လားရှိုးမြို့နယ်အတွင်း နယ်မြေရှင်းလင်းရေး လုပ်ငန်းများ ဆောင်ရွက်စဉ် လက်နက်ခဲယမ်းများနှင့် သိန်းပေါင်း ခြောက်သောင်းကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးများ သိမ်းဆည်းရမိကြောင်း တပ်မတော်ထုတ်ပြန်

ဖမ်းဆီးရမိသည့် သေနတ်များနှင့် မူးယစ်ဆေးဝါးများကို တွေ့ရစဉ်

လားရှိုးမြို့နယ်အတွင်း နယ်မြေရှင်းလင်းရေး လုပ်ငန်းများ ဆောင်ရွက်စဉ် လက်နက်ခဲယမ်းများနှင့် သိန်းပေါင်း ခြောက်သောင်းကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးများ သိမ်းဆည်းရမိကြောင်း အောက်တိုဘာ ၁၁ ရက်တွင် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်သည်။

အဆိုပါ သတင်းထုတ်ပြန်ချက်တွင် ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ လားရှိုးမြို့နယ်အတွင်း တပ်မတော် စစ်ကြောင်းက နယ်မြေလုံခြုံရေး ဆောင်ရွက်စဉ် အောက်တိုဘာ ၁ ရက် မွန်းလွဲပိုင်းတွင် လယ်ဖွေးကျေးရွာအနီး  TNLA အဖွဲ့က စတင်ပစ်ခတ် တိုက်ခိုက်ခဲ့သဖြင့် ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး TNLA အဖွဲ့သည် မြောက်ဘက်သို့ ဆုတ်ခွာထွက်ပြေး သွားခဲ့ကြောင်း ဖော်ပြထားသည်။

ထို့နောက် TNLA အဖွဲ့ဝင်များ ဆုတ်ခွာထွက်ပြေးသွားသည့် လယ်ဖွေးကျေးရွာနှင့် ပန်ဖကျေးရွာအနီး ပတ်ဝန်းကျင်တစ်ဝိုက် တပ်မတော်စစ်ကြောင်းက နယ်မြေရှင်းလင်းခြင်း လုပ်ငန်းများ ဆောင်ရွက်စဉ် အောက်တိုဘာ ၁ ရက်မှ အောက်တိုဘာ ၉ ရက်အထိ လက်နက်ငယ်မျိုးစုံ ခြောက်လက်၊ ကျည်မျိုးစုံ ၆၂၇၄ တောင့်၊ ကျည်အိမ်မျိုးစုံ ၁၀ ခု၊ လက်ပစ်ဗုံးတစ်လုံး၊ ယမ်း ၁၆၀ တုံး၊ မှန်ပြောင်းတစ်လက်၊ အိုင်ကွန်နှစ်လုံး၊ Equipment တစ်စုံ၊ ယမ်းမှုန့် ၄၀ ကျပ်သား၊ ယမ်းကြိုး ၁၁၁ ကိုက်၊ ဖိုက်ဘာပီပါအခွံ ကိုးလုံးနှင့် အက်စစ်ပါ တစ်လုံး၊ ဆာလဖျူရစ်အက်စစ် ငါးဂါလန်ဆံ့ပုံးတစ်ပုံး၊ အိုင်အိုဒင်းဆား၂၆ အိတ်၊ ဘိန်းမည်း ၁၃၂၂၂၅ ဂရမ်ခန့်၊ ဘိန်းဖြူ ၂၁၃၂ ဂရမ်ခန့်၊ ဘိန်းဖြူဘလောက်တုံး ၅၈၇ တုံးနှင့် စိတ်ကြွရူးသွပ်ဆေးပြား ၉၃၀၀၀၀ ပြား၊ (စုစုပေါင်း မူးယစ်ဆေးဝါး ခန့်မှန်းတန်ဖိုးငွေ ကျပ်သိန်းပေါင်း ၆၃၀၀၀ ကျော်) တို့ကို တွေ့ရှိသိမ်းဆည်း ရမိခဲ့ကြောင်းနှင့် အဆိုပါ နေရာတစ်ဝိုက်အား တပ်မတော်စစ်ကြောင်းက နယ်မြေရှင်းလင်းရေး လုပ်ငန်းများ ဆက်လက် ဆောင်ရွက်လျက်ရှိကြောင်း သတင်းထုတ်ပြန်မှုတွင် ပါရှိသည်။

“အောက်တိုဘာ ၁ ရက်ကနေ ၇ ရက်ထိ သူတို့ဖော်ပြသလို အဲဒီလားရှိုးမြို့နယ်တွင်းမှာရှိတဲ့ အဲဒီနေရာ ဒေသတွေမှာ တိုက်ပွဲမရှိပါဘူး။ ကျွန်တော်တို့ တိုက်ပွဲဖြစ်တာက နမ့်ခမ်းဘက်မှာဖြစ်တယ်။ မန်တုံဘက်မှာ ဖြစ်တယ်။ နမ့်ဆန်ဘက်မှာ ဖြစ်ပါတယ်။ သူတို့ပြောတဲ့နေရာမှာ တိုက်ပွဲမရှိပါဘူး။ ပြီးတော့ အဲဒီလို မူးယစ်ဆေးဝါး ရောင်းဝယ်မှုလည်း ကျွန်တော်တို့ မလုပ်ပါဘူး။ ကျွန်တော်တို့ အဖွဲ့အစည်း အနေနဲ့လည်း မူးယစ်ဆေးဝါး တိုက်ဖျက်ရေးတွေ လုပ်နေပါတယ်။ ကျွန်တော်တို့ မူးယစ်ဆေးဝါးတွေ လိုက်လံဖမ်းဆီးတာတွေ လုပ်နေပါတယ်။ ဒါကမြန်မာ့တပ်မတော်က ကျွန်တော်တို့ကို ရည်ရွယ်ချက်နဲ့ ထိုးနှက်နေတာပဲလို့ မြင်တယ်။ (TNLA အမည်ခံပြီး လုပ်နေတဲ့အဖွဲ့ ရှိ၊ မရှိ) မရှိနိုင်ပါဘူး။ သူတို့ပြောတဲ့ တိုက်ပွဲဖြစ်ပွားတဲ့နေရာက ခပ်များများက ပြည်သူ့စစ်တွေ ရှိပါတယ်” ဟု PSLF/TNLA အဖွဲ့ အထွေထွေအတွင်းရေး ဗိုလ်မှူးချုပ် တာ့ဖုန်းကျော်က ပြောကြားသည်။

သို့ရာတွင် တပ်မတော်မှ သိမ်းဆည်းရမိသည့် မူးယစ်ဆေးဝါးများနှင့်အတူ ဖော်ပြထားသည့် လက်နက်ငယ်များမှာမူ TNLA အဖွဲ့မှ ဆုံးရှုံးသွားသည့် လက်နက်များဖြစ်ကြောင်း ၎င်းက ပြောကြားသည်။