<

First Eleven Sports Journal မှရွေးချယ်သည့် အကောင်းဆုံး ဘောလုံးသမားများ မဲပေးရန်

Vote Now

မြန်မာနိုင်ငံမှ ဘင်္ဂါလီမွတ်စလင် ဒုက္ခသည်များ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ အလုံးအရင်းဖြင့် ထပ်မံဝင်ရောက်

အောက်တိုဘာ ၁၀ ရက်က ဘင်္ဂလားဒေ့ရှ်ရှိ ဒုက္ခသည်စခန်းတွင် ကလေးများအတွက် ၀မ်းရောဂါ ကာကွယ်ဆေးများ သယ်ဆောင်လာသည့် စေတနာ့ ၀န်ထမ်းများကို တွေ့ရစဉ်

အောက်တိုဘာ ၉ ရက်တွင် မြန်မာနိုင်ငံမှ ဘင်္ဂါလီမွတ်စလင် ဒုက္ခသည် ထောင်ပေါင်းများစွာသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထပ်မံဝင်ရောက်လာကြောင်း သက်ဆိုင်ရာ အာဏာပိုင်များက ပြောကြားခဲ့သည်။ ယခုနောက်ဆုံး ဒုက္ခသည်များ အလုံးအရင်းဖြင့် ထပ်မံဝင်ရောက်လာရာတွင် အစာရေစာ ငတ်မွတ်ခြင်း၊ အင်အားကုန်ခန်း နေခြင်းနှင့် ဖျားနာနေခြင်းတို့ကြောင့် သေလုမြောပါး ဖြစ်နေသည့် ကလေးများ ပါဝင်လာသည်ဟု သတင်းများက ဖော်ပြသည်။

လွန်ခဲ့သည့် သီတင်းခြောက်ပတ်အတွင်း လူပေါင်း ၅၁၉,၀၀၀ သို့ ရောက်ရှိပြီဟု ကုလသမဂ္ဂက ခန့်မှန်းသော ရခိုင်ပြည်နယ်မှ ဒုက္ခသည်များ ၀င်ရောက်လာမှုသည် မကြာသေးမီရက်များ အတွင်းက ကျဆင်းသွားခဲ့ပြီး တစ်နေ့လျှင် လူပေါင်း ၂၀၀၀ ခန့်သာ ရှိခဲ့သည်ဟု ရွှေ့ပြောင်းအခြေချမှု အပြည်ပြည်ဆိုင်ရာအဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။

သို့သော် အောက်တိုဘာ ၉ ရက်တွင် မျက်မြင်သက်သေများ၏ ပြောကြားချက်အရ မြန်မာနိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ပိုင်းခြားထားသော နတ်မြစ်၏ အကျဉ်းဆုံးနေရာကိုဖြတ်ကာ လှေကြီးများဖြင့် နယ်စပ်ရွာဖြစ်သော အန်ဂျမ်မန်ပါရာသို့ ဒုက္ခသည်များ အလုံးအရင်းဖြင့် ထပ်မံဝင်ရောက်လာကြောင်း သိရသည်။

အန်ဂျမ်မန်ပါရာ ကျေးရွာအုပ်ချုပ်ရေးမှူး ဆူလတန်အာမက်က အောက်တိုဘာ ၉ ရက်တွင် သောင်းနှင့်ချီသော ဒုက္ခသည်များ ရောက်ရှိလာကြောင်း အခိုင်အမာ ပြောကြားခဲ့ပြီး ယင်းနေရာတွင်ရှိသော အေအက်ဖ်ပီ သတင်းထောက်က ယင်းနေ့ညနေအထိ တစ်နေ့တည်း ထပ်မံရောက်ရှိလာသူပေါင်း အနည်းဆုံး ၁၀,၀၀၀ ကို တွေ့ရှိခဲ့သည်ဟု ဆိုသည်။

ဒေသခံ ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်ဖွဲ့ (BGB) ၏ လက်ထောက်ကွပ်ကဲရေးမှူး မန်ဇူရူးဟက်ဆန်ခန်းက တစ်နေ့အတွင်း ဒုက္ခသည် ၆,၀၀၀ ရောက်ရှိလာသည်ဟု ခန့်မှန်းခဲ့သည်။

“ဒီလောက်နဲ့တင် အနည်းဆုံးတော့ လွန်ခဲ့တဲ့ သီတင်းနှစ်ပတ်အတွင်း အမြင့်ဆုံး ရောက်ရှိမှု ဖြစ်နေပါတယ်” ဟု ၎င်းက ပြောကြားခဲ့သည်။

နောက်ဆုံး ရောက်ရှိလာသူများအနက် အသက်နှစ်နှစ်ခွဲနှင့် အသက်သုံးနှစ်အရွယ်ရှိ ယောက်ျားလေးနှစ်ဦးသည် ဘင်္ဂလားဒေ့ရှ်သို့ အ၀င်တွင် အစာရေစာ ငတ်မွတ်ခြင်းနှင့် အင်အားကုန်ခန်းခြင်းကြောင့် သေဆုံးသွားခဲ့ကြောင်း သိရသည်။

“သူတို့မိဘတွေက သူတို့ဟာ အစာငတ်ပြီး သေသွားတာလို့ ပြောပါတယ်။ သူတို့ကို ကျွန်တော်တို့ရွာ သင်္ချိုင်းမှာ မြှုပ်နှံလိုက်ပါတယ်” ဟုလည်း ၎င်းက ပြောကြားခဲ့သည်။

လေးနှစ်သားအရွယ် ယောက်ျားလေး တစ်ဦးသည်လည်း အဖျားတက်ကာ သေဆုံးသွားခဲ့သည်ဟု ယင်းနေရာတွင် ရှိနေသည့် အေအက်ဖ်ပီ ဓာတ်ပုံဆရာက ပြောကြားခဲ့သည်။ “ဖခင်ဖြစ်သူက ဖျားနာနေတဲ့သားကို ခေါ်လာပါတယ်။ လှေနဲ့လာတဲ့ခရီးမှာပဲ သူ့သားဟာ အသက်မရှူတော့ဘူးဆိုတာ သိလိုက်ချိန်မှာပဲ သူဟာ သတိလစ် မေ့မြောသွားပါတယ်” ဟု အေအက်ဖ်ပီ ဓာတ်ပုံဆရာက ပြောပြခဲ့သည်။

Ref : AFP