အသက်အန္တရာယ်စိုးရိမ်သဖြင့် မလေးရှားနိုင်ငံမှ ပြန်လာသူ မြန်မာလုပ်သား ၃၀၀ ကျော် မြဝတီသို့ ရောက်ရှိလာ

အသက်အန္တရာယ်စိုးရိမ်သဖြင့် မလေးရှားနိုင်ငံမှ ပြန်လာသူ မြန်မာလုပ်သား ၃၀၀ ကျော် မြဝတီသို့ ရောက်ရှိလာ
Published 13 October 2017

ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားခဲ့သည့် ဖြစ်စဉ်ကြောင့် မလေးရှားနိုင်ငံအတွင်း အလုပ်လုပ်ကိုင်နေသည့် မြန်မာရွှေ့ပြောင်း လုပ်သားများမှာ အသက်အန္တရာယ် စိုးရိမ်လာရသည့်အတွက် နေရပ်ပြန်လာသူ များပြားပြီး အောက်တိုဘာ ၁၁ ရက် ည ၇ နာရီခန့်က  မြဝတီမြို့ ပြန်လည်ကြိုဆိုရေးစခန်းသို့ မြန်မာလုပ်သား ၃၀၀ ကျော်ရောက်ရှိခဲ့ကြောင်း သိရသည်။

မြဝတီကြိုဆိုရေးစခန်းသို့ ရောက်ရှိလာသည့် နေရပ်ပြန်မြန်မာလုပ်သားများတွင် ရခိုင်တိုင်းရင်းသား အများအပြားပါဝင်ပြီး ဧရာဝတီ၊ ပဲခူးတိုင်းဒေသကြီးတို့မှ ပါဝင်ပြီး ဘဝလုံခြုံမှု မရှိခြင်းနှင့် အသက်အန္တရာယ်ကို စိုးရိမ်လာရခြင်းကြောင့် ကြုံရာပွဲစားနှင့် ပြန်လာခဲ့ရသည်ဟု နေရပ်ပြန်လာသူများထံမှ သိရသည်။

“ထိုင်းနယ်စပ်က ပြန်လာတယ်ဆိုပေမဲ့ မလေးရှားကနေ ပြန်လာကြတာပါ။ ကျွန်တော်တို့ ရခိုင်တိုင်းရင်းသားတွေ များပါတယ်။ ရခိုင်အရေးဖြစ်ပြီးနောက် စိုးရိမ်မှုတွေ ရှိလာတယ်။ အသက်အန္တရာယ် ဘဝလုံခြုံမှု မရှိသလို ခံစားလာရတယ်။ မိဘတွေကလည်း ပြန်လာဖို့ တိုက်တွန်းတာကြောင့် ခုပြန်လာခဲ့ကြတာပါ။ အပြန်စရိတ်အတွက် ပွဲစားကို မလေးငွေ ရင်းဂစ် ၁၁၀၀ ပေးရပါတယ်” ဟု မလေးရှားနိုင်ငံ ပီနမ်မြို့ စားသောက်ဆိုင်တွင် အလုပ်လုပ်ကိုင်ခဲ့သူ ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့မှ ကိုကျော်ဝင်းက ပြောကြားသည်။

ထို့ပြင် ၂၀၁၂ ခုနှစ်က ဆိုင်နီးချင်းနေ သူငယ်ချင်နှစ်ယောက်ကို မလေးနိုင်ငံသားများက ရက်ရက်စက်စက် ခုတ်သတ်ခဲ့သည်ကို မြင်တွေ့ထားဖူးခြင်းကြောင့်လည်း စိုးရိမ်မှု မြင့်တက်ခဲ့ရသည်ဟု ၎င်းက ဆိုသည်။

နေရပ်သို့ ပြန်လာသူများတွင် မလေးရှားနိုင်ငံ၌ အထောက်အထားမဲ့ နေထိုင်လုပ်ကိုင်ကြသူများ ပါဝင်သလို အထောက်အထားဖြင့် တရားဝင်သွားရောက်လုပ်ကိုင်ခဲ့ကြသူများ ပါဝင်ကြောင်း သိရသည်။

မြန်မာနိုင်ငံမှ ကျပ်သိန်း ၂၀ ခန့်အကုန်ကျခံကာ သွားရောက်ခဲ့ပြီး မလေးရှားနိုင်ငံကွာလာလမ်ပူမြို့အနီး စူပန်ဂျယန်မြို့ရှိ ဆေးရုံသုံး ပရိဘောဂလုပ်ငန်း၌ ဝင်ရောက်လုပ်ကိုင်ခဲ့သူ ကိုစောလွင်က တစ်လလျှင် မလေးရင်းဂစ် ၂၀၀၀ ခန့်ရရှိသော်လည် အသက်အန္တရာယ် စိုးရိမ်စိတ်ဖြင့် နေရပ်သို့ ပြန်လာခဲ့ရခြင်းဖြစ်သည်ဟု ဆိုသည်။

ယင်းကဲ့သို့  မလေး၊ ထိုင်းနိုင်ငံတို့မှ နေရပ်ပြန်လာသူ မြန်မာနိုင်ငံသားများအား မြဝတီခရိုင်မှ တာဝန်ရှိသူများ၊ လူမှုရေးအသင်းအဖွဲ့များက အစားအသောက်များ ဝေပေးကြပြီး နေရပ်မိဘများထံသို့ မော်တော်ယာဉ်များ စီစဉ်ပေးလျက်ရှိကြောင်း သိရသည်။

ထိုင်းနိုင်ငံအတွင်း အလုပ်ရှင် အလုပ်သမား ဥပဒေသစ်ထုတ်ပြန်ပြီး ဇွန် ၂၉ ရက်မှစ၍ မြန်မာရွှေ့ပြောင်း လုပ်သားများနေရပ် မြန်မာနိုင်ငံသို့ ပြန်လာလျက်ရှိရာ ယခုအခါ မလေးရှားနိုင်ငံမှ မြန်မာလုပ်သား အများအပြား ပြန်လာနေခြင်းကြောင့် အောက်တိုဘာ ၁၁ ရက်ထိ နေရပ်ပြန်လာသူ ၄၂၄၈၅ ဦး  ပြန်လည်ရောက်ရှိခဲ့ပြီဖြစ်ကြောင်း သိရသည်။

Most Read

Most Recent