ARSA ဘင်္ဂါလီ အစွန်းရောက်အကြမ်းဖက်သမားများ တစ်ဖက်သတ် ကြေညာထားသည့် အပစ်ရပ်ကာလ ကျော်လွန်ခြင်းနှင့်ပတ်သက်ပြီး သတိဖြင့်ပြင်ဆင်ထားကာ ဥပဒေနှင့်အညီ တုံ့ပြန်သွားမည်ဟု ကာကွယ်ရေးဝန်ကြီး ပြောကြား

ARSA ဘင်္ဂါလီ အစွန်းရောက်အကြမ်းဖက်သမားများ တစ်ဖက်သတ် ကြေညာထားသည့် အပစ်ရပ်ကာလ ကျော်လွန်ခြင်းနှင့်ပတ်သက်ပြီး သတိဖြင့်ပြင်ဆင်ထားကာ ဥပဒေနှင့်အညီ တုံ့ပြန်သွားမည်ဟု ကာကွယ်ရေးဝန်ကြီး ပြောကြား
Published 10 October 2017

နေပြည်တော်ရှိ MICC-2 ခန်းမတွင် အောက်တိုဘာ ၉ ရက်က ပြုလုပ်သော ကမ္ဘာ့ခရီးသွားလုပ်ငန်းနေ့ အခမ်းအနားသို့ ကာကွယ်ရေးဝန်ကြီး တက်ရောက်စဉ် (ရှေ့တန်း တတိယ)

ARSA ဘင်္ဂါလီအစွန်းရောက် အကြမ်းဖက်သမားများ တစ်ဖက်သတ် ကြေညာထားသည့် တစ်လအပစ်ရပ်ကာလ ကျော်လွန်ခြင်းနှင့်ပတ်သက်၍ သတိဖြင့်ပြင်ဆင်ထားပြီး ဥပဒေနှင့်အညီ တုံ့ပြန်သွားမည်ဖြစ်ကြောင်း ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးစိန်ဝင်းက ပြောကြားသည်။

နေပြည်တော်ရှိ MICC-2 ခန်းမတွင် အောက်တိုဘာ ၉ ရက်ကပြုလုပ်သော ကမ္ဘာ့ခရီးသွားလုပ်ငန်းနေ့ အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီးက တက်ရောက်စဉ် မီဒီယာများ၏ မေးမြန်းမှုကို ဖြေကြားခဲ့ခြင်းဖြစ်သည်။

“သတိရှိရှိနဲ့ လိုအပ်တာ ပြင်ဆင်ထားတာပေါ့။ အကယ်၍ တိုက်ပွဲပေါ်လာရင်လည်း ကျွန်တော်တို့ဘက်က ဥပဒေနဲ့အညီ တုံ့ပြန်နိုင်အောင် ကျွန်တော်တို့ ကြိုးစားသွားမှာပါ” ဟု ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ပြောကြားသည်။

အပစ်ရပ်စဲခြင်း ကြေညာချက်မှာလည်း ၎င်းတို့၏ ကြေညာချက်သာဖြစ်ပြီး အသိအမှတ်ပြုထားခြင်းမရှိကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောကြားသည်။

“ကျွန်တော်တို့ကတော့ ပုံမှန်ပါပဲ။ ကျွန်တော်တို့က သူတို့အပစ်အခတ်ရပ်စဲတာ၊ မရပ်စဲတာ ဘာမှအသိအမှတ်ပြုထားတာ မရှိပါဘူး။ သူက အကြမ်းဖက်အဖွဲ့ဖြစ်တဲ့အတွက် ဘယ်အစိုးရကမှ အကြမ်းဖက်အဖွဲ့နဲ့ စေ့စပ်တာ ညှိနှိုင်းတာမရှိပါဘူး။ ကျွန်တော်တို့ကလည်း သူတို့ကို အသိအမှတ်မပြုပါဘူး” ဟု ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိန်ဝင်းက ပြောကြားသည်။

ကာကွယ်ရေးဝန်ကြီးဌာနအနေဖြင့် ပြည်ထဲရေးဝန်ကြီးဌာနနှင့် ပူးပေါင်းကာ ရခိုင်ပြည်နယ်အတွင်း တရားဥပဒေစိုးမိုးရေး၊ နယ်မြေတည်ငြိမ်အေးချမ်းရေးအတွက် ကြိုးစားဆောင်ရွက်နေကြောင်း ၎င်းကဆက်လက် ပြောကြားသည်။

“ကျွန်တော်တို့ဘက်ကတော့ ကျွန်တော်တို့နဲ့ ပြည်ထဲရေးဝန်ကြီးဌာနနဲ့ ပူးပေါင်းပြီးတော့ တရားဥပဒေစိုးမိုးရေး၊ နယ်မြေတည်ငြိမ်အေးချမ်းရေး ကြိုးစားပြီးတော့ ဆောင်ရွက်နေပါတယ်။ သို့သော် အဖျက်အမှောင့် လုပ်ငန်းဆိုတာကတော့ လုပ်ချင်ရင်လည်း လုပ်နိုင်တဲ့အနေအထားတော့ရှိမယ်လို့ ပြောလို့ရပါတယ်။ ဘာလို့လဲဆိုတော့ ဧရိယာအကျယ်ကြီးဖြစ်နေတော့ မမျှော်လင့်တဲ့နေရာမှာ အကြမ်းဖက်ဆိုတာကတော့ လုပ်တာပါပဲ။ ကမ္ဘာမှာ နေ့တိုင်း အကြမ်းမဖက်တဲ့နေ့ မရှိသလောက်ပဲ။ ဆော်ဒီအာရေဗျမှာတောင် ဘုရင့်နန်းတော်ကို လာပစ်သေးတာပဲ။ ကျွန်တော်တို့က ဒီလောက်မြေအကျယ်ကြီးမှာ အကြမ်းဖက်တဲ့လုပ်ရပ် မလုပ်ဘူးလို့တော့ မပြောနိုင်ဘူး။ သို့သော် ထိခိုက်မှုမဖြစ်အောင်တော့ ကျွန်တော်တို့ဘက်က တတ်စွမ်းသမျှ ဆောင်ရွက်နေပါတယ်။ မဖြစ်အောင်လည်း ကြိုးစားနေပါတယ်” ဟု ဒုတိယဗိုလ်ချုပ်ကြီး စိန်ဝင်းက ပြောကြားသည်။

 

Most Read

Most Recent