အစိုးရကိုဆန္ဒပြသည့် မန္တလေးမြို့ အမျိုးသားရေး သပိတ်ဦးဆောင်သံဃာများနှင့် လူပုဂ္ဂိုလ်များအား (၆) ကြိမ်မြောက်ရုံးထုတ်

အစိုးရကိုဆန္ဒပြသည့် မန္တလေးမြို့ အမျိုးသားရေး သပိတ်ဦးဆောင်သံဃာများနှင့် လူပုဂ္ဂိုလ်များအား (၆) ကြိမ်မြောက်ရုံးထုတ်
Published 12 October 2017

 

အစိုးရကိုကန့်ကွက်ကြောင်း ဆန္ဒပြသည့် မန္တလေးမြို့ အမျိုးသားရေး သပိတ်ဦးဆောင် သံဃာများနှင့် လူပုဂ္ဂိုလ်များအား (၆) ကြိမ်မြောက် ရုံးထုတ်အပြီး တွေ့ရစဉ်

အစိုးရကိုကန့်ကွက်ကြောင်း ဆန္ဒပြသည့် မန္တလေးအမျိုးသားရေးသပိတ် ဦးဆောင်သံဃာများနှင့် လူပုဂ္ဂိုလ်များအား (၆) ကြိမ်မြောက် ရုံးထုတ်စစ်ဆေးခဲ့ပြီး တရားလိုပြသက်သေ ချမ်းမြသာစည်မြို့နယ်ရဲမှူးစံသူကို စစ်ဆေးပြီးနောက် ကျန်ရှိတရားလိုပြသက်သေများအား စစ်ဆေးရန်အတွက် ၁၉ ရက်သို့ ပြန်လည် ချိန်းဆိုလိုက်ကြောင်း သိရသည်။

အမှုတွင် တရားလိုလည်းဖြစ်သလို တရားလိုပြသက်သေလည်းဖြစ်သည့် ချမ်းမြသာစည်မြို့နယ်ရဲမှူးစံသူကို စစ်ဆေးခဲ့ခြင်းဖြစ်ပြီး ကျန်ရှိ တရားလိုပြသက်သေ ခုနစ်ဦးအား လာမည့် ၁၉ ရက် ရုံးချိန်းတွင် ထပ်မံစစ်ဆေးသွားမည်ဖြစ်ကြောင်း ချမ်းမြသာစည်မြို့နယ်တရားရုံး သတင်းပြန်ကြားရေးအရာရှိ ဦးဇင်လင်းသန့်က ပြောကြားသည်။

“သံဃာငါးပါးထဲက ဦးအရိယာဝံသကို သူ့ရှေ့နေက အာမခံလျှောက်ထားပေမယ့် သူတို့ကို စွဲဆိုထားတဲ့ဥပဒေပုဒ်မက အာမခံပေးခွင့် မရှိတဲ့ ပုဒ်မဖြစ်တဲ့အတွက် တရားရုံးက ပယ်ချလိုက်ပါတယ်။ တရားလိုပြ သက်သေနှစ်ဦးပဲ စစ်ဆေးရသေးတာဖြစ်တဲ့အတွက် ရုံးအနေနဲ့ အာမခံကိစ္စကို မစဉ်းစားသေးပါဘူး။ ဦးကျော်မျိုးရွှေတို့အမှုမှာ သူတို့က ခရိုင်မှာ အာမခံ လျှောက်ထားခဲ့ပြီး ခရိုင်ရုံးက ပြန်လွှဲပြောင်းပေးတဲ့အတွက် လာမယ့် ၁၉ ရက် ရုံးချိန်းမှာပဲ စစ်ဆေးသွားမှာ ဖြစ်ပါတယ်” ဟု သတင်းပြန်ကြားရေးအရာရှိ ဦးဇင်လင်းသန့်က ပြောကြားသည်။

ယခုစစ်ဆေးသည့် တရားလိုပြသက်သေများ၏ ထွက်ချက်များအနက် ကွဲလွဲမှုများရှိနေသည့်အတွက် မိမိလိုက်ပါဆောင်ရွက်ပေးနေသည့် အမှုသည်တဦးအတွက် အာမခံလျှောက်ထားခဲ့ခြင်းဖြစ်ကြောင်း ရှေ့နေ ဦးအောင်ရဲစိုးက ပြောကြားသည်။

“သူတို့တင်ပြတဲ့ သက်သေဗွီဒီယိုဖိုင်ထဲမှာရော ဓာတ်ပုံထဲမှာရော ကျွန်တော့်အမှုသည် ပါဝင်ခြင်းမရှိဘူးဆိုတာ ရုံးရှေ့မှာ အထင်အရှား ပြနိုင်တာဖြစ်တဲ့အတွက် ရသင့်ရထိုက်တာဖြစ်တဲ့ အာမခံလျှောက်ထားခဲ့တာ ဖြစ်ပါတယ်။ ဥပဒေအရာရှိကတော့ တရားလိုပြ သက်သေနှစ်ဦးပဲ စစ်ဆေးရသေးတဲ့အတွက် အခြေအနေနဲ့အချိန်အခါအရ အာမခံပေးဖို့ မဖြစ်နိုင်သေးပါဘူးဆိုပြီးတော့ ကျွန်တော်တို့ရဲ့ လျှောက်လဲချက်ကို ပယ်ချလိုက်ပါတယ်” ဟု ဦးအောင်ရဲစိုးက ပြောကြားသည်။

ဥပဒေကို လက်နက်သဖွယ်အသုံးချနေခြင်း၊ ဒီမိုကရေစီစံညွှန်း၊ စံနှုန်းနှင့် မညီညွတ်ပဲ လူ့အခွင့်အရေး ချိုးဖောက်သည်ဆိုကာ ဦးဆောင်သံဃာငါးပါးသည် မျက်နှာဖုံး (mask) စွပ်ကာပြီးခဲ့သည့် (၅) ကြိမ်မြောက်ရုံးချိန်းနှင့် ယခု (၆) ကြိမ်မြောက်ရုံးချိန်းသို့ လာရောက် စစ်ဆေးခံခဲ့ရပြီး ဝန်းရံသူ ၃၀ ကလည်း “အမျိုးသားရေး ဆရာတော်များ အမြန်ဆုံးလွတ်မြောက်ပါစေ” ဟု သံပြိုင်ဆုတောင်းပေးနေကြသည်ကို တွေ့ရသည်။

လက်ရှိ တရားစွဲဆိုထားသော အမှုမှာ နှစ်မှုဖြစ်ပြီး သပိတ်စခန်းတွင် ပါဝင်သော သံဃာများအား ခရိုင်သာသနာရေးဦးစီးမှူးက တရားလိုပြုလုပ်ပြီး စွဲဆိုထားသည့်အမှုနှင့် လူပုဂ္ဂိုလ်များကို မြို့နယ်ထွေအုပ်က တရားလိုပြုလုပ်ပြီး စွဲဆိုထားတဲ့အမှုတို့ဖြစ်ပြီး အဆိုပါ ဖြစ်စဉ်ကိုမြင်ကြားသိလိုက်သည့် သက်သေကိုးဦးနက် ကျန်ရှိ သက်သေခုနစ်ဦးအား လာမည့် ၉ ရက်တွင် စစ်ဆေးသွားမည်ဖြစ်ကြောင်း၊ တရားခံပြေးအဖြစ် သက်မှတ်ထားသည့် ဘုန်းကြီးနှစ်ပါးနှင့် လူပုဂ္ဂိုလ်များအား ဝရမ်းထုတ်ထားဆဲသာဖြစ်ပြီး ရဲတပ်ဖွဲ့က ဖမ်းဆီးရမိနိုင်ရေး ဆက်လက်ဆောင်ရွက်နေဆဲသာဖြစ်ကြောင်း ချမ်းမြသာစည်တရားရုံး၊ သတင်းပြန် ကြားရေးအရာရှိ ဦးဇင်လင်းသန့်က ပြောကြားသည်။

သပိတ်စခန်း ဦးဆောင်သံဃာရှစ်ပါးအား ခရိုင်သာသနာရေးဦးစီးမှူးက တရားလို ပြုလုပ်ကာ စွဲဆိုထားခြင်းဖြစ်ပြီး ဦးကျော်မျိုးရွှေ ပါဝင်သည့် လူပုဂ္ဂိုလ်ငါးဦးအား မြို့နယ်ထွေအုပ်က တရားလိုလုပ်ကာ တရားစွဲဆိုထားခြင်း ဖြစ်သည်။

သြဂုတ် ၅ ရက် နံနက် ၂ နာရီ သပိတ် စခန်းဖြိုခွဲချိန်က ဖမ်းဆီးခံရကာ လူဝတ်လဲပြီး ပုဒ်မ ၅၀၅ (ခ)ဖြင့် အမှုဖွင့်ခံထားရသည့် သံဃာခြောက်ပါးမှာ ဦးအဂ္ဂဓဇ (၃၅ နှစ် ၁၄ ဝါ၊ သာသနာဝင်အမှတ် ၉/မထလ (သ) ၀၀၂၇၅၃ မိတ္ထီလာမြို့နယ် မဘသအတွင်းရေးမှူး၊ အောင်သာကျောင်း၊ ဝန်ဇင်းရပ်၊ မိတ္ထီလာမြို့)၊ ဦးဝိဝေကာနန္ဒ (၂၉ နှစ် ၊ ၁၀ ဝါ၊ သာသနာဝင် အမှတ် ၇/ ပခန (သ) ၀၁၁၁၁၄ မျိုးချစ် မြန်မာရဟန်းတော်များသမဂ္ဂ၊ ချမ်းသာကြီးချမ်းရကျောင်း၊ တံခွန်တိုင်ရပ်၊ ပြည်ကြီးတံခွန် မြို့နယ်၊မန္တလေးမြို့)၊ ဦးဣန္ဒက (၂၆ နှစ်၊  ငါးဝါ၊ သာသနာဝင်အမှတ် ၉/ခမစ (သ) ၀၀၄၇၄၅၊ မျိုးချစ်မြန်မာ ရဟန်းတော်များသမဂ္ဂ၊ ဓမ္မသုခကျောင်း၊ နှမ်းကြဲကျေးရွာ၊ ပုသိမ်ကြီးမြို့နယ်၊ မန္တလေးမြို့)၊ ဦးပဏ္ဍိတ (၄၈ နှစ်၊ ၂၈ ဝါ၊ သာသ နာဝင်အမှတ် ၉/ ညဥန(သ) ၀၀၁၂၁၈၊ (မည် သည့်အဖွဲ့ဝင်မှမဟုတ်) ကြံခင်းဝန်ကျောင်း၊ ညောင်ဦးမြို့နယ်)၊ ဦးအာစာရ (၂၂ နှစ်၊ နှစ်ဝါ၊ သာသနာဝင်အမှတ် ၉/ ပကခ (သ) ၀၀၂၃၉၁၊ ဓမ္မသုခကျောင်း၊ နှမ်းကြဲကျေးရွာ ပုသိမ်ကြီးမြို့နယ်) နှင့် ဦးအရိယာဝံသ (၃၀ နှစ်၊ ၁၀ ဝါ၊ သာသနာဝင်အမှတ် (မသိရသေး) မျိုးချစ်မြန်မာ ရဟန်းတော်များသမဂ္ဂ၊ ငါးဆူကျောင်းတိုက်၊ ပလိုင်းရပ်၊ ချမ်းအေးသာစံမြို့နယ် မန္တလေး မြို့) တို့ဖြစ်ကာ သပိတ်စခန်း ဦးဆောင်သည့် သံဃာဖြစ်ပြီး လက်ရှိဖမ်းဆီးမခံရသေးသည့် နှစ်ပါးမှာ ဦးဣန္ဒောဘာသ (ရခိုင်ဘုန်းကြီး) (၄၅နှစ်၊ ၁၆ ဝါ၊ မျိုးချစ်မြန်မာရဟန်းတော်များ သမဂ္ဂ၊ သာသနာဝင်အမှတ် ၉/ ပကသ (သ) ၀၀၂၁၀၀၊ ဓမ္မသုခကျောင်း၊ နှမ်းကြဲကျေးရွာ၊ ပုသိမ်ကြီးမြို့နယ်၊ မန္တလေးမြို့)နှင့် ဦးစန္ဒာသီရိ (၄၁ နှစ်၊ ၂၀ ဝါ၊ သာသနာဝင်အမှတ် ၉/ မဟမ (သ) ၀၀၁၂၉၁၊ မျိုးချစ်မြန်မာ ရဟန်းတော်များ သမဂ္ဂဓမ္မသုခကျောင်း၊ နှမ်းကြဲကျေးရွာ၊ ပုသိမ် ကြီးမြို့နယ်၊ မန္တလေးမြို့) တို့ဖြစ်သည်။

Most Read

Most Recent