မန္တလေးတိုင်းဒေသကြီးအစိုးရနှင့် MMID ကုမ္ပဏီတို့ အကျိုးတူ ပူးပေါင်းလုပ်ဆောင်နေသော မြို့သာစက်မှုဥယျာဉ် မြို့တော်စီမံကိန်းတွင် တရုတ်ကုမ္ပဏီတစ်ခုက ဒေါ်လာသန်း ၃၉၀ ရင်းနှီးမြှုပ်နှံမည်

မန္တလေးတိုင်းဒေသကြီးအစိုးရနှင့် MMID ကုမ္ပဏီတို့ အကျိုးတူ ပူးပေါင်းလုပ်ဆောင်နေသော မြို့သာစက်မှုဥယျာဉ် မြို့တော်စီမံကိန်းတွင် တရုတ်ကုမ္ပဏီတစ်ခုက ဒေါ်လာသန်း ၃၉၀ ရင်းနှီးမြှုပ်နှံမည်
Published 13 October 2017

မန္တလေးတိုင်းဒေသကြီး မြင်းခြံခရိုင်၊ ငါန်းဇွန်မြို့နယ်၊ မြို့သာမြို့အနီးရှိ မြို့သာစက်မှုဥယျာဉ် မြို့တော်စီမံကိန်းကို တွေ့ရစဉ်

မန္တလေးတိုင်းဒေသကြီး အစိုးရနှင့် MMID ကုမ္ပဏီတို့ အကျိုးတူ ပူးပေါင်းလုပ်ဆောင်နေသော မြို့သာစက်မှု ဥယျာဉ် မြို့တော်စီမံကိန်းတွင် တရုတ်နိုင်ငံကုမ္ပဏီတစ်ခုမှ ဒေါ်လာသန်း ၃၉၀ ရင်းနှီးမြှုပ်နှံသွားမည် ဖြစ်ကြောင်း သိရသည်။

မန္တလေးတိုင်းဒေသကြီး မြင်းခြံခရိုင်၊ ငါန်းဇွန်မြို့နယ်၊ မြို့သာမြို့အနီးရှိ မြို့သာစက်မှုဥယျာဉ်မြို့တော် စီမံကိန်းကို မန္တလေးတိုင်းဒေသကြီးအစိုးရနှင့် Madalay Myotha Insdustrial Development PublicCo.,Ltd (MMID) တို့ အကျိုးတူ ပူးပေါင်းလုပ်ဆောင်နေသော စီမံကိန်းဖြစ်ကြောင်း သိရပြီး ငါန်းဇွန်မြို့နယ်ရှိ ကျေးရွာပေါင်း ၁၄ ရွာ၏ လယ်ယာမြေများ၊ စားကျက်မြေ စုစုပေါင်း ဧကတစ်သောင်းခန့်ပေါ်တွင် ၂၀၁၂ ခုနှစ်မှ စတင် တည်ဆောက်ခဲ့ကြောင်း သိရသည်။

“တရုတ်ကုမ္ပဏီတစ်ခုဖြစ်တဲ့ Mandalay Boashang Myotha Development Co.Ltd က အမေရိကန် ဒေါ်လာသန်းပေါင်း ၃၉၀ ရင်းနှီးမြှုပ်နှံသွားမှာပါ။ ဒီကုမ္ပဏီကခိုင်မာမှုရှိပြီး ငွေကြေးတတ်နိုင်တယ်။ နောက်နှစ်ဇွန်လအတွင်း အပြီးဆောက်လုပ်သွားဖို့ Plan တွေ ချထားပါတယ်။ မြေလည်းငှားရမ်းမယ် စက်ရုံတွေလည်း တည်ဆောက်ရမယ်ဆိုတော့ ရင်းနှီးမြှုပ်နှံသူတွေအဖို့ တော်တော်အခက်အခဲ ရှိပါတယ်။ တချို့လည်း သိပ်မလုပ်ရဲဘူး။ သူတို့ကတော့ မြေငှားထားမယ်။ စက်ရုံတွေဆောက်ထားမယ်။ အကုန်အပြီးအစီး လုပ်ထားမယ်ဆိုရင် ဘယ်နိုင်ငံတွေကပဲလာလာ ထိုင်း၊ တရုတ်၊ မလေးရှားစတဲ့ ကျန်တဲ့နိုင်ငံတွေကလာရင် ငှားချင်ပါတယ်။ လုပ်ချင်ပါတယ်ဆိုသူတို့က ငှားပေးလိုက်မှာ။ ဒါမှလာရောက်ရင်းနှီးမြှုပ်နှံမှုတွေအတွက် ပိုမိုမြန်ဆန်လာမယ်လို့ သူတို့ထင်တယ်။ အစက သူတို့စီမံချက်က သုံးနှစ်နဲ့အပြီး တည်ဆောက်ဖို့ ရှိပါတယ်။ ဒါပေမဲ့ MIC ကလည်း အားလုံးကို အစအဆုံးပြန်လည်ပြီး ငါးနှစ်ပြင်ဆင်ပေးတာပါ” ဟု MMID ဥက္ကဋ္ဌ ဦးအောင်ဝင်းခိုင်က ပြောကြားသည်။

Mandalay Boashang Myotha Deve- lopment Co.Ltd ကုမ္ပဏီမှ မြို့သာစက်မှု ဥယျာဉ်မြို့တော်အတွင်းရှိ မြေဧက ၃၁၃ ပေါ်တွင် လူသုံးကုန်ပစ္စည်းစက်ရုံများ၊ လယ်ယာသုံးပစ္စည်းများ ထုတ်လုပ်သည့်စက်ရုံများစသည့် စက်ရုံ ၂၂ ရုံ တည်ဆောက်သွားမည်ဖြစ်ကြောင်း သိရပြီး မြို့သာစက်မှု ဥယျာဉ်မြို့တော်တွင် လျှပ်စစ်ဓာတ်အား မဂ္ဂါဝပ် ၄၀ အသုံးပြုရန် ခွင့်ပြုချက်ရထားပြီး လက်ရှိ လျှပ်စစ်ဓာတ်အား၂၀ မဂ္ဂါဝပ် အသုံးပြုကာ လုပ်ငန်းများ လည်ပတ်နေကြောင်း သိရသည်။

မြို့သာစက်မှုဥယျာဉ်မြို့တော် စီမံကိန်းအတွင်း တိရစ္ဆာန်အစာ ထုတ်လုပ်သော စက်ရုံ၊ ဟောင်ကောင်ကုမ္ပဏီတစ်ခု၏ သစ်ပါးလွှာစက်ရုံ၊ ပြည်တွင်းနှင့် တရုတ်ကုမ္ပဏီ အကျိုးတူလုပ်ကိုင်နေသော ဘီစကွတ်စက်ရုံ၊ ထိုင်းနိုင်ငံကုမ္ပဏီတစ်ခု၏ ကွန်ကရစ်နှင့် ပတ်သက်သည့် ပစ္စည်းထုတ်လုပ်သည့် စက်ရုံနှင့် ထိုင်ဝမ်ကုမ္ပဏီတစ်ခု၏ ဖိနပ်ချုပ်စက်ရုံစသည့် စက်ရုံ ငါးခုလုပ်ငန်း စတင်လုပ်ကိုင် လည်ပတ်နေကြောင်း သိရသည်။