လမ်းပန်းဆက်သွယ်ရေး၊ လျှပ်စစ်မီး၊ ဆက်သွယ်ရေး ကောင်းမွန်လာစေရန် ရခိုင်မြောက်ပိုင်းဒေသကို ဦးစားပေး ဆောင်ရွက်ကြောင်း ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ပြောကြား

လမ်းပန်းဆက်သွယ်ရေး၊ လျှပ်စစ်မီး၊ ဆက်သွယ်ရေး ကောင်းမွန်လာစေရန် ရခိုင်မြောက်ပိုင်းဒေသကို ဦးစားပေး ဆောင်ရွက်ကြောင်း ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ပြောကြား
Published 13 October 2017

လမ်းပန်းဆက်သွယ်ရေး၊ လျှပ်စစ်မီး၊ ဖုန်းဆက်သွယ်ရေး ကောင်းမွန်လာစေရန် ရခိုင်မြောက်ပိုင်းဒေသကို ဦးစားပေး ဆောင်ရွက်ကြောင်း ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပု ပြောကြားခဲ့သည်ဟု ပြည်နယ်ဝန်ကြီးချုပ် ဦးညီပု၏ Facebook စာမျက်နှာတွင် ဖော်ပြချက်အရ သိရသည်။

အောက်တိုဘာ ၁၁ ရက် နံနက်ပိုင်းက ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံး ဝန်ကြီးချုပ်ဧည့်ခန်းမ၌ ရခိုင်ပြည်နယ်အရေးကိစ္စနှင့် ပတ်သက်ပြီး အနောက်ဘက်နယ်စပ်ဒေသ ရခိုင်အမျိုးသားနယ်မြေ ပြန်လည်တည်ဆောက်ရေး ကော်မတီအဖွဲ့နှင့် ပြည်နယ်အစိုးရအဖွဲ့တို့ ဆွေးနွေးခဲ့ကြရာတွင် ပြည်နယ်ဝန်ကြီးချုပ်က ယင်းသို့ထည့်သွင်း ပြောကြားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“အခုဖြစ်နေတဲ့ အခြေအနေတွေကို ကျွန်တော်တို့ ပြည်ထောင်စုအစိုးရနဲ့ တိုင်ပင် ဆွေးနွေးထားပြီး နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်စုပြောသွားတဲ့မူ ခြောက်ချက်ထဲမှာလည်း ပြန်လည်နေရာချထားရေးကိစ္စ၊ တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းတွေကိုလည်း လုပ်ဆောင်ပေးနေပါတယ်။ အဓိက လမ်းပန်းဆက်သွယ်ရေး၊ လျှပ်စစ်မီး၊ ဖုန်းဆက်သွယ်ရေး ကောင်းမွန်လာစေရန် ရခိုင်မြောက်ပိုင်းဒေသကို ဦးစားပေးဆောင်ရွက် ပြုလုပ်ပေးနေပါတယ်” ဟု ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုက ပြောကြားသည်။

နိုင်ငံတော်အစိုးရနှင့် ပြည်နယ်အစိုးရတို့ဘက်မှလည်း အကူအညီလိုသည့်အခါ ပူးပေါင်းပါဝင်လုပ်ဆောင်ပေးရန် ရည်ရွယ်ချက်ရှိပြီး နိုင်ငံတော်အစိုးရနှင့် ပြည်နယ်အစိုးရမှလည်း နားလည်မှုနှင့် ခွင့်ပြုပေးစေချင်ကြောင်း အနောက်ဘက်နယ်စပ်ဒေသ ရခိုင်အမျိုးသား နယ်မြေပြန်လည် တည်ဆောက်ရေးကော်မတီဥက္ကဋ္ဌ ရခိုင်သမိုင်းသုတေသီ ဒေါက်တာအေးချမ်းက ပြောကြားခဲ့ကြောင်း သိရသည်။

“အဓိက လက်ရှိဖြစ်ပွားခဲ့တဲ့ အရေးအခင်းမှာ အိုးအိမ်စွန့်ခွာထွက်ပြေးလာတဲ့ ရခိုင်ဒုက္ခသည်တွေကို ရုပ်ပိုင်းစိတ်ပိုင်းဆိုင်ရာ ပံ့ပိုးကူညီပြီး စားနပ်ရိက္ခာတွေအတွက် လက်ရှိလုပ်ပေးနေပါတယ်။ ရခိုင်ဒုက္ခသည်တွေရဲ့ လုံခြုံမှု ဘဝပြန်လည်ထူထောင်ဖို့အတွက် ကျွန်တော်တို့အနေနဲ့ လိုအပ်တဲ့ဘက်က ပံ့ံပိုးပါဝင် တိုက်တွန်းပေးပါမယ်။ နိုင်ငံတော်အစိုးရနဲ့ ပြည်နယ်အစိုးရတို့ဘက်ကလည်း အကူအညီလိုတဲ့အခါ ပူးပေါင်းပါဝင် လုပ်ဆောင်ပေးဖို့ ရည်ရွယ်ချက်ရှိပါတယ်။ နိုင်ငံတော်အစိုးရနဲ့ ပြည်နယ်အစိုးရကလည်း နားလည်မှုနဲ့ ခွင့်ပြုပေးစေချင်ပါတယ်” ဟု အနောက်ဘက်နယ်စပ်ဒေသ ရခိုင်အမျိုးသားနယ်မြေ ပြန်လည်တည်ဆောက်ရေးကော်မတီဥက္ကဋ္ဌ ရခိုင်သမိုင်းသုတေသီ ဒေါက်တာအေးချမ်းက အဆိုပါ တွေ့ဆုံပွဲတွင် ပြောကြားခဲ့ကြောင်း သိရသည်။

ယင်းအပြင် အနောက်ဘက်နယ်စပ်ဒေသ ရခိုင်အမျိုးသားနယ်မြေ ပြန်လည်တည်ဆောက်ရေးကော်မတီသည် ရခိုင်မြောက်ပိုင်းဒုက္ခသည်များနှင့် သွားရောက်တွေ့ဆုံခဲ့ကြောင်း၊ ၎င်းတို့၏စားဝတ်နေရေး၊ ပြန်လည်နေရာချထားရေး၊ လုံခြုံရေး၊ ရွာသစ်တည်ဆောက်ရေးများကို အဓိက လုပ်ဆောင်ပေးလိုကြောင်း သိရသည်။

ဆက်လက်၍ ရခိုင်ဒေသအရေးအတွက် ရှေ့ဆက်လုပ်ကိုင် ပူးပေါင်းပါဝင် ကူညီပေးရန်အတွက် အနောက်ဘက်နယ်စပ်ဒေသ ရခိုင်အမျိုးသားနယ်မြေ ပြန်လည်တည်ဆောက်ရေး အထောက်အကူပြုကော်မတီကို လက်ခံကြောင်း ပြည်နယ်ဝန်ကြီးချုပ်က အဆိုပါ ဆွေးနွေးပွဲတွင် ပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။

Most Read

Most Recent