နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား ထောက်ခံပွဲ ပြည်မြို့၊ ပခုက္ကူမြို့၊ ကလေးမြို့တို့တွင် ပြုလုပ်

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား ထောက်ခံပွဲ ပြည်မြို့၊ ပခုက္ကူမြို့၊ ကလေးမြို့တို့တွင် ပြုလုပ်
Published 11 October 2017

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား ထောက်ခံပွဲ ပခုက္ကူမြို့၌ ပြုလုပ်စဉ်

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား ထောက်ခံပွဲကို ပြည်မြို့၊ ပခုက္ကူမြို့နှင့် ကလေးမြို့တို့တွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

ပြည်မြို့

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား ထောက်ခံပွဲကို ပဲခူးတိုင်းဒေသကြီး (အနောက်ပိုင်း) ပြည်မြို့တွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါထောက်ခံပွဲကို အောက်တိုဘာ ၁၀ ရက် နံနက်ပိုင်းက ပြည်မြို့ ယဉ်ကျေးမှု ကဇာတ်ရုံကြီးတွင် ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး မြို့နယ်အတွင်း နိုင်ငံရေး အင်အားစုများ၊ အရပ်ဘက် အဖွဲ့အစည်းများ၊ နာရေးကူညီမှုအသင်း၊ နိုင်ငံရေး အကျဉ်းသားဟောင်းများ၊ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းတို့ တက်ရောက်ခဲ့ကြကာ ထောက်ခံဟောပြောမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ယင်းထောက်ခံပွဲတွင် ပြည်မြို့ဒေသခံ ကာတွန်းဆရာများက ဒေါ်အောင်ဆန်းစုကြည် ပုံတူကာတွန်းများ ရေးဆွဲကာ အခမဲ့ ဝေငှပေးခြင်း၊ ဟိန္ဒူဘာသာဝင်၊ အစ္စလာမ်ဘာသာဝင်တို့မှ သဘောထားကြေညာချက်များ ဖတ်ကြားခြင်း၊ အကြမ်းဖက် လုပ်ရပ်များအား ကန့်ကွက်ရှုတ်ချကြောင်း ပြောကြားခြင်းတို့ ပြုလုပ်ခဲ့ကြသည်။

ပခုက္ကူမြို့

ပခုက္ကူခရိုင် အတွင်းရှိ မြို့နယ်ငါးမြို့ နယ်မှ ပြည်သူများစုပေါင်း၍ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား ထောက်ခံကြောင်း အခမ်းအနားအား အောက်တိုဘာ ၁၀ ရက် နံနက် ၈ နာရီခွဲခန့်က ပခုက္ကူမြို့တွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား ထောက်ခံပွဲကျင်းပရာ ပခုက္ကူမြို့ လွတ်လပ်ရေးပန်းခြံတွင် ဒေသခံများ စုဝေးခဲ့ကြပြီး ‘WE STAND WITH DAW AUNG SAN SU KYI’ စာတန်းပါ ဗီနိုင်းပိုစတာများကိုလည်း ကိုင်ဆောင်ခဲ့ကြကြောင်း သိရသည်။

ပခုက္ကူမြို့နယ် မြိုင်မြို့နယ်နှင့် ပေါက်မြို့နယ်များမှ တက်ရောက်လာသူများကလည်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား ထောက်ခံကြောင်း အမှတ်တရ စကားများ ပြောကြားခဲ့ကြပြီး နိုင်ငံတော်သီချင်း သီဆိုခြင်း ၊ နိုင်ငံတော်အလံ အလေးပြုခြင်းနှင့် ဒေါ်အောင်ဆန်းစုကြည် သက်ရှည် ကျန်းမာစေရန် ဆုတောင်းမှုများ ပြုလုပ်ခဲ့ကြကြောင်း သိရသည်။

ကလေးမြို့

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ထောက်ခံပွဲနှင့် ဘာသာပေါင်းစုံ ငြိမ်းချမ်းရေး ဆုတောင်းပွဲကို အောက်တိုဘာ ၁၀ ရက် နံနက်ပိုင်းနှင့် ညနေပိုင်းတို့တွင် ကလေးမြို့၌ ကျင်းပခဲ့ကြောင်း သိရသည်။

“ရခိုင်အရေးနဲ့ ပတ်သက်ပြီး အစိုးရဆိုလည်း ဟုတ်တယ်။ လူထုခေါင်းဆောင် နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်က နိုင်ငံတကာမှာ သူ့ကိုပုတ်ခတ်တာ၊ မဟုတ်မမှန် စွပ်စွဲတာ ရှိတဲ့အခါကျတော့ ပြည်သူလူထုကလည်း သူ့ကို ဝန်းရံနေတယ်ဆိုတာ၊ ကမ္ဘာက သူ့ကိုသိအောင် လုပ်တယ်ဆိုတာ အားရပါတယ်” ဟု စစ်ကိုင်းတိုင်းဒေသကြီး ချင်းတိုင်းရင်းသားရေးရာဝန်ကြီး ဦးလားထောင်ထန်းက ပြောကြားသည်။

အဆိုပါ ထောက်ခံပွဲကို ကလေးမြို့ ရွှေဘုံသာ ဘုရားကြီးတွင် လူစု၍ ဘုရားကြီးလမ်း၊ ဝေဇယန္တာလမ်း၊ ဗိုလ်ချုပ်လမ်း၊ ပင်လုံလမ်းမတော်သို့ သွားရောက်ခဲ့ကြပြီး ရွှေဘုံသာဘုရားကြီးသို့ ပြန်လည်ရောက်ရှိကာ ကဗျာရွတ်ခြင်း၊ အမှတ်တရစကားများ ပြောဆိုခြင်းများ ပြုလုပ်ခဲ့ကြသည်ဟု သိရသည်။

“ဒီပွဲကတော့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာက ဖိအားတွေ ပေးနေကြတဲ့ အချိန်မှာ ကျွန်တော်တို့ ပြည်သူတွေက ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ ရှိနေတယ်ဆိုတာ ပြသချင်လို့ ဒီပွဲကိုလုပ်တာပါ။ ဒေါ်အောင်ဆန်းစုကြည်နဲ့ ပတ်သက်ပြီးတော့ ပြည်သူတွေက ၂၀၁၅ ကတည်းက တစ်သားတည်း ရပ်တည်ခဲ့ကြတယ်။ အခုချိန်ထိလည်း တစ်သွေးတစ်သားတည်း ရပ်တည်နေတာ မြင်ရတော့ ကောင်းပါတယ်။ အားလုံးကလည်း ဒီလိုကိစ္စတွေမှာ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်၊ အစိုးရနဲ့အတူ တစ်သွေး တစ်သားတည်း အတူတကွ ရပ်တည်ကြပါလို့ ပြောချင်ပါတယ်” ဟု ကလေး မြို့မှ ဒေသခံ ကိုလွင်မိုးအောင်က ပြောကြားခဲ့သည်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် လူထုထောက်ခံပွဲကို ကလေးမြို့ပေါ်မှ ဒေသခံများအပြင် ကလေးမြို့နယ်အတွင်းရှိ ကျေးရွာများမှ ဒေသခံများလည်း ကားများဖြင့် လာရောက် ပူးပေါင်းခဲ့ကြပြီး လူထုအင်အား ၂၀၀၀ ကျော် ပါဝင်ကြောင်း သိရသည်။

 

Most Read

Most Recent