ရခိုင်ပြည်နယ်အတွင်း ကျန်ရှိခဲ့သည့် ဘင်္ဂါလီများကို ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်သို့ ထွက်ပြေးရန် ခြိမ်းခြောက်မှုများရှိနေကြောင်း မောင်တောမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ပြောကြား

ရခိုင်ပြည်နယ်အတွင်း ကျန်ရှိခဲ့သည့် ဘင်္ဂါလီများကို ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်သို့ ထွက်ပြေးရန် ခြိမ်းခြောက်မှုများရှိနေကြောင်း မောင်တောမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးလှထွန်းကျော်က ပြောကြားသည်။

စက်တင်ဘာ ၁၉ ရက်က နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ပြောကြားခဲ့သည့် နိုင်ငံတော်အခြေပြုမိန့်ခွန်းတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်သို့ ထွက်ပြေးသွားသူများမှာ ရာခိုင်နှုန်း ၅၀ ရှိပြီး ထွက်မပြေးဘဲ ဆက်လက်နေထိုင်သူများမှာ ရာခိုင်နှုန်း ၅၀ ရှိကြောင်း၊ မည်သည့်အတွက်ကြောင့် ထွက်ပြေးသည်၊ မည်သည့်အတွက်ကြောင့် ထွက်မပြေးသည့် အကြောင်းရင်းကို သတင်းမီဒီယာများနှင့် ကမ္ဘာမှ ၀င်ရောက်မေးမြန်းနိုင်သည်ဆိုသည့် အချက်သည် အကြမ်းဖက်သမားများအတွက် အခက်တွေ့နေခြင်းကြောင့် ထိုသို့ခြိမ်းခြောက်မှုများ ပြုလုပ်နေခြင်းဖြစ်ကြောင်း ဦးလှထွန်းကျော်က ဆိုသည်။

“အခု ဘူးသီးတောင်ရော၊ ရသေ့တောင်ရော မောင်တောဘက်မှာပါ ထွက်ပြေးနေတဲ့သူတွေ ရှိနေတယ်။ ပြေးနေကြတယ်ဆိုတာက ဘာလို့လဲဆိုတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ နိုင်ငံအခြေပြု၊ ကမ္ဘာကိုပြောတဲ့စကားဟာ သူတို့ရဲ့ရည်ရွယ်ချက်ကို တော်တော်လေး ထိခိုက်စေတယ်။ အဲဒါကြောင့် ကျန်ရစ်ခဲ့တဲ့သူတွေကို နည်းမျိုးစုံနဲ့ခေါ်တယ်။ မင်းတို့ကျန်ခဲ့တဲ့သူတွေက လူနည်းစုဖြစ်သွားပြီ။ မကြာခင် မင်းတို့သားစဉ်မြေးဆက် မျိုးပါသုဉ်းသွားအောင် ရခိုင်တွေသတ်လိမ့်မယ်။ မင်းတို့ကို ရခိုင်တွေ လာသတ်စရာမလိုဘူး၊ စားရေးသောက်ရေးတွေကို ဖြတ်တောက်လိုက်ရင် ခင်ဗျားတို့ ဒုက္ခရောက်လိမ့်မယ်။ အခု ငါတို့က ကမ္ဘာကိုတင်ပြပြီးတော့ ငါတို့ဂုဏ်သိက္ခာရှိရှိနဲ့ ပြန်ဝင်နိုင်အောင် ကြိုးစားနေပြီ။ ငါတို့ကြိုးစားမှုကို မင်းတို့ကအားပေးရမယ်။ မဖြစ်ဖြစ်အောင်လာခဲ့။ မလာရင်တော့ ခင်ဗျားတို့အတွက် ငါတို့တာဝန်မယူဘူး။ တကယ်လို့များ ငါတို့ပြန်ဝင်လာရင် ARSA အဖွဲ့အနေနဲ့တော့ ခင်ဗျားတို့ကို ထိထိရောက်ရောက် အရေးယူမယ်တို့ စသဖြင့်ပေါ့ အမျိုးမျိုးခြိမ်းခြောက်တာနဲ့ကို ဆက်ပြီးထွက်ပြေးတာတွေ ရှိနေတယ်” ဟု ဦးလှထွန်းကျော်က ဆိုသည်။

အကြမ်းဖက်မှုဖြစ်စဉ်များ ဖြစ်ပွားပြီးနောက် ထွက်ပြေးသွားသူများမှာလည်း အကြမ်းဖက်အဖွဲ့အစည်းဖြစ်သည့် ARSA အဖွဲ့မှပင် ခေါ်ယူသွားခြင်းဖြစ်ပြီး ဘင်္ဂါလီများအား သတ်ဖြတ်နေသည်ဟု ကမ္ဘာကို ထင်မြင်စေရန် ဖန်တီးနေခြင်းဖြစ်ကာ ဒေါ်အောင်ဆန်းစုကြည်၏ နိုင်ငံတော်အခြေပြုမိန့်ခွန်း ပြောကြားရာတွင် ထည့်သွင်းပြောကြားခဲ့သည့် စကားတစ်ခွန်းကြောင့် ၎င်းတို့ဖြေရှင်းရန် အခက်တွေ့နေသဖြင့် ၎င်းတို့၏ရည်ရွယ်ချက် ရုပ်လုံးပေါ်စေရန် ကျန်ရှိခဲ့သူများလည်း နေနိုင်ခြင်းမရှိ၊ စားရေးသောက်ရေး အခက်အခဲများ ဖြစ်ပေါ်နေသည်ဟု ထင်ယောင်ထင်မှားဖြစ်အောင် လုပ်ဆောင်နေခြင်းသာဖြစ်ကြောင်းလည်း ဦးလှထွန်းကျော်က ပြောကြားသည်။

“အဲဒီလိုခြိမ်းခြောက်လို့ ထွက်ပြေးလာလို့ နယ်စပ်ခြံစည်းရိုးနားမှာ လေးငါးထောင်လောက် စုနေတာကို ဒီကမောင်တောခရိုင်က အုပ်ချုပ်ရေးမှူးကိုယ်တိုင်၊ ဒီကအဖွဲ့အစည်းတွေ ပူးပေါင်းပြီးတော့ သွားတွေ့ပြီးမေးတယ်။ အကြမ်းဖက်သမားတွေရဲ့လုပ်ရပ်ကို ဖော်ထုတ်မှာကြောက်လို့ ပြေးတာကတစ်မျိုး။ နောက်ပြီးတော့ အကြမ်းဖက်သမားတွေ ခြိမ်းခြောက်တာကို ကြောက်လို့ပြေးတာတစ်မျိုး။ အကြမ်းဖက်သမားကို စိတ်ပါကိုယ်ပါနဲ့ အားပေးတဲ့သူတွေက ပြေးတာတစ်မျိုး ဒါတွေရှိတယ်။ မင်းတို့ဘာလို့ပြေးတာလဲ။ ဘာမှလည်းဖြစ်တာမဟုတ်ဘူး။ ဘာဖြစ်လို့လဲ မင်းတို့ကိုဘာလုပ်လို့လဲ၊ မင်းတို့ကို အစိုးရရော၊ လုံခြုံရေးအဖွဲ့ကပါ ဘာမှမလုပ်ဘူး။ လုံခြုံမှုမရှိရင် လုံခြုံမှုပေးမယ်။ စားရေးသောက်ရေး အကျပ်အတည်းဖြစ်ရင် အဆင်ပြေအောင် ဘယ်နှလစာလိုချင်လဲ ငါတို့ပေးမယ်။ မင်းတို့ ပြန်မပြေးကြနဲ့လို့ပြောတော့ သူတို့က ငါတို့ဆွေမျိုးတွေက ပြန်ခေါ်နေကြပြီ။ ငါတို့ဆွေမျိုးတွေရှိတဲ့နေရာကို ပြန်မယ်လို့ပြောတယ်။ ဒါ သူတို့က ဒီဒေသကလူတွေ မဟုတ်ဘူးဆိုတာ ထင်ရှားသွားပြီပေါ့” ဟု ဦးလှထွန်းကျော်က ပြောကြားသည်။