အကြမ်းဖက်တိုက်ခိုက်ခံရသည့် နေရာများရှိ တိုင်းရင်းသား မျိုးနွယ်စုများအား စိတ်ဓာတ်ခွန်အားပေးရန်နှင့် တစ်နိုင်တစ်ပိုင် လှူဒါန်းရန် UNA အဖွဲ့ ရခိုင်ပြည်နယ်သို့သွားရောက်

အကြမ်းဖက်တိုက်ခိုက်ခံရသည့် နေရာများရှိ တိုင်းရင်းသား မျိုးနွယ်စုများအား စိတ်ဓာတ်ခွန်အားပေးရန်နှင့် တစ်နိုင်တစ်ပိုင် လှူဒါန်းရန် UNA အဖွဲ့ ရခိုင်ပြည်နယ်သို့သွားရောက်
Published 13 October 2017

ရခိုင်ပြည်နယ်သို့သွားရောက်မည့် UNA အဖွဲ့ဝင်တိုင်းရင်းသားပါတီမှ တာဝန်ရှိသူများ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ အမှတ်တရ ဓာတ်ပုံရိုက်ကူးစဉ်

အကြမ်းဖက်တိုက်ခိုက်ခံရသည့် နေရာများရှိ တိုင်းရင်းသားမျိုးနွယ်စုများအား စိတ်ဓာတ်ခွန်အားပေးရန်နှင့် တစ်နိုင်တစ်ပိုင်ကူ ညီမှုများပြုလုပ်ရန်အတွက်  စည်းလုံးညီညွတ်သော တိုင်းရင်းသားလူမျိုးများ မဟာမိတ်  (UNA) အဖွဲ့ဝင် တိုင်းရင်းသားပါတီများ အောက်တိုဘာ ၁၂ ရက်မှစ၍ ရခိုင်ပြည်နယ်သို့ သွားရောက်လျက်ရှိကြောင်း သိရသည်။

ထိုသို့သွားရောက်ရာတွင် ရခိုင်ပြည်နယ်မြောက်ပိုင်းရှိ အကြမ်းဖက်တိုက်ခိုက်ခံရသည့် နေရာများနှင့် မြောက်ဦး၊ ကျောက်တော်မြို့များသို့လည်း သွားရောက်မည်ဖြစ်ကြောင်း UNA အတွင်းရေးမှူးအဖွဲ့ဝင် ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ ဦးမျိုးကျော်က ပြောကြားသည်။

“အဓိက,ကတော့ ဖြစ်တဲ့နေရာ မောင်တောနယ်စပ်သွားမှာပေါ့။ မောင်တော၊ ရသေ့တောင် အဲဒီနယ်တွေသွားမယ်။ နောက်တစ်ခါ ဆက်စပ်နယ်တွေဖြစ်တဲ့ ကျောက်တော်၊ မြောက်ဦးကိုလည်း သွားမှာပေါ့။ UNA ထဲမှာ ပါတဲ့အဖွဲ့ဝင်တွေက အလှူငွေတွေထည့်ထားတာ ရှိတယ်လေ။ အဲဒါလည်း တစ်နိုင်တစ်ပိုင်ပေါ့။ သင့်လျော်တဲ့နေရာမှာတော့ အဲဒီမှာရှိတဲ့ ဒုက္ခသည်တွေကို ပေးခဲ့မှာပေါ့လေ” ဟု ဦးမျိုးကျော်က ပြောကြားသည်။

ထို့အတူ ရခိုင်ပြည်နယ်တွင် သြဂုတ်  ၂၅ ရက် အကြမ်းဖက်တိုက်ခိုက်မခံရမီက သတ်ဖြတ်ခြင်းခံရသည့် မြိုတိုင်းရင်းသားများ နေထိုင်သည့် ကိုင်းကြီးကျေးရွာသို့ UNA အဖွဲ့ဝင် ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ သွားရောက်လှူဒါန်းခဲ့သည်။

“အဲဒီတုန်းက ကိုင်းကြီးကိုသွားတယ်။ အဲဒီရွာအတွက် ဆိုလာမီးတွေကိုပေးတယ်။ နောက် အသတ်ခံရတဲ့ မြိုမိသားစုရှစ်ဦးကို အလှူငွေတွေပေးတယ်။ ကိုင်းကြီးစာသင်ကျောင်းအတွက် စာရေးခုံတွေ၊ စားပွဲတွေ၊ ထိုင်ခုံတွေလှူတယ်။ ဒါပေမဲ့ အခုအဲဒီရွာ မရှိတော့ဘူးတဲ့။ အခုတစ်ခေါက်ကတော့ အချိန်နဲ့ကိုက်ပြီး အဆင်ပြေတဲ့နေရာတွေ သွားရမှာပေါ့။ မောင်တောမှာက ညမထွက်ရအမိန့်လည်း ရှိတာကိုး”  ဟု ဦးမျိုးကျော်က ပြောကြားသည်။

စည်းလုံးညီညွတ်သော တိုင်းရင်းသားလူမျိုးများမဟာမိတ်အဖွဲ့ (UNA) တွင် အဖွဲ့ဝင်များအဖြစ် ရှမ်းတိုင်းရင်းသားများဒီမို ကရေစီအဖွဲ့ချုပ် (SNLD) ၊ မွန်အမျိုးသား ပါတီ (MNP) ၊ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်   (ALD) ၊  ဇိုမီးဒီမိုကရေစီအဖွဲ့ချုပ် (ZCD) ၊ ရှမ်းပြည်ကိုးကန့် ဒီမိုကရက်တစ်ပါတီ  (SSKDP)၊ ကယန်းအမျိုးသားပါတီ (KNP) ၊ ကချင်အမျိုးသားကွန်ဂရက် (KNC) ၊ ကရင်အမျိုးသားပါတီ (KNP) ၊ ရှမ်းနီ (တိုင်းလိုင်) နှင့်  မြောက်ပိုင်းရှမ်းမျိုးနွယ်စုများ သွေးစည်းညီညွတ်ရေးပါတီ (SNSP) ၊ ဓနုတိုင်းရင်းသား လူမျိုးများဒီမိုကရေစီပါတီ (DNDP) ၊ ချင်းဒီမိုကရေစီအဖွဲ့ချုပ် (CLD) ၊ ချင်းတိုးတက်ရေးပါတီ (CPP) ၊ ရခိုင်မျိုးချစ်ပါတီ (APP) ၊ ခူမီ (ခမီး) အမျိုးသားပါတီ KNP) ၊ မြိုအမျိုးသားဒီမိုကရေစီပါတီ (MNDP) တို့ဖြစ်သည်။

UNA အဖွဲ့သည် သြဂုတ် ၂၈ ရက်တွင် ရခိုင်ပြည်နယ်အတွင်း ဖြစ်ပေါ်နေသော       အကြမ်းဖက်တိုက်ခိုက်မှုလုပ်ရပ်များအပေါ် များစွာပူပန်မှုဖြစ်ရကြောင်း၊ ယင်းကဲ့သို့သော  အကြမ်းဖက်တိုက်ခိုက်မှုများကို ဖော်ဆောင်နေသည့် ဥပဒေမဲ့ အစွန်းရောက်အကြမ်းဖက် အုပ်စု Arakan Rohingya Salvation Army - ARSA အား ပြင်းထန်စွာရှုတ်ချကြောင်း ကြေညာချက်ထုတ်ပြန်ထားသည်။

အလားတူ ယခုအဖြစ်အပျက်အပေါ် အစိုးရ၊ တပ်မတော်၊ နိုင်ငံရေးပါတီများ၊ ပြည်သူများအနေဖြင့် ညီညွတ်စွာကိုင်တွယ် ဖြေရှင်းသွားရမည့် ကိစ္စရပ်တစ်ခုအဖြစ် မြင်တွေ့ကြောင်း၊ ဒေသခံတိုင်းရင်းသားပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်များကို ကာကွယ်မှု ပေးနိုင်ရန်လည်း ကောင်းမွန်သောအစီအမံများ ချမှတ်သွားရမည်ဖြစ်ကြောင်းနှင့် ထွက်ပြေးတိမ်းရှောင်နေကြသော ဒုက္ခသည်များ၏ စားဝတ်နေရေး၊ ကျန်းမာရေးနှင့် ပညာရေး ကဏ္ဍများကို ပြန်လည်ထူထောင်ရန် ပြည်သူတစ်ရပ်လုံးက စည်းလုံးညီညွတ်စွာပူးပေါင်း ကူညီကြရန် တိုက်တွန်းကြောင်း UNA ၏ကြေညာချက်တွင် ဖော်ပြခဲ့သည်။

Most Read

Most Recent