<

ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် ဖြစ်ပွားနေသော အကြမ်းဖက် တိုက်ခိုက်မှုများကြောင့် မြောက်ဦးဒေသ ခရီးသွားလုပ်ငန်း ထိခိုက်နိုင်ကြောင်း ဧည့်လမ်းညွှန်များ သုံးသပ်

မြောက်ဦးဒေသရှိ ရှေးဟောင်းစေတီပုထိုးများကို ဖူးတွေ့ရစဉ်

ရခိုင်ပြည်နယ် မြောက်ပိုင်းတွင်း ဖြစ်ပွားနေသော အကြမ်းဖက် တိုက်ခိုက်မှုများကြောင့် မြောက်ဦးဒေသ ခရီးသွားလုပ်ငန်း ထိခိုက်နိုင်ကြောင်း ဧည့်လမ်းညွှန်များ သုံးသပ်မှုများ ရှိနေသော်လည်း မြောက်ဦးဒေသ အတွင်း တည်ငြိမ်အေးချမ်းနေသည့်အတွက် ခရီးသွားများ လာရောက်မည် ဆိုပါက လာရောက်နိုင်ကြောင်း ပြောကြားသည်။

“ခရီးသွားရာသီက စတော့မယ်ဆိုပေမဲ့ တစ်ယောက်စ နှစ်ယောက်စလောက်သာ ရောက်တယ်။ ရခိုင်ပြည်မြောက်ပိုင်းမှာ ဖြစ်ပွားနေတဲ့ အကြမ်းဖက်မှုတွေကြောင့် မြောက်ဦးခရီးသွားလုပ်ငန်း ကျဆင်းနိုင်ခြေ ရှိပါတယ်။ ပုံမှန် တစ်နှစ်ကို လေးငါးထောင် ရောက်တဲ့အခြေအနေကနေ လုံးဝကျဆင်းသွားနိုင်ပြီး လာတဲ့သူ မရှိသလောက် နည်းသွားနိုင်တယ်လို့ သုံးသပ်မိတယ်။ ဘာကြောင့်လဲဆိုတော့ အစိုးရဘက်က ထုတ်ပြန်တဲ့ စာရွက်တွေမှာလည်း အနီရောင်တွေ ပြသထားတဲ့အတွက် နိုင်ငံခြားခရီးသွားတွေကတော့ လာမှာမဟုတ်တော့ဘူးလို့ ထင်တယ်။ သူတို့ထင်တာကတော့ အသေခံဗုံးခွဲမှုတွေအထိ ဖြစ်နိုင်တဲ့ဒေသလို့ ယူဆတဲ့အတွက် မလာကြတာဖြစ်တယ်။ ဒါကြောင့် ဒီနှစ်တွေထဲမှာ ခရီးသွားလုပ်ငန်းဟာ မျှော်လင့်ချက်မရှိဘူးလို့ ဆိုရမယ်” ဟု မြောက်ဦးမြို့မှ ဧည့်လမ်းညွှန် တစ်ဦးဖြစ်သူ ကိုထွန်းနေ၀င်းက ပြောကြားသည်။

မြောက်ဦးရှေးဟောင်း အမွေအနှစ် ဒေသသည် ရခိုင်ပြည်နယ်အတွင်း ခရီးသွားများ လာရောက်မှုနှင့် စိတ်ဝင်စားမှုအများဆုံး ဒေသဖြစ်သည့်အတွက် တစ်နှစ်လျှင် ခရီးသွား ဧည့်သည် ၄၀၀၀ မှ ၅၀၀၀ ကြားအထိ လာရောက်လည်ပတ် လေ့လာကြလေ့ ရှိသော်လည်း ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် အကြမ်းဖက် တိုက်ခိုက်မှုများသည် ခရီးသွားလုပ်ငန်းအတွက် များစွာထိခိုက်နိုင်ကြောင်း သိရသည်။

“ရခိုင်ပြည်နယ်မြောက်ပိုင်း အခြေအနေတွေကြောင့် ခရီးသွားလုပ်ငန်းတွေ ကျဆင်းသွားနိုင်ပေမဲ့ တကယ်တမ်းကျတော့ မြောက်ဦးနဲ့ စစ်တွေလမ်းကြောင်း တစ်လျှောက်မှာဆိုရင် တည်ငြိမ်အေးချမ်းနေတဲ့ အတွက် ခရီးသွားတွေအတွက်တော့ အနှောင့်အယှက် ဖြစ်တာမျိုးတော့ မရှိပါဘူး။ ခရီးသွားတွေ လာမယ်ဆိုရင်တော့ မြောက်ဦးနဲ့စစ်တွေလို နေရာမျိုးတွေကိုတော့ လာရောက်နိုင်ပါတယ်။ ခရီးသွားလုပ်ငန်းတွေ လုပ်ကိုင်ကြသူတွေ အနေနဲ့လည်း လှိုက်လှဲစွာနဲ့ လိုက်ပါပို့ဆောင် ပေးနေတာတွေ ရှိပါတယ်။ အခုလည်း အနည်းအကျဉ်းတော့ လာကြတာ ရှိပါတယ်” ဟုလည်း ၀ါရင့်ဧည့်လမ်းညွှန် တစ်ဦးဖြစ်သူ ဦးဇော်မြင့်က ပြောကြားသည်။

ရခိုင်ပြည်နယ် ခရီးသွားလုပ်ငန်းတွင် စစ်တွေသို့ လေကြောင်းလိုင်းဖြင့် လာရောက်ပြီး စစ်တွေမှတစ်ဆင့် ကုန်းလမ်း၊ ရေလမ်းတို့ဖြင့် မြောက်ဦးသို့ သွားရောက်ကြလေ့ရှိသည့်အပြင် မြောက်ဦးဒေသအတွင်း ရှေးဟောင်းနယ်မြေနှင့် လေးမြို့ချောင်း သဘာဝအလှအပများကို ခံစားကြည့်ရှုနိုင်ကြောင်းနှင့် ချင်းရွာများသို့လည်း သွားရောက်လည်ပတ် လေ့လာမှုများ ရှိနေကြောင်း သိရသည်။

 

October 11, 2017














Copy Protected by Chetan's WP-Copyprotect.