ကျိုက်ထိုမြို့နယ် သိမ်ဇရပ်တိုက်နယ် ရွာလေးရပ်ကွက်တွင် မွေးနေ့အလှူမှ အုန်းနို့ခေါက်ဆွဲစားမိပြီး ကလေး လူကြီး ၁၂၀ ကျော် အစာအဆိပ်သင့်မှုဖြစ်ပွား

ကျိုက်ထိုမြို့နယ် သိမ်ဇရပ်တိုက်နယ် ရွာလေးရပ်ကွက်တွင် မွေးနေ့အလှူမှ အုန်းနို့ခေါက်ဆွဲစားမိပြီး ကလေး လူကြီး ၁၂၀ ကျော် အစာအဆိပ်သင့်မှုဖြစ်ပွား
Published 11 October 2017

မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် သိမ်ဇရပ်တိုက်နယ် ရွာလေးရပ်ကွက်တွင် အောက်တိုဘာ ၉ ရက် နံနက်ပိုင်းက ကလေးမွေးနေ့ အလှူတွင် အုန်းနို့ခေါက်ဆွဲစားမိပြီးနောက် ကလေး၊ လူကြီး ၁၂၆ ဦးကျော် အစာအဆိပ်သင့်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

အောက်တိုဘာ ၉ ရက် ညနေပိုင်းအထိ ကလေး၊ လူကြီး စုစုပေါင်း ၁၂၆ ဦးကျော်အား သိမ်ဇရပ်တိုက်နယ်ဆေးရုံသို့ တင်ပို့ပေးခဲ့ကြောင်း၊ လူကြီးတွေထက် ကလေးများ ပိုမိုအဖြစ်များကြောင်းနှင့် ဗိုက်နာခြင်း၊ မူးဝေအော့အန်ခြင်း စသည့်ရောဂါလက္ခဏာများကို တွေ့မြင်ရကြောင်း သိမ်ဇရပ်နယ်မြေရဲစခန်းမှ စခန်းမှူး ရဲအုပ်တင်အောင်စိုးက ပြောကြားသည်။

“လူနာတွေကို ကျွန်တော်တို့ရဲတပ်ဖွဲ့ဝင်တွေရယ်၊ ရပ်/ကျေးအုပ်ချုပ်ရေးအဖွဲ့တွေ၊ ကြက်ခြေနီနဲ့ လူမှုအသင်းအဖွဲ့က လူတွေအားလုံး ဝိုင်းဝန်းကူညီသယ်ဆောင်ပေးခဲ့ကြပါတယ်။ လူနာများလာတဲ့အခါမှာ ဆေးရုံမှာ လူနာထားဖို့ အခက်အခဲဖြစ်လာတော့ သစ်ပင်အောက်တွေမှာပါ အခင်းတွေခင်းပြီးထားရတဲ့ အနေအထားမျိုးလေး ဖြစ်သွားပါတယ်။ အားလုံးဝိုင်းဝန်း ကူညီလုပ်ဆောင်ပေးကြတဲ့အတွက် လူနာတွေကို နိုင်နိုင်နင်းနင်းရှိပါတယ်။ ခေါက်ဆွဲဖတ်နဲ့ဟင်းရည်တွေကို ကျန်းမာရေးဌာနက တာဝန်ရှိသူတွေ သိမ်းဆည်းထားပါတယ်” ဟု ရဲအုပ် တင်အောင်စိုးက ဆက်လက်ပြောကြားသည်။

“ဖြစ်တာက ကလေးရက် (၁၀၀) ပြည့်နေ့အဖြစ် အုန်းနို့ခေါက်ဆွဲကျွေးတယ်။ အဲဒီမှာ စားကြတာပေါ့နော်။ ဘယ်အရာကြောင့် ဖြစ်တယ်ဆိုတာကို ဓာတ်ခွဲစစ်ဆေးဖို့ ခေါက်ဆွဲဖတ်နဲ့ အုန်းနို့ဟင်းရည် နမူနာတွေကို ပေးပို့ထားပါတယ်။ လူနာတွေက ဆိုးဆိုးရွားရွားတော့ မဖြစ်ကြဘူး။ မူးတာ၊ အန်တာလောက်ပဲဖြစ်ကြပါတယ်။ ဒီနေ့နံနက်မှာ လူနာက လေးယောက်လောက်ပဲ ကျန်တော့တယ်။ သူတို့ကိုလည်း ဆေးရံုံက ဆင်းခွင့်ပေးထားပါတယ်” ဟု ကျိုက်ထိုမြို့နယ် ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာစောကလျာက ပြောကြားသည်။

အလှူတွင် အုန်းနို့ခေါက်ဆွဲ စားသောက်ပြီးနောက် အစာအဆိပ်သင့်မှုဖြစ်ပွားခဲ့သူများတွင် အသက်ငါးနှစ်အောက်ကလေး ကျား ၁၃ ဦး၊ မ ၁၃ ဦး၊ အသက်ငါးနှစ်အထက် ကျား ၃၅ ဦး၊ မ ၆၂ ဦး ဖြစ်ပွားခဲ့ကြောင်းနှင့် အစာစားပြီး နှစ်နာရီအတွင်း မူးဝေအော့အန်မှုများ ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

Most Read

Most Recent