေးအပ်ချက်အရလည်းကောင်း၊ အဆိုပါ ဘူးသီးတောင်၊ မောင်တောနှင့် ရသေ့တောင်မြို့နယ်များအတွင်းရှိ ARSA အစွန်းရောက် ဘင်္ဂါလီအကြမ်းဖက်အဖွဲ့များအား ဥပဒေနှင့်အညီ ရှင်းလင်းဆောင်ရွက်ခဲ့ကြောင်း သတင်းထုတ်ပြန်ချက်တွင် ပါရှိသည်။

ထိုသို့ဆောင်ရွက်ခဲ့မှုကြောင့် ၂၀၁၇ ခုနှစ် စက်တင်ဘာ ၅ ရက်မှ အောက်တိုဘာ ၁၂ ရက် ညပိုင်းသတင်းထုတ်ပြန်ချိန်အထိ နယ်မြေတည်ငြိမ်အေးချမ်းမှုများ အထိုက်အလျောက် ရှိလာပြီဖြစ်ကြောင်း တွေ့ရှိရပြီး နယ်မြေတည်ငြိမ်အေးချမ်းမှု ထိန်းသိမ်းရေးလုပ်ငန်းများ ဆောင်ရွက်စဉ်ကာလအတွင်း လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် တပ်ပိုင်းဆိုင်ရာ ဆောင်ရွက်မှုများအပေါ် ပေးအပ်သည့် တာဝန်ဝတ္တရားများအတိုင်း ဆောင်ရွက်ခြင်းရှိ၊ မရှိ၊ လိုအပ်သည့် စုံစမ်းစစ်ဆေးဆောင်ရွက်မှုများကို အချက်အလက် အပြည့်အစုံရရှိပါက တရားဝင် သတင်းထုတ်ပြန်မှု ပြုလုပ်သွားမည်ဖြစ်ကြောင်း တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့၏ သတင်းထုတ်ပြန်ချက်တွင် ပါရှိသည်။

နယ်မြေတည်ငြိမ်အေးချမ်းမှု ထိန်းသိမ်းရေးလုပ်ငန်းများ ဆောင်ရွက်စဉ်ကာလအတွင်း လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် တပ်ပိုင်းဆိုင်ရာ ဆောင်ရွက်မှုများအပေါ် ပေးအပ်သည့် တာဝန်ဝတ္တရားများအတိုင်း ဆောင်ရွက်ခြင်း ရှိ၊ မရှိ၊ လိုအပ်သည့် စုံစမ်းစစ်ဆေး ဆောင်ရွက်မှုများကို တပ်မတော်စစ်ဆေးရေးအရာရှိချုပ် ဒုတိယဗိုလ်ချုပ်ကြီးအေးဝင်း ဦးဆောင်သည့် စုံစမ်းစစ်ဆေးရေးအဖွဲ့ဖြင့် စစ်ဆေးလျက်ရှိနေကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

Most Read

Most Recent