မင်းတုန်းမြို့နယ်တွင် တရားမဝင်သယ်ဆောင်လာသော အောက်ချင်းမျိုးစိတ်ဝင် ငှက်များ ဖမ်းဆီးရမိ

မင်းတုန်းမြို့နယ်တွင် တရားမဝင်သယ်ဆောင်လာသော အောက်ချင်းမျိုးစိတ်ဝင် ငှက်များ ဖမ်းဆီးရမိ
Published 13 October 2017

တရားမဝင်သယ်ဆောင်လာသော အောက်ချင်းမျိုးစိတ်ဝင် ငှက်များအား တွေ့ရစဉ်

မကွေးတိုင်းဒေသကြီး သရက်ခရိုင်၊ မင်းတုန်းမြို့နယ် ပုသိမ်-မုံရွာ ကားလမ်း အတိုင်း တရားမဝင် သယ်ဆောင်လာသော အောက်ချင်းငှက်မျိုးစိတ်ငှက်များ ဖမ်းဆီးရမိခဲ့ကြောင်း သတင်းရရှိသည်။

မင်းတုန်းမြို့နယ် ပုသိမ်-မုံရွာ ကားလမ်း မိုင်တိုင်အမှတ် ၂၂၇/ ၁ အနီး တိုင်းတားကျေးရွာ ဝင်လမ်းပေါက်တွင် အောက်ချင်းငှက်မျိုး စိတ်ငှက်များအား တရားမဝင်သယ်ဆောင်လာကြောင်း သတင်းအရ အောက်တိုဘာ ၈ ရက် ည ၇ နာရီခွဲခန့်က ရဲတပ်ဖွဲ့၊ သစ်တောအဖွဲ့များ၊ ရပ်ကွတ်အုပ်ချုပ်ရေးအဖွဲ့များ ပူးပေါင်းကာ ပိတ်ဆို့ရှာဖွေမှု ပြုလုပ်ခဲ့ရာ ယာဉ်မောင်း ချစ်မင်းသူ၊ (သ) ၁၄/ ၁၇ နှစ်တိုင်းတာ ကျေးရွာနေသူ မောင်းနှင်လာသော နံပါတ်မပါ News SUNBO အမျိုးအစားအနက်ရောင် 110 ဆိုင်ကယ်ပေါ်တွင် ဝါးနှီးခြင်းနှစ်ခြင်းဖြင့် တင်ဆောင်လာသော အောက်ချင်းငှက်များကို ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“မိတာကတော့ ဒါမျိုးမိတာ ပထမဆုံးအကြိမ်လို့ ပြောလို့ရတယ်။ ဒီမင်းတုန်းဘက်မှာမိတာ ကျွန်တော်တို့ ကြားတောင်မကြားဖူးဘူး။ ငှက်တွေက အောက်ချင်းမျိုးစိတ်တွေပါ လေးမျိုးလောက်တော့ပါမယ်။ သယ်လာတဲ့ ကလေးက ၁၄ နှစ်ပဲ ရှိသေးတယ်။ ဖမ်းတဲ့သူတွေက သူ့ကို ပိုက်ဆံပေးမယ်။ တံတားနားကို ပို့ပေး။ အဲဒီမှာ လာယူလိမ့်မယ်ဆိုလို့ ဆိုင်ကယ်နဲ့ ပို့ပေးတာ။ ဖမ်းဆီးတဲ့သူတွေကိုတော့ မိထားပါပြီး။ လက်ခံမယ့်သူကိုတော့ စုံစမ်းနေဆဲပါ သူတို့ကိုတော့ တောရိုင်းတိရစ္ဆာန်ထိန်းသိမ်းရေး ဥပဒေဖြစ်တဲ့ ၃၇ (က) နဲ့ အမှုဖွင့် ဆောင်ရွက်သွားမှာပါ” ဟု မင်းတုန်းမြို့ သစ်တောအုပ်ကြီး ဦးစိုးနောင်က ပြောကြားသည်။

အောက်ချင်းငှက်တစ်ကောင်၏ ကာလတန်ဖိုး ကျပ် ၂၅၀၀၀ သတ်မှတ်ထားပြီး ဖမ်းဆီးရမိသည့် ကောင်ရေ ကိုးကောင်အတွက် ကျပ် ၂၂၅၀၀၀ သတ်မှတ်ထားကြောင်း၊ ယင်းဈေးမှာ ဒေသတွင်း ဈေးသာဖြစ်ပြီး တရုတ်နိုင်ငံသို့ တင်ပို့ဈေးမှာ ထိုဈေးထက်များစွာတန်ဖိုးရှိကြောင်း ဒေသခံတစ်ဦးက ဆိုသည်။

“ကျွန်တော်တို့ကတော့ အောက်ချင်းငှက်ဆိုတာ ချင်းတိုင်းရင်းသားတွေရဲ့ အထိမ်းအမှတ် သင်္ကေတလည်း ဖြစ်တယ်။ နောက်တစ်ခုက ရှားပါးတောရိုင်း တိရစ္ဆာန်လည်း ဖြစ်တယ်။အဲဒီအတွက်ဒီထက်ပိုပြီးထိန်းသိမ်း ပေးစေချင်တယ်။ ကျွန်တော်သိရသလောက်တော့ တစ်နှစ်တစ်နှစ်ကို ဒီလိုငှက်မျိုးတွေ အများကြီး ပြည်ပကိုမှောင်ခိုလမ်းကနေ ထွက်နေတယ်လို့ သိရတယ်။ အဲဒီအတွက်ပိုပြီး ထိန်းသိမ်းဖို့လိုအပ်ပါတယ်”  ဟု ချင်းတိုင်းရင်းသားတစ်ဦးဖြစ်သူ ကိုကောင်းမြတ်မင်းက ပြောကြားသည်။

Most Read

Most Recent