နိုင်ငံပိုင်ဆေးရုံကြီးများတွင် တစ်နှစ်လျှင် ပြင်ပလူနာ ကိုးသန်းကျော်၊ အတွင်းလူနာ နှစ်သန်းကျော်အထိ တက်ရောက်ကုသနေခြင်းကြောင့် အထူးကုဌာနကြီးများ သီးခြားစီထားရှိရန် စီစဉ်

နိုင်ငံပိုင်ဆေးရုံကြီးများတွင် တစ်နှစ်လျှင် ပြင်ပလူနာ ကိုးသန်းကျော်၊ အတွင်းလူနာ နှစ်သန်းကျော်အထိ တက်ရောက်ကုသနေခြင်းကြောင့် အထူးကုဌာနကြီးများ သီးခြားစီထားရှိရန် စီစဉ်
Published 11 October 2017

ရန်ကုန်ကလေးဆေးရုံကြီးရှိ ပြင်ပလူနာဌာနတွင် လာရောက်ပြသနေသူများအား တွေ့ရစဉ် (ဓာတ်ပုံ-အိသဉ္ဇာကျော်)

တစ်နိုင်ငံလုံးရှိ ပြည်သူ့ဆေးရုံကြီးများ အားလုံးတွင် တစ်နှစ်လျှင် ပြင်ပလူနာပေါင်း ကိုးသန်းကျော်၊ အတွင်းလူနာပေါင်း နှစ်သန်းကျော် ထိတက်ရောက်ကုသနေခြင်းကြောင့် အဖြစ်များသော ရောဂါကြီးများ (နှလုံး၊ ကျောက်ကပ်၊ အသည်းရောဂါ) အတွက် အထူးကုဌာနကြီးများကို သီးခြားအဆောက်အအုံများအဖြစ် ထားရှိဖွင့်လှစ်နိုင်ရန် စီစဉ်လုပ်ဆောင်နေကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ သိရသည်။

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှရရှိသည့် အချက်အလက်များအရ ပြီးခဲ့သည့် ၂၀၁၆ ခုနှစ် တစ်နှစ်တာကာလအတွင်း တစ်နိုင်ငံလုံးရှိ ပြည်သူ့ဆေးရုံကြီးများတွင် တက်ရောက်ဆေးကုသခဲ့သည့် ပြင်ပလူနာပေါင်း ကိုးသန်းကျော်၊ အတွင်းလူနာပေါင်း ၂ ဒသမ ၅ သန်းကျော်တို့ကို ကျန်းမာရေးစောင့်ရှောက်မှုများ ပေးခဲ့ကြောင်းနှင့် ဆေးကုသမှုခံယူသူ လူနာဦးရေ နှစ်စဉ်မြင့်တက်လျက်ရှိသည့်အတွက် ပြည်သူ့ဆေးရုံကြီးများကို အဆင့်မြှင့်တင်လျက်ရှိကြောင်း သိရသည်။

ထို့ပြင် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ သန်လျင်၊ လှိုင်သာယာ၊ အင်းစိန်၊ မြောက်ဥက္ကလာနှင့် သင်္ဃန်းကျွန်းဆေးရုံကြီးများကို ယခင်ကထက် အဆင့်မြှင့်တင်နေပြီး အရေးပေါ်လူနာ ကယ်ဆယ်ရေးလုပ်ငန်းအတွက် လိုအပ်သောလူအင်အား၊ စက်ပစ္စည်းများကိုလည်း တိုးချဲ့လုပ်ဆောင်ပေးလျက်ရှိကြောင်းနှင့် ရန်ကုန်တိုင်းဒေသကြီးတွင် အထူးကုဆေးရုံပေါင်း ၁၄ ရုံ၊ သင်ကြားရေးဆေးရုံ သုံးရုံ၊ ခုတင် ၅၀၀ ဆံ့နှစ်ရုံ၊ ခုတင်၂၀၀ ဆံ့လေးရုံ၊ ခုတင် ၁၀၀ ဆံ့ ဆေးရုံတစ်ရုံ၊ ခုတင် ၅၀ ဆံ့နှင့် ၂၅ ခုတင်ဆံ့ ဆေးရုံ ၁၁ ရုံစီ၊ ၁၆ ခုတင်ဆံ့ ဆေးရုံ လေးရုံ၊ တိုက်နယ်ဆေးရုံ ၃၃ ရုံရှိပြီး စုစုပေါင်းဆေးရုံ ၈၃ ရုံရှိကြောင်းနှင့် ခွင့်ပြုခုတင် စုစုပေါင်း ၁၁၄၃၅ ခုတင်ရှိကြောင်းနှင့် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ကျေးလက်ကျန်းမာရေးဌာနပေါင်း ၁၇၇၈ ခုဆောက်လုပ်ထားပြီး ကျေးလက်ကျန်းမာရေး ဌာနခွဲပေါင်း ၉၀၈၃ ခုရှိကြောင်း သိရသည်။

လက်ရှိ မြန်မာနိုင်ငံလူဦးရေ၏ ၁၀ ဒသမ ၅ ရာခိုင်နှုန်း (၂ ဒသမ ၅ သန်း) သည် ဆီးချိုသွေးချိုဖြစ်ပွားမှုရှိနေပြီး ဆီးချိုသွေးချို ဖြစ်ပွားနိုင်ခြေရှိသူ အကြိုလူနာဦးရေမှာ ၁၉ ဒသမ ၇ ရာခိုင်နှုန်း (၅သန်း) ရှိနေကြောင်း၊ သွေးတိုးရောဂါရှိသူ ၂၆ ဒသမ ၄ ရာခိုင်နှုန်း (၆ ဒသမ ၃ သန်း)၊ သွေးထဲတွင် အဆီဓာတ်များနေသူ ၃၆ ဒသမ ၇ ရာခိုင်နှုန်း (၈ ဒသမ ၈ သန်း)၊ ဝသူ ၅ ဒသမ ၅ ရာခိုင်နှုန်း (၁ ဒသမ ၃ သန်း)၊ အဝလွန်သူ ၂၂ ဒသမ ၄ ရာခိုင်နှုန်း (၅ ဒသမ ၃ သန်း)၊ ဆေးလိပ်သောက်သူ ၂၆ ဒသမ ၁ ရာခိုင်နှုန်း (၆ ဒသမ ၂ သန်း)၊ ကွမ်းစားသူ ၄၃ ဒသမ ၂ ရာခိုင်နှုန်း (၁၀ ဒသမ ၃ သန်း)၊ အရက်သောက်သူ ၁၉ ဒသမ ၈ ရာခိုင်နှုန်း (၄ ဒသမ ၇ သန်း) နှင့် အရက်အလွန်အကျွံသောက်သူ ၁၀ ဒသမ ၃ ရာခိုင်နှုန်း (၂ ဒသမ ၄ သန်း) ရှိကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် ပြီးခဲ့သောဆယ်စုနှစ်တစ်ခုကျော် မှစတင်ကာ ဆီးချိုသွေးချိုရောဂါအပါအဝင် အခြားမကူးစက်နိုင်သောရောဂါများဖြစ်သည့် နှလုံး၊ သွေးတိုး၊ ဆီးချို၊ ကင်ဆာ စသည့်ရောဂါများဖြစ်ပွားမှုမှာ မြင့်တက်လာပြီး အဓိကအားဖြင့် အစားသောက်နှင့် လူနေမှုပုံစံများ ပြောင်းလဲမှုကြောင့်ဖြစ်ကြောင်း၊ နှလုံး၊ အသည်းအဆီဖုံးသည့် ရောဂါများ ဖြစ်ပွားလာသည်ကို သက်ငယ်ပိုင်းများတွင်ပါ တွေ့ရှိလာရကြောင်း ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

Most Read

Most Recent