၂၀၁၇ ခုနှစ် တောင်ကြီးတန်ဆောင်တိုင် မီးပုံးပျံပွဲတော်တွင် ကွင်းပတ်လည်၌ ပျံကျဈေးသည်များ ရောင်းချခွင့်ပြုတော့မည် မဟုတ်ကြောင်း ဦးစီးကော်မတီအဖွဲ့ ပြောကြား

၂၀၁၇ ခုနှစ် တောင်ကြီးတန်ဆောင်တိုင် မီးပုံးပျံပွဲတော်တွင် ကွင်းပတ်လည်၌ ပျံကျဈေးသည်များ ရောင်းချခွင့်ပြုတော့မည် မဟုတ်ကြောင်း ဦးစီးကော်မတီအဖွဲ့ ပြောကြား
Published 12 October 2017

တောင်ကြီးတန်ဆောင်တိုင် မီးပုံးပျံပွဲတော်ကြီးအတွက် ပြင်ဆင်နေသည်ကို အောက်တိုဘာ ၁၁ ရက်က တွေ့ရစဉ်

၂၀၁၇ ခုနှစ် တောင်ကြီးတန်ဆောင်တိုင် မီးပုံးပျံပွဲတော်တွင် အဝေရာ ကုန်းသာယာ မီးပုံးပျံလွှတ်တင်မည့် ကွင်းပတ်ပတ်လည်၌ ပျံကျဈေးသည်များကို ရောင်းခွင့်ပြုတော့မည် မဟုတ်ကြောင်း ဦးစီးကော်မတီဝင်များက အောက်တိုဘာ ၁၁ ရက်တွင် ပြောကြားသည်။

ယခင်နှစ် ၂၀၁၆ ခုနှစ်က မီးပုံးပျံကွင်း ဘေးပတ်ပတ်လည်တွင် ပျံကျဈေးသည်များကို ဈေးရောင်းခွင့် မပြုတော့သဖြင့် ပျံကျဆိုင်ခန်းနှင့် ဈေးသည်တစ်ရာကျော်တို့က ဆန္ဒဖော်ထုတ်ခြင်း ဖြစ်ပွားခဲ့ပြီး ပြန်လည်ရောင်းချခွင့် ပြုခဲ့ရကြောင်း၊ အဆိုပါ စည်းကမ်းချက် ထည့်သွင်းခြင်း မရှိသဖြင့် ယခင်နှစ်က လေလံကြေး ကျပ်သိန်း ၂၄၀၀ ခန့်သာ ရရှိခဲ့ပြီး ဈေးနှိမ်ခြင်း များရှိခဲ့ကြောင်း၊ ယခုနှစ်တွင်မူ ပွဲလာပရိသတ်များ အန္တရာယ် ကင်းရှင်းစေရေးအတွက် မီးပုံးပျံလွှတ်တင်မည့် ကွင်းဘေးပတ်ပတ်လည်တွင် ပျံကျဈေးသည်များကို ရောင်းချခွင့် မပြုတော့ဘဲ၊ ပျံကျဈေးသည်များအတွက် နေရာတစ်ခုကိုလည်း သတ်မှတ်ပေးသွားမည် ဖြစ်ကာ၊ လုံခြုံရေးအဖွဲ့များဖြင့် စည်းကြပ်သွားမည်ဖြစ်ကြောင်း ဘဏ္ဍာရေးဝန်ကြီး ဦးစိုင်းရှဲန် တစ်လုံက ပြောကြားသည်။

“မီးပုံးပျံကွင်းဘေးနားမှာ ကျွန်တော်တို့ ပြောထားတယ်။ ဘယ်ဆိုင်မှ ပေးမဖွင့်ဘူး။ လေလံရတဲ့သူသည် ပျံကျနေရာ သတ်မှတ်ဖို့၊ တစ်နေရာ သတ်မှတ်ပေးလိုက် အဲဒီနေရာကိုသွား၊ ကွင်းထဲကိုတော့ မလာနဲ့ လုံခြုံရေး ကော်မတီကနေ တာဝန်ယူပေးရမယ်။ ဒါဘဏ္ဍာငွေရှာဖွေတဲ့ ကော်မတီက လုံခြုံရေးနဲ့တော့ တိုက်ရိုက်မပတ်သက်ဘူး။ နယ်လုံဝန်ကြီးကို ပြောထားတယ်။ အဲဒီပျံကျဈေးသည်မှာ ပြဿနာရှိလိမ့်မယ်။ အဲဒီတော့ ရထားတဲ့ လုပ်ငန်းရှင်က ပျံကျနေရာကို သတ်မှတ်ပေးမယ်။ ပျံကျဆိုရင် အဲဒီနေရာကို သွားပါ။ ကွင်းထဲမှာ ဘယ်ဆိုင်ခန်းမှ မရှိစေဖို့ လုံခြုံရေး တာဝန်ယူပေးပါလို့ ဆိုပြီးတော့ လုံခြုံရေးတွေ အားလုံးဝိုင်း စည်းကြပ်မှရမယ်” ဟု ဘဏ္ဍာရေးဝန်ကြီး ဦးစိုင်းရှဲန်တစ်လုံက ပြောကြားသည်။

ယခင်နှစ်က အထူးတန်းပွဲကြည့်စင်ကို တည်ဆောက်ရန် စီစဉ်ခဲ့ပြီး ပြည်သူလူထု ကန့်ကွက်ခြင်းကြောင့် ပွဲကြည့်စင် ပျက်ပြယ်ခဲ့ရပြီး ယခုနှစ်တွင်လည်း အထူးတန်းပွဲကြည့်စင် ပါဝင်မည် မဟုတ်ကြောင်း၊ အဝေရာ ကုန်းသာယာ မီးပုံးပျံကွင်းထဲတွင် လွတ်လပ်စွာ အများပြည်သူ မီးပုံးပျံပွဲကြည့်ရှုနိုင်ရန် စီစဉ်ထားကြောင်း သိရသည်။

အဆိုပါ မီးပုံးပျံလွှတ်တင်ရာ ကွင်းပတ်ပတ်လည်တွင် ဈေးဆိုင်ခန်းများ ထားရှိခြင်းကြောင့် မီးပုံးပျံလွှတ်တင်ရာတွင် အန္တရာယ်များစေပြီး ဈေးဆိုင်ခန်းများကြောင့် လှုပ်ရှားပြေးလွှားရန် နေရာကြပ်တည်းလျက် ရှိခြင်းတို့ကြောင့် ယခုနှစ်တွင် ကွင်းပတ်ပတ်လည် ပျံကျနှင့် ဈေးဆိုင်ခန်းများကို မဖွင့်စေဘဲ လမ်းကြပ်တည်းမှု ပြဿနာများကို ဖြေရှင်းဆောင်ရွက်ထားရှိခြင်း ဖြစ်ကြောင်း ရှမ်းပြည်နယ် အစိုးရအဖွဲ့က ပြောကြားသည်။

ထို့ပြင် ယခုနှစ် ၂၀၁၇ ခုနှစ်တွင် တောင်ကြီး တန်ဆောင်တိုင် မီးပုံးပျံပွဲတော်ကြီးတွင် မီးပုံးပျံနေ့လွှတ်၊ ညလွှတ်များအတွက် ဆုကြေးငွေများကို တိုးမြှင့်ထားပြီး ယခင်နှစ်ကထက် ၇၈ သိန်း ပိုမိုချီးမြှင့်ပေးထားကြောင်း တန်ဆောင်တိုင် မီးပုံးပျံပွဲတော် ကျင်းပရေး ဦးစီးကော်မတီ ဥက္ကဌဖြစ်သူ လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်းက ပြောကြားသည်။

ထို့ပြင် တောင်ကြီးတန်ဆောင်တိုင် မီးပုံးပျံပွဲတော်ကြီးကို အဝေရာကွင်းတွင် ယခုနှစ် နောက်ဆုံးထားပြီး ကျင်းပသွားမည်ဟု ကောလဟာလများ ထွက်ပေါ်နေပြီး အဆိုပါ ဖြစ်စဉ်နှင့်ပတ်သက်၍ ရှမ်းပြည်နယ် မီးပုံးပျံပညာရှင်များ အသင်းဥက္ကဋ္ဌဖြစ်သူ ဒေါက်တာသန်းဝင်းက ထိုဖြစ်စဉ်ကို မှတ်ချက်မပေးလိုကြောင်း၊ ဖြစ်လာခဲ့လျှင်လည်း နောင်တစ်ချိန်တွင် ရှမ်းပြည်နယ် ပြည်သူလူထုအပိုင် ကွင်းတစ်ကွင်းကို ပြည်သူပိုင် ကွင်းအဖြစ် ရရှိအောင် တင်ပြတောင်းဆိုသွားရမည် ဖြစ်ကြောင်း ပြောကြားသည်။

“အဲဒါကို ရှမ်းပြည်နယ် ပြည်သူလူထုပိုင် ရှမ်းပြည်နယ် အစိုးရပိုင်ကွင်းပေါ့။ ဖြစ်အောင် တရားဝင် ၁၀၅ ပေါက်အောင် သက်ဆိုင်ရာ အာဏာပိုင်တွေထံကို တွန်းတွန်းတိုက်တိုက်နဲ့ တောင်းဆိုပေးမယ်ပေါ့။ အဲဒါကတော့ ကောလာဟာလလည်း ဖြစ်ချင်ဖြစ်မယ်။ အတည်လည်း ဖြစ်ချင်ဖြစ်မယ်။ မှတ်ချက်မပေးလိုပါဘူး။ ကျွန်တော်တို့လည်း ကြားပါတယ်။ နှစ်နှစ်ဖြစ်မယ်။ တစ်နှစ်ဖြစ်မယ်ပေါ့။ မြို့အထွက် လေးမိုင်ကို ရွေ့ဖို့ပေါ့။ ဒါတွေက ခိုင်ခိုင်လုံလုံ မသိရသေးတော့ အတည်မပြုသေးဘူး။ ဖြစ်လာမယ် ဆိုရင်လည်း ကျွန်တော်တို့ဆီမှာ မြေနေရာ မရှိတဲ့အတွက် အစိုးရစီမံပေးတဲ့ နေရာမှာပဲ သွားလွှတ်ရမှာပေါ့နော်” ဟု ရှမ်းပြည်နယ်ရိုးရာ မီးပုံးပျံပညာရှင်အသင်း ဥက္ကဋ္ဌ ဒေါက်တာသန်းဝင်းက ပြောကြားသည်။

 

Most Read

Most Recent