အသစ်ခန့်အပ်မည့် သစ်လွင်ဆရာဝန်များအား ဗဟိုနှင့် တိုင်းဒေသကြီးအဆင့် ပြည်သူ့ဆေးရုံကြီးများတွင် လက်တွေ့ဆေးပညာရပ်များ သင်ယူနိုင်ရန် ဦးစွာထားရှိမည်

အသစ်ခန့်အပ်မည့် သစ်လွင်ဆရာဝန်များအား ဗဟိုနှင့် တိုင်းဒေသကြီးအဆင့် ပြည်သူ့ဆေးရုံကြီးများတွင် လက်တွေ့ဆေးပညာရပ်များ သင်ယူနိုင်ရန် ဦးစွာထားရှိမည်
Published 12 October 2017

သဘာဝတရားရိပ်သာရှိ ဘိုးဘွားများအား လူငယ်ဆရာဝန်များက ကျန်းမာရေး စောင့်ရှောက်မှုပေးနေစဉ်

အသစ်ခန့်အပ်မည့် သစ်လွင်ဆရာဝန်များကို ကျေးလက်ဒေသများသို့ တိုက်ရိုက်စေလွှတ်မည် မဟုတ်ဘဲ ဗဟိုအဆင့်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အဆင့် ပြည်သူ့ဆေးရုံကြီးများတွင် လက်တွေ့ဆေးပညာရပ်များ သင်ယူနိုင်ရန် ဦးစွာထားရှိသွားမည်ဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ သိရသည်။

ပြီးခဲ့သည့် ဇွန်လအတွင်းက ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနအောက်ရှိ ပြည်သူ့ကျန်းမာရေး ဦးစီးဌာန၊ ကုသရေးဦးစီးဌာန၊ ဆေးသုတေသနဦးစီးဌာန၊ တိုင်းရင်းဆေးပညာဦးစီးဌာန၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ အားကစားနှင့် ကာယပညာဦးစီးဌာန၊ နေပြည်တော်စည်ပင် သာယာရေးကော်မတီ၊ ဇမ္ဗူသီရိ အထူးကုဆေးရုံကြီးနှင့် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၊ မန္တလေးလျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်းတို့တွင် လစ်လပ်နေသော လက်ထောက်ဆရာဝန် ၂၀၀၀ ကျော်အတွက် လျှောက်လွှာများ ခေါ်ယူခဲ့သည်။

လက်ထောက်ဆရာဝန်၊ လက်ထောက်ဆရာဝန် (သုတေသနအရာရှိ)၊ လက်ထောက် ဆရာဝန် (ဦးစီးအရာရှိ)၊ ဦးစီးအရာရှိ၊ ဌာနစုမှူး (လက်ထောက်ဆရာဝန်) နေရာများအတွက် M.B.B.S ဘွဲ့ရရှိပြီးသူများ လျှောက်ထားခွင့်ပြုခဲ့ပြီး လစ်လပ်နေရာ ၁၇၂၂ နေရာရှိကြောင်းနှင့် လက်ထောက်ဆရာဝန် (သွား)အတွက် B . D. S ဘွဲ့ရရှိပြီးသူများ လျှောက်ထားခွင့်ပြုခဲ့ပြီး လစ်လပ်နေရာ ၃၀၀ နေရာရှိကြောင်း သိရသည်။

၂၀၁၆ ခုနှစ်မှစ၍ စတင်တာဝန်ထမ်းဆောင်မည့် လက်ထောက်ဆရာဝန်များကို အထူးပြုဘာသာရပ်တစ်ခုတည်းတွင် ကာလကြာရှည်စွာ  တာဝန်ချထားခြင်း မပြုလုပ်တော့ဘဲ  အဓိက ဆေးပညာဘာသာရပ်များပါ လေ့လာခွင့်ရရှိရန် ပြည်သူ့ဆေးရုံများတွင် အလှည့်ကျစနစ်ဖြင့် လဲလှယ်တာဝန်ပေး အပ်ခဲ့ကြောင်းနှင့် ထိုကဲ့သို့ ခန့်ထားရာတွင် ရန်ကုန်၊ မန္တလေးကဲ့သို့ မြို့ကြီးများရှိ ဘာသာရပ်ဆိုင်ရာ အထူးကုဆေးရုံကြီးများတွင် တာဝန်ချထားခံရသည့်အခါ ဆေးကုသပညာ၊ ခွဲစိတ်ကုသမှုပညာ၊ သားဖွားနှင့် မီးယပ်ပညာ၊ ကလေးဆေးကုသပညာစသည့် အဓိက ဆေးပညာ ဘာသာရပ်များကို စုံလင်စွာ တာဝန်ထမ်းဆောင် လေ့လာသင်ယူခွင့် ရရှိရန်အတွက် သက်ဆိုင်ရာ ဆေးရုံအုပ်ကြီးများက ဆေးရုံအချင်းချင်းအလှည့်ကျ စနစ်ဖြင့် လဲလှယ်တာဝန်ချထားပေးနိုင်ရန်လည်း စီစဉ် လုပ်ဆောင်ခဲ့သည်။

ထို့ပြင် အလုပ်သင်ဆရာဝန်များကို တစ်နှစ်ထက် ပိုမိုတာဝန်ထမ်းဆောင်စေပါက အခြေခံဆေးပညာ လေးဘာသာအပြင် မျက်စိ၊ နား၊ နှာခေါင်း၊ ဦးနှောက်နှင့် အာရုံကြော၊ အရိုးနှင့် ထိခိုက်ဒဏ်ရာ၊ အရေးပေါ်ကျန်းမာရေးနှင့် အထူးကြပ်မတ်ကုသရေး၊ စိတ်ကျန်းမာရေး စသည့်များစွာသော ဘာသာရပ်များ၏ အခြေခံကုသပုံ၊ ကုသနည်းစနစ်များကို ပိုမိုကျွမ်းကျင်စေခြင်းဖြင့် အလုပ်သင်ဆရာဝန်များ တာဝန်ပြီးဆုံးပါက မြို့နယ်ဆေးရုံများ၊ တိုက်နယ်ဆေးရုံများတွင် တိုက်ရိုက်တာဝန် ထမ်းဆောင်နိုင်ရန်အတွက် စီစဉ်လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

လက်ရှိ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနအောက်ရှိ ဦးစီးဌာနများတွင် တာဝန်ထမ်းဆောင်နေသော အရာထမ်းပေါင်း ၁၅၅၃၆ ဦး၊ အမှုထမ်းပေါင်း ၈၈၅၉၄ ဦး၊ စုစုပေါင်း  ၁၀၄၁၃၀ ခန့်ရှိကြောင်းနှင့် အဆိုပါဝန်ထမ်းများအတွက် လစဉ်လစာ ကျပ် ၁၇ ဒသမ ၅ ဘီလျံခန့်၊ တစ်နှစ်လျှင် ကျပ် ၂၁၁ ဘီလျံခန့်ရှိကြောင်း သိရသည်။

Most Read

Most Recent