တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် မြန်မာနိုင်ငံဆိုင်ရာ ဂျပန်နိုင်ငံသံအမတ်တို့ တွေ့ဆုံပြီး ရခိုင်ပြည်နယ်အရေးနှင့်ပတ်သက်၍ ဆွေးနွေး

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် မြန်မာနိုင်ငံဆိုင်ရာ ဂျပန်နိုင်ငံသံအမတ်တို့ တွေ့ဆုံပြီး ရခိုင်ပြည်နယ်အရေးနှင့်ပတ်သက်၍ ဆွေးနွေး
Published 13 October 2017

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် မြန်မာနိုင်ငံဆိုင်ရာ ဂျပန်နိုင်ငံသံအမတ်ကြီး H.E.Mr.Tateshi HIGUCHI တို့ အောက်တိုဘာ ၁၂ ရက် ညနေပိုင်းက နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာ ဧည့်ခန်းမဆောင်၌ တွေ့ဆုံစဉ် (ဓာတ်ပုံ -တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး)

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် မြန်မာနိုင်ငံဆိုင်ရာ ဂျပန်နိုင်ငံသံအမတ်ကြီး H.E.Mr.Tateshi HIGUCHI တို့ အောက်တိုဘာ ၁၂ ရက် ညနေပိုင်းက နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာဧည့်ခန်းမဆောင်၌ တွေ့ဆုံပြီး ရခိုင်ပြည်နယ်အရေးနှင့် ပတ်သက်၍ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး၏ ထုတ်ပြန်ချက်အရ သိရသည်။

ထိုသို့တွေ့ဆုံရာတွင် ဂျပန်နိုင်ငံ သံအမတ်ကြီးက ဂျပန်နိုင်ငံအစိုးရအနေဖြင့် ရခိုင်ပြည်နယ် မြောက်ပိုင်းဖြစ်စဉ်နှင့်ပတ်သက်၍ မြန်မာနိုင်ငံ၏ အကျပ်အတည်းကို နားလည်ကြောင်း၊ မြန်မာနိုင်ငံအစိုးရနှင့် တပ်မတော်၏ လုံခြုံရေးဆိုင်ရာများကို အပြုသဘောဖြင့် လုပ်ဆောင်နေသည်ကို သိရှိပြီး ထောက်ခံကြောင်း၊ မြန်မာနိုင်ငံ၏ နိုင်ငံတည်ဆောက်ရေး လုပ်ငန်းများကိုလည်း ရပ်တည်ချက်မပြောင်းလဲဘဲ ဆက်လက်ကူညီ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း၊ သို့သော်လည်း နိုင်ငံတကာတွင် ဖြစ်ပေါ်နေသော သတင်း အချက်အလက်များအပေါ် မူတည်ပြီး ကမ္ဘာ့ကုလသမဂ္ဂလုံခြုံရေးကောင်စီတွင် မြန်မာနိုင်ငံ ရခိုင်ပြည်နယ်အရေးကိစ္စအား ဆွေးနွေးရန် လုပ်ဆောင်နေကြောင်းနှင့် အချို့အချက်အလက်များသည် မြန်မာနိုင်ငံအစိုးရနှင့် တပ်မတော်၏ အမှန်တကယ် လုပ်ဆောင်မှုများနှင့် လွဲမှားနေသဖြင့် ရခိုင်ပြည်နယ်ဖြစ်စဉ်နှင့် ပတ်သက်၍ အခြေအနေမှန်များကို ကမ္ဘာက သိရှိအောင် လုပ်ဆောင်ရန်လိုကြောင်း ဆွေးနွေးသည်ဟု ထုတ်ပြန်ချက်အရ သိရသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ယခုကဲ့သို့တန်ဖိုးရှိသော အပြုသဘောဆောင်သည့် အကြံပြုချက်အတွက် ဝမ်းမြောက်ကြောင်း၊ ဂျပန်နိုင်ငံအစိုးရ၏ မြန်မာနိုင်ငံအစိုးရနှင့် မြန်မာ့တပ်မတော်၏ လုပ်ဆောင်ချက်များကို သိရှိနားလည်မှုအတွက်လည်း ကျေးဇူးတင်ရှိကြောင်း ပြန်လည်ပြောကြားပြီး ၂၀၁၆ ခုနှစ် အောက်တိုဘာ ၉ ရက်တွင် ဖြစ်ပွားခဲ့သည့် ရခိုင်ပြည်နယ်မြောက်ပိုင်း အကြမ်းဖက်မှုဖြစ်စဉ်နှင့်ပတ်သက်၍ နိုင်ငံတော်ဒုတိယသမ္မတ ဦးမြင့်ဆွေဦးဆောင်သည့် စုံစမ်းစစ်ဆေးရေးအဖွဲ့ဖြင့် စစ်ဆေးခဲ့ကြောင်း၊ တပ်မတော်အနေဖြင့်လည်း တပ်မတော်စစ်ဆေးရေး အရာရှိချုပ် ဒုတိယဗိုလ်ချုပ်ကြီးအေးဝင်း ဦးဆောင်သည့်အဖွဲ့ဖြင့် စစ်ဆေးပြီး နိုင်ငံတော်အစိုးရထံ တင်ပြခဲ့ကြောင်းနှင့် နိုင်ငံတော်အစိုးရအနေဖြင့်လည်း စစ်ဆေး တွေ့ရှိချက်များအား တိုင်းပြည်ကို အသိပေးခဲ့ကြောင်း ပြန်လည်ရှင်းလင်း ပြောကြားခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ပါရှိသည်။

ဆက်လက်ပြီး သြဂုတ် ၂၅ ရက်ဖြစ်စဉ်တွင် ၂၀၁၆ ခုနှစ် အောက်တိုဘာ ၉ ရက် ဖြစ်စဉ်နောက်ပိုင်း အချိန်ယူကြိုတင်ပြင်ဆင်၍ လူအင်အားများစွာဖြင့် လုံခြုံရေးရဲကင်းများနှင့် တပ်ဌာနချုပ်တစ်ခုအား တစ်ချိန်တည်း၊ တစ်ပြိုင်တည်း သာလွန်သည့်အင်အားဖြင့် အကြမ်းဖက် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း၊ သို့သော်လည်း လုံခြုံရေးတာဝန်ရှိသည့် အဖွဲ့အစည်းများ အနေဖြင့် စည်းကမ်းတကျဖြင့် ခုခံကာကွယ် ထိန်းသိမ်းနိုင်ခဲ့ကြောင်းနှင့် ထိုသို့ထိန်းသိမ်း ဆောင်ရွက်နိုင်ခဲ့ခြင်းကြောင့် အကြမ်းဖက်ဘင်္ဂါလီတချို့ ထိခိုက်သေဆုံးမှု ရှိသော်လည်း စက်တင်ဘာ ၅ ရက် နောက်ပိုင်းတွင် အကြမ်းဖက်မှုဖြစ်စဉ်များ လုံးဝဖြစ်ပွားခြင်းမရှိတော့ဘဲ ယင်းအကြမ်းဖက်အဖွဲ့များ တစ်ဖက်နိုင်ငံဘက်သို့ ထွက်ပြေး တိမ်းရှောင်သွားခဲ့ကြောင်း ထပ်မံပြောကြားခဲ့သည်ဟု သိရသည်။

သြဂုတ် ၂၅ ရက်မှ စတင်ဖြစ်ပွားခဲ့သည့် အကြမ်းဖက်မှုဖြစ်စဉ်နှင့်ပတ်သက်၍ စက်တင်ဘာလအတွင်းတွင်ပင် တပ်မတော်အနေဖြင့် ဒုတိယဗိုလ်ချုပ်ကြီးတစ်ဦး ခေါင်းဆောင်သောအဖွဲ့ဖြင့် စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ခဲ့ပြီးဖြစ်ကြောင်း၊ သက်သေများစွာကို စစ်ဆေး၍ မည်သည့်အတွက်ဖြစ်သည်၊ မည်ကဲ့သို့ ဖြစ်ပျက်ခဲ့သည်၊ ထိခိုက်သေဆုံးမှု မည်မျှရှိသည်နှင့် ယင်းဖြစ်စဉ်များသည် တရားဥပဒေနှင့် ညီညွတ်မှုရှိ၊ မရှိတို့အား စိစစ်ခဲ့ပြီး စုံစမ်းစစ်ဆေးရေးအဖွဲ့၏ အစီရင်ခံစာကို အချက်အလက်များ ပိုမိုပြည့်စုံစေရန် ဆောင်ရွက်လျက်ရှိကြောင်း၊ မိမိတို့အနေဖြင့် ဖြစ်စဉ်ဖြစ်ပွားနေချိန်တွင်ပင် လုံခြုံရေးတပ်ဖွဲ့များအား ဥပဒေနှင့်အညီ တိကျစွာ အရေးယူဆောင်ရွက်ရန် ညွှန်ကြားကြပ်မတ် လုပ်ဆောင်ခဲ့ခြင်း၊ လုံခြုံရေးတပ်ဖွဲ့အင်အားကိုလည်း အနည်းဆုံးဖြစ်အောင် စီမံဆောင်ရွက်ခဲ့ခြင်းတို့ကြောင့် တရားဥပဒေနှင့်အညီဖြစ်သည်ကို စစ်ဆေး တွေ့ရှိရကြောင်း ပြောကြားပြီး အစွန်းရောက် ဘင်္ဂါလီများ၏ အကြမ်းဖက်တိုက်ခိုက်မှုဖြစ်စဉ်နှင့် ပတ်သက်၍ သြဂုတ် ၂၅ ရက် တစ်ရက်တည်းတွင် တိုက်ခိုက်မှုဖြစ်စဉ် ၃၈ ခုဖြစ်ပွားခဲ့ပြီး လုံခြုံရေးရဲတပ်ဖွဲ့ဝင် ၁၁ ဦး၊ တပ်မတော်သား တစ်ဦးကျဆုံး၍ ဝန်ထမ်းနှစ်ဦး အသတ်ခံရကြောင်း၊ စက်တင်ဘာ ၅ ရက်အထိ ဖြစ်စဉ်စုစုပေါင်း ၉၄ ကြိမ်ဖြစ်ပွားခဲ့ပြီး ဒေသခံ တိုင်းရင်းသား ၂၃ ဦး အသတ်ခံရကြောင်း၊ ဟိန္ဒူဘာသာဝင် ၉၂ ဦး အသတ်ခံရပြီး ရုပ်အလောင်း ၄၅ လောင်း တူးဖော်ရရှိကြောင်း၊ ပျောက်ဆုံးနေသူ ဟိန္ဒူဘာသာဝင် ၁၉၂ ဦးကိုလည်း ယနေ့အထိ ပြန်လည်ရှာဖွေ မတွေ့ရှိသေးကြောင်း၊ အစိုးရအုပ်ချုပ်ရေးအဖွဲ့၊ လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ဆက်သွယ်သဖြင့် ယင်းကိုအကြောက်တရားဖြင့် ထိန်းချုပ်နိုင်ရန် ဘင်္ဂါလီအချင်းချင်း လည်လှီးသတ်ဖြတ်မှုကြောင့် သေဆုံးသူ ၃၂ ယောက်ရှိကြောင်း၊ မိမိလုံခြုံရေးတပ်ဖွဲ့ဝင်များ အချိန်မီရောက်ရှိခဲ့သဖြင့် ဒေသခံတိုင်းရင်းသားပြည်သူများနှင့် ရဲတပ်ဖွဲ့ဝင်များ၏ အသက်များစွာကို ကာကွယ်ပေးနိုင်ခဲ့ကြောင်း၊ ယင်းဖြစ်စဉ်များကို ARSA အဖွဲ့နှင့် ၎င်းတို့စည်းရုံးထားသော ဒေသခံဘင်္ဂါလီများက ကျူးလွန်ခြင်းဖြစ်ကြောင်း၊ သို့ဖြစ်၍ ၎င်းတို့နှင့် ဘာသာတူ၊ လူမျိုးတူ၊ ယဉ်ကျေးမှုတူသည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်သို့ ထွက်ပြေးတိမ်းရှောင်သွားခြင်း ဖြစ်ကြောင်း၊ အကြမ်းဖက်မှုတွင် မပါဝင်သဖြင့် ထွက်ပြေးတိမ်းရှောင်မှု မရှိသည့် ဘင်္ဂါလီရွာများလည်းရှိကြောင်းနှင့် တချို့တစ်ဝက်ပါဝင်၍ ထွက်ပြေးသောရွာများ၊ တစ်ရွာလုံးပါဝင်၍ ရွာလုံးကျွတ် ထွက်ပြေးတိမ်းရှောင်မှုများလည်း ရှိနိုင်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ဆွေးနွေးခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့နောက် ဂျပန်နိုင်ငံသံအမတ်ကြီးက ယင်းဖြစ်စဉ်မှန်များကို နိုင်ငံတကာက သိရှိအောင်လုပ်ဆောင်ရန် လိုအပ်ကြောင်း၊ သို့မဟုတ်ပါက မမှန်ကန်သည့် သတင်းအချက်အလက်များအပေါ် သုံးသပ်၍ မြန်မာနိုင်ငံအပေါ် ဆုံးဖြတ်ချက်ချမှု ဖြစ်နိုင်ကြောင်း၊ မြန်မာနိုင်ငံလုံခြုံရေးတပ်ဖွဲ့ဝင်များ၏ နယ်မြေရှင်းလင်းလုံခြုံရေး လုပ်ဆောင်မှုများကို လိုအပ်ချက်အရ လုပ်ဆောင်ခြင်းဖြစ်သော်လည်း တစ်ဖက်တွင် ရလဒ်အဖြစ် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ အင်အား ငါးသိန်းခန့် ထွက်ပြေး တိမ်းရှောင်သွား၍ လူသားချင်းစာနာမှု ရှုထောင့်အရ လိုအပ်ချက်များစွာ ဖြစ်ပေါ်နေကြောင်း၊ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီး ဒေါက်တာဝင်းမြတ်အေး ဦးဆောင်သည့်အဖွဲ့ဖြင့် ကူညီထောက်ပံ့မှုများ၊ ကျန်းမာရေးစောင့်ရှောက်မှုများ ပြုလုပ်ပေးနေသည်ကိုလည်း ရခိုင်ပြည်နယ် ခရီးစဉ်တွင် တွေ့မြင်ခဲ့ရပါကြောင်းနှင့် ယင်းလုပ်ဆောင်ချက်များကိုလည်း နိုင်ငံတကာက သိရှိအောင် လုပ်ဆောင်ရန် လိုအပ်ကြောင်း အကြံပြုဆွေးနွေးသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။

တွေ့ဆုံဆွေးနွေးချက်များအပေါ် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က မြန်မာနိုင်ငံအတွင်းရှိ နေရပ်ရှောင်ရခိုင်လူမျိုးများ၊ ဒေသခံတိုင်းရင်းသားများ၊ ဟိန္ဒူဘာသာဝင်များနှင့် ဘင်္ဂါလီများကိုပါ ထောက်ပံ့မှုများ၊ ဆေးဝါးကုသမှုများ လုပ်ဆောင်ပေးနေကြောင်း၊ တပ်မတော်မှ ဦးဆောင်၍ စေတနာရှင်အလှူရှင်များမှ လှူဒါန်းသည့်ပစ္စည်းများ၊ ငွေကြေးများဖြင့် ထောက်ပံ့မှုများကိုလည်း တပ်မတော်လေယာဉ်၊ ရေယာဉ်များဖြင့် ခေါက်ရေများစွာ ပို့ဆောင်၍ လိုအပ်နေသည့်နေရာများသို့ အရောက်ပို့ဆောင် ထောက်ပံ့ပေးနေကြောင်း၊ မြန်မာ့ပိုင်နက် နယ်မြေကျော်လွန်ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ရောက်ရှိနေသူများမှာလည်း မိမိတို့မှ ထွက်ပြေးစေရန် မောင်းနှင်ထုတ်ခြင်း လုံးဝမရှိကြောင်း၊ မိမိတို့နိုင်ငံတွင် လူမျိုးတုံး သတ်ဖြတ်မှုလည်း လုံးဝမရှိကြောင်း၊ ယင်းဘင်္ဂါလီများအနေဖြင့် ကြောက်ရွံ့ထိတ်လန့်၍ပြေးခြင်းမျိုး မဟုတ်ဘဲ အေးဆေးစွာ ထွက်ခွာသွားခြင်းဖြစ်သည်ကို ဓာတ်ပုံမှတ်တမ်းများတွင် တွေ့ရကြောင်း၊ အစိုးရအုပ်ချုပ်ရေးမှ တာဝန်ရှိသူများက ထွက်ခွာခြင်းမပြုရန် ပြောဆိုသည်ကိုပင် လက်မခံကြောင်း၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးသွားသူများကိုလည်း ၁၉၉၃ ခုနှစ်တွင် နှစ်နိုင်ငံညှိနှိုင်း သဘောတူညီချက်များအရ ပြန်လည်လက်ခံသွားရန်ရှိကြောင်းနှင့် ၎င်းတို့အနေဖြင့် မြန်မာနိုင်ငံ၏ တည်ဆဲဥပဒေများကို လေးစားလိုက်နာရန် လိုအပ်ကြောင်း ဆွေးနွေးပြောကြားသည်ဟု ထုတ်ပြန်ချက်တွင် ပါရှိသည်။