မန္တလေးတက္ကသိုလ် အနီးတစ်ဝိုက်တွင် ဆိုင်ကယ်များခိုးယူပြီး မြစ်ကြီးနားမြို့၌ ပြန်လည်ရောင်းချသည့် ကျူးလွန်သူ လူငယ်ငါးဦးအား ဆိုင်ကယ် ၁၇ စီးနှင့်အတူ ဖမ်းဆီးရမိ

မန္တလေးတက္ကသိုလ် အနီးတစ်ဝိုက်တွင် ဆိုင်ကယ်များခိုးယူပြီး မြစ်ကြီးနားမြို့၌ ပြန်လည်ရောင်းချသည့် ကျူးလွန်သူ လူငယ်ငါးဦးအား ဆိုင်ကယ် ၁၇ စီးနှင့်အတူ ဖမ်းဆီးရမိ
Published 13 October 2017

မန္တလေးတက္ကသိုလ် အနီးတစ်ဝိုက်တွင် ခိုးယူခဲ့သည် ဆိုင်ကယ်များအား တွေ့ရစဉ်

မန္တလေးတက္ကသိုလ် အနီးတစ်ဝိုက်တွင် ခိုးယူခဲ့ပြီး မြစ်ကြီးနားမြို့တွင် ပြန်လည်ရောင်းချသည့် ကျူးလွန်သူ လူငယ်ငါးဦးကို ဆိုင်ကယ် ၁၇ စီးနှင့်အတူ ဖမ်းဆီးရမိထားကြောင်း အမှတ် (၉) မြို့မရဲစခန်းမှ သတင်းရရှိသည်။

စက်တင်ဘာ ၉ ရက်က အမှတ် (၉)စခန်းမှ ရဲတပ်ဖွဲ့ဝင်များသည် မန္တလေးတက္ကသိုလ်ရပ်ကွက်အတွင်း ခိုးဆိုးသတင်းများ စုံစမ်းနေစဉ် ဓမ္မာရုံလမ်းနှင့် ရတနာပုံလမ်းထောင့်တွင် Honda Scoopy ဆိုင်ကယ်တစ်စီးနှင့် မသင်္ကာဖွယ် အမျိုးသားတစ်ဦးကို တွေ့ရှိခဲ့ရသဖြင့် စစ်ဆေးခဲ့ရာ ၎င်းမှာ သန်းနိုင် (ခ) နော်မိုင်းဆိုသူဖြစ်ပြီး ဆိုင်ကယ်ကို တက္ကသိုလ်ဝင်းအတွင်း လေးထပ်ဆောင်အောက်မှ ခိုးယူလာသည့် ဆိုင်ကယ်ဖြစ်ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့ရာ ကွင်းဆက်တရားခံများကို ရှာဖွေ ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ ဆိုင်ကယ်ခိုးယူလာသူကို စစ်ဆေးချက်အရ မန္တလေးမြို့ပေါ်ရှိ အခြားနေရာများနှင့် တက္ကသိုလ်ဝင်းအတွင်းမှ အခြားဆိုင်ကယ်များကိုလည်း မြစ်ကြီးနားမြို့နေ သူငယ်ချင်းဖြစ်သူများနှင့်အတူ ခိုးယူခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့ရာ ခိုးယူထားသည့် ဆိုင်ကယ်များကို မြစ်ကြီးနားမြို့သို့ သွားရောက် သိမ်းဆည်းခဲ့ခြင်းဖြစ်ပြီး မြစ်ကြီးနားမြို့သို့ နှစ်ကြိမ်သွားရောက် ဖမ်းဆီးခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

“မန္တလေးတက္ကသိုလ် တစ်ဝိုက်ဆိုင်ကယ်တွေ လိုက်လံခိုးယူပြီး မြစ်ကြီးနားကိုသွားပြီး ပြန်လည် ရောင်းချတာပါ။ အမှတ် (၉) စခန်းက ရဲတပ်ဖွဲ့ဝင်တွေ မြစ်ကြီးနားကို နှစ်ကြိမ်တိတိသွားရောက် သိမ်းဆည်းပြီး ဖမ်းဆီးရမိခဲ့တာပါ။ ထိုင်းဘီးတွေချည်း ၁၇ စီးပါ။ ကျူးလွန်သူတွေကတော့ လူငယ်အများစုဖြစ်ပါတယ်” ဟု မဟာအောင်မြေမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးတင်ထွန်းအောင်က ပြောကြားသည်။

Scoopy အမျိုးအစား ၁၂ စီး၊ Yamaha FZ အမျိုးအစား သုံးစီး၊ Click အမျိုးအစား နှစ်စီး စုစုပေါင်း ၁၇ စီးကို မြစ်ကြီးနားမြို့မှ သိမ်းဆည်းရမိခဲ့ပြီး ပျောက်ဆုံးသူ ပိုင်ရှင်များအနေဖြင့် အမှတ် (၉) မြို့မရဲစခန်းတွင် မိမိဆိုင်ကယ်ပိုင်ဆိုင်မှုစာအုပ်များနှင့် တိုက်ဆိုင်လာရောက် ကြည့်ရှုနိုင်ကြောင်း သိရသည်။

ခိုးယူသူ ခြောက်ဦးအနက် ငါးဦးကို ဖမ်းဆီးရမိထားပြီး ယင်းတို့ကို ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၈၀/၅၄ ဖြင့် အမှုဖွင့်ထားသည်။

Most Read

Most Recent