အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီက ကြီးမှူး၍ ဘာသာပေါင်းစုံဆုတောင်းပွဲ ရန်ကုန်မြို့အပါအဝင် မြို့အချို့တွင် ပြုလုပ်

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီက ကြီးမှူး၍ ဘာသာပေါင်းစုံဆုတောင်းပွဲ ရန်ကုန်မြို့အပါအဝင် မြို့အချို့တွင် ပြုလုပ်
Published 11 October 2017

ရန်ကုန်တိုင်းဒေသကြီး အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က ကြီးမှူးကျင်းပသည့် ဘာသာပေါင်းစုံ ငြိမ်းချမ်းရေး ဆုတောင်းပွဲကို အောက်တိုဘာ ၁၀ ရက်က အောင်ဆန်းအားကစားကွင်း၌ ပြုလုပ်စဉ် (ဓာတ်ပုံ-ကျော်ဇင်ဖြိုး)

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီက ကြီးမှူး၍ ဘာသာပေါင်းစုံ ဆုတောင်းပွဲကို ရန်ကုန်မြို့အပါအဝင် မြို့အချို့တွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

ရန်ကုန်မြို့

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ ရန်ကုန်တိုင်းဒေသကြီးက ကြီးမှူး၍ မြန်မာနိုင်ငံနှင့် နိုင်ငံသူ နိုင်ငံသား အားလုံး ငြိမ်းချမ်းသာယာဝပြောစေရန် ဘာသာပေါင်းစုံ ဆုတောင်းပွဲကို အောင်ဆန်း အားကစားကွင်း၌ အောက်တိုဘာ ၁၀ ရက် ညနေ ၅ နာရီခွဲတွင် ပြုလုပ်ခဲ့သည်။

ထိုသို့ဘာသာပေါင်းစုံ ဆုတောင်းပွဲပြုလုပ်ရာတွင် ဦးစွာရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦး ဖြိုးမင်းသိန်းက ငြိမ်းချမ်းရေး ဖယောင်းတိုင် ထွန်းညှိ၍ အခမ်းအနားကို စတင်ဖွင့်လှစ်ခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီး သံဃနာယကအဖွဲ့ဥက္ကဋ္ဌ ဆရာတော်အဂ္ဂမဟာ သဒ္ဇမ္မဇောတိကဓဇ ဒေါက်တာဘဒ္ဒန္တဣဒ္ဓိဗလ၊ အစ္စလာမ် ဘာသာရေးခေါင်းဆောင် အလာဟာဂျ်မော်ဝ်လာနာမုတ်သီနူးရ်မိုဟာမက် ဦးကိုလေး၊ ဟိန္ဒူ ဘာသာရေးခေါင်းဆောင် မြန်မာနိုင်ငံလုံးဆိုင်ရာ ဟိန္ဒူသာသနာ ပြုဆရာဒေါက်တာလှထွန်း၊ မဟာယနဗုဒ္ဓဘာသာ ဘုန်းတော်ကြီး ကွမ်ရင်စီ တရုတ်ဗုဒ္ဓဘာသာ ဘုန်းကြီးကျောင်း ပဓာနနာယက ဆရာတော် ဦးအာစာရ၊ ခရစ်ယာန် ဘာသာရေးခေါင်းဆောင် မြန်မာနိုင်ငံ ကက်သလစ် ဆရာတော်ကြီးများ အဖွဲ့ချုပ် ရန်ကုန်ကတ်သလစ်ဂိုဏ်းချုပ် သာသနာကာဒီနယ်လ် ချားလ်စ်မောင်ဘိုတို့က သက်ဆိုင်ရာ ဘာသာအလိုက် မေတ္တာစကား ပြောကြားခြင်းနှင့် ဆုတောင်းခြင်းတို့ ပြုလုပ်ခဲ့သည်။

ထို့နောက် အခမ်းအနားသို့ တက်ရောက်လာသည့် ဘာသာရေးခေါင်းဆောင်များနှင့် ဧည့်ပရိသတ်များသည် ငြိမ်းချမ်းရေး ဖယောင်းတိုင်များ ထွန်းညှိကာ ဆုတောင်းမေတ္တာ ပို့သခြင်း ဆောင်ရွက်ခဲ့သည်။

ထိုသို့ ဘာသာပေါင်းစုံ ဆုတောင်းပွဲ ပြုလုပ်ရာတွင် အောင်ဆန်းကွင်း ပတ်ဝန်းကျင်ရှိ လမ်းမများအား ပွဲမကျင်းပမီ ကတည်းကပင် ပွဲပြီးဆုံးချိန်အထိ ခေတ္တလမ်းပိတ်ထားမှုကြောင့် ၎င်းနေရာနှင့် ဆက်စပ်နေရာများတွင် ယာဉ်ကြောပိတ်ဆို့မှုအချို့ ရှိခဲ့သည်။

မြဝတီမြို့

မြန်မာနိုင်ငံ ငြိမ်းချမ်းဖို့နှင့် ရခိုင်ပြည်နယ်အတွင်း အေးချမ်းတည်ငြိမ်ဖို့အတွက် ဘာသာပေါင်းစုံ ဆုတောင်းပွဲကို  မြဝတီမြို့ အမှတ် ၄ ရပ်ကွက် ဘုရင့်နောင်လမ်းမကြီး သောင်ရင်းခမ်းတွင် အောက်တိုဘာ ၉ ရက်နံနက် ၈ နာရီခွဲခန့်က ပြုလုပ်ခဲ့သည်။

မြန်မာနိုင်ငံ ငြိမ်းချမ်းတည်ငြိမ်ရေးအတွက် ဘာသာကြီး လေးခုဖြစ်သော ဗုဒ္ဓဘာသာဝင်များ၊ ဟိန္ဒူဘာသာဝင်များ၊ ခရစ်ယန်ဘာသာဝင်များ၊ အစ္စလမ်ဘာသာဝင်များအပြင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်၊ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြသည်။

ဦးစွာ ပထမ ဘာသာကြီးလေးရပ် ညီညွတ်ရေးအဖွဲ့ (မြဝတီ) ၏ဥက္ကဋ္ဌလည်းဖြစ်၊ သဘာပတိ ဦးစောအေမြိုင်က အဖွင့်ဆုတောင်းစကား ပြောကြားရတွင် မြန်မာနိုင်ငံအတွင်း မှီတင်းနေထိုင်ကြသည့် တိုင်းရင်းသား တိုင်းရင်းသူ အားလုံး၊ ကျန်းမာချမ်းသာပြီး ဘေးဒုက္ခများ ကင်းဝေးကြပါစေကြောင်း ဆုတောင်းပြီး မေတ္တာပို့သခဲ့သည်။

လွိုင်ကော်မြို့

ပြည်ထောင်စုကြီး ငြိမ်းချမ်းဖို့ ဘာသာပေါင်းစုံ ဆုတောင်းစို့ ဆိုသည့် ခေါင်းစဉ်ဖြင့် လွိုင်ကော်မြို့ ကျောက်သားရင်ပြင်တွင် အောက်တိုဘာ ၁၀ ရက် နံနက် ၈ နာရီတွင် ဘာသာပေါင်းစုံ ဆုတောင်းပွဲ ကျင်းပကြောင်း သိရသည်။

ဆုတောင်းပွဲသို့ ကယားပြည်နယ် အစိုးရဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်များ၊ လွိုင်ကော်မြို့နယ်အတွင်းရှိ ဘာသာပေါင်းစုံမှ ရပ်ကွက်နေပြည်သူများ တက်ရောက်ကြကြောင်း သိရသည်။

စစ်ကိုင်းမြို့

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က ကြီးမှူးကျင်းပသည့် ပြည်ထောင်စုကြီး ငြိမ်းချမ်းရေးအတွက် ဘာသာပေါင်းစုံ ဆုတောင်းမေတ္တာပို့ အခမ်းအနားကို အောက်တိုဘာ ၁၀ ရက် ညနေပိုင်းက စစ်ကိုင်းမြို့ ဗိုလ်ချုပ်အောင်ဆန်း ပန်းခြံရှေ့တွင် ပြုလုပ်ခဲ့သည်။

မေတ္တာပို့ဆုတောင်းပွဲကို စစ်ကိုင်းမြို့ သံဃနာယကအဖွဲ့ ဆရာတော်ကြီးများ၊ စစ်ကိုင်းမြို့မှ အစ္စလာမ်၊ ခရစ်ယာန်၊ ဟိန္ဒူဘာသာ အဖွဲ့များမှ ဘာသာရေးခေါင်းဆောင်များက မေတ္တာပို့ ဆုတောင်းစကားများ ပြောကြားပြီး တက်ရောက်လာသူများက ဖယောင်းတိုင်မီးများထွန်း၍ ပြည်ထောင်ကြီး ငြိမ်းချမ်းရေးအတွက် စုပေါင်းမေတ္တာပို့ ဆုတောင်းခဲ့ကြသည်။

မန္တလေးမြို့

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က ဦးဆောင်သည့် ဘာသာပေါင်းစုံ ဆုတောင်းပွဲကို မန္တလေးမြို့တွင် အောက်တိုဘာ ၁၀ ရက် ည နေ ၆ နာရီ ၁၅ မိနစ်က ပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။

အောက်တိုဘာ၏ အင်္ဂါနေ့တိုင်း ပြုလုပ်မည့် အဆိုပါ ဘာသာပေါင်းစုံ ဆုတောင်းပွဲတွင် မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ ဝန်ကြီးများ၊ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်မှ တာဝန်ရှိသူများ၊ ဘာသာပေါင်းစုံ အသီးသီးမှ တက်ရောက်ခဲ့ကြသည်။

ဘာသာပေါင်းစုံအဖွဲ့ ခေါင်းဆောင်အသီးသီးက ဆုတောင်းမေတ္တာပို့သခဲ့ကြပြီး ဖယောင်းတိုင်ထွန်း ဆုတောင်းခဲ့ကြသည်။

မကွေးမြို့

မကွေးတိုင်းဒေသကြီးတွင် ဘာသာပေါင်းစုံ ငြိမ်းချမ်းရေးဆုတောင်းပွဲ ပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။

အောင်တိုဘာ ၁၀ ရက် အင်္ဂါနေ့က မကွေးတိုင်းဒေသကြီး အတွင်းရှိ မြို့နယ်အများစုတွင် ဘာသာပေါင်းစုံ ငြိမ်းချမ်းရေး ဆုတောင်ပွဲများ ပြုလုပ်ခဲ့ပြီး အဆိုပါ ဆုတောင်းပွဲများကို ညနေ ၆ နာရီမှစ၍ ပြုလုပ်သွားမည်ဖြစ်ပြီး အပတ်စဉ် အင်္ဂါနေ့တိုင်း လေးပတ်တိတိ ပြုလုပ်သွားရန် စီစဉ်ထားသည်။

“တစ်တိုင်းလုံးမှာရှိတဲ့ ၂၅ မြို့နယ်လုံး ဆောင်ရွက်သွားမှာပါ။ ညနေ ၆ နာရီကနေ ၇ နာရီအထိ လုပ်မှာပါ။ ဘာသာပေါင်းစုံ ချစ်ကြည်ရေး ဆုတောင်းပွဲပေါ့။ ဒီနေ့ကစပြီး အင်္ဂါနေ့တိုင်း လေးပတ်တိတိ လုပ်သွားမှာပါ။ ရည်ရွယ်ချက်ကတော့ ငြိမ်းချမ်းရေးပါပဲ။

ပြည်ထောင်စုတစ်ခုလုံး ငြိမ်းချမ်းရေးရဖို့ပါပဲ။ အဲဒီမှာမှ ဘာသာပေါင်းစုံ ချစ်ကြည်ရေးဆိုတာပါ ပါလာတာပေါ့။ ပြည်ထောင်စုကြီးချမ်း ငြိမ်းချမ်းဖို့ ဘာသာပေါင်းစုံ ချစ်ကြည်စို့ ဆိုတဲ့ ဆောင်ပုဒ်နဲ့လုပ်မှာပါ” ဟု မကွေးတိုင်းဒေသကြီး NLD ပါတီဥက္ကဋ္ဌ ဦးသိန်းဇော်က ပြောကြားသည်။

ဘာသာပေါင်းစုံ ငြိမ်းချမ်းရေး ဆုတောင်းပွဲကို မကွေးတိုင်းအတွင်း ဆူပူမှုများ ဖြစ်ပွားခဲ့သည့် တောင်တွင်းကြီးမြို့တွင် အစောဆုံး စတင်ပြုလုပ်ခဲ့ကြောင်း သိရသည်။

 

Most Read

Most Recent