အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်သို့ တိုင်ကြားခံရသည့် NLD ပါတီဝင် မိုးညိုမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အား ပါတီတွင်းစာဖြင့် သတိပေးပြစ်ဒဏ်ချမှတ်ဟု သတင်းထွက်ပေါ်

အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်သို့ တိုင်ကြားခံရသည့် NLD ပါတီဝင် မိုးညိုမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အား ပါတီတွင်းစာဖြင့် သတိပေးပြစ်ဒဏ်ချမှတ်ဟု သတင်းထွက်ပေါ်
Published 10 October 2017

အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်သို့ တိုင်ကြားခံရသည့် NLD ပါတီဝင် ပဲခူးတိုင်းဒေသကြီး မိုးညိုမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးကျော်မျိုးမင်းအား ပါတီတွင်း စာဖြင့်သတိပေးပြစ်ဒဏ် ချမှတ်ကြောင်း ရုံးစာတစ်စောင် ပြင်ပသို့ထွက်ပေါ်လာသည်။

အဆိုပါစာတွင် မည်သည့်အတွက်ကြောင့် သတိပေးသည်ကို ရေးသားထားခြင်းမရှိဘဲ လွှတ်တော်ကိုယ်စားလှယ် တိုင်ကြားစာစိစစ်ရေး၏ သုံးသပ်တင်ပြချက်အရ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးကျော်မျိုးမင်းအား စာဖြင့် သတိပေးပြစ်ဒဏ် ချမှတ်ကြောင်း ၂၀၁၇ ခုနှစ် သြဂုတ် ၁၇ ရက်တွင် ကျင်းပသော ဗဟိုအလုပ်အမှုဆောင် အဖွဲ့အစည်းအဝေး ဆုံးဖြတ်ချက်ကို ဦးကျော်မျိုးမင်းထံလိပ်မူ၍ ပါတီဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးဉာဏ်ဝင်း လက်မှတ်ရေးထိုးကာ စက်တင်ဘာ ၁၉ ရက် ရက်စွဲဖြင့် ပေးပို့ခဲ့ခြင်းဖြစ်သည်။

မိုးညိုမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးကျော်မျိုးမင်းသည် ပဲခူးတိုင်းဒေသကြီး မိုးညိုမြို့နယ်ရှိ အင်းလုပ်သားနှစ်ဦးထံမှ ငွေကြေးတောင်းယူခဲ့သည်ဟုဆိုကာ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ထံ အဆိုပါအင်းလုပ်သားနှစ်ဦးက တိုင်ကြားထားကြောင်း အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်မှ ဒုတိယညွှန်ကြားရေးမှူး ဦးကျော်စိုး၏ ပြောကြားချက်ကို ကိုးကား၍ ဧရာဝတီသတင်းဌာနက ၂၀၁၇ ခုနှစ် မေ ၁၅ တွင် သတင်းဖော်ပြခဲ့သည်။

ယခု ပါတီတွင်းသတိပေးစာသည့် အဆိုပါကိစ္စနှင့် ဆက်စပ်မှုရှိ၊ မရှိမေးမြန်းမှုအပေါ် လွှတ်တော်ကိုယ်စားလှယ် တိုင်ကြားစာစိစစ်ရေးဌာန၏ တင်ပြချက်အရ သတိပေးစာကို လက်မှတ်ရေးထိုးပေးခြင်းဖြစ်ပြီး စုံစမ်းစစ်ဆေးခဲ့သည့် အကြောင်းအရာကို တိုင်ကြားစာစိစစ်ရေးဌာန တာဝန်ခံကသာ သိနိုင်မည်ဖြစ်ကြောင်း ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးဉာဏ်ဝင်းက အောက်တိုဘာ ၉ ရက်တွင် The Daily Eleven သတင်းစာကို ပြောကြားသည်။

“ကျွန်တော် အင်းလေလံတို့ ဘာတို့မသိဘူး။ ကျွန်တော့်လက်မှတ်နဲ့ဆိုတာ ကျွန်တော် CEC (ဗဟိုအလုပ်အမှုဆောင်) အနေနဲ့ လက်မှတ်ထိုးတာ။ အဲဒီ Case ကို Inquiry လုပ်တာက ဒေါက်တာမျိုးညွန့်ပါ။ သူက လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ ပတ်သက်တာအားလုံးကို သူကိုင်တယ်။ အဲဒီတော့သူ့ဆီက Report အရ CEC အတွက် ကျွန်တော်က လက်မှတ်ထိုးပေးတာ။ အဲဒီစာက ထွက်တာအမှန်ပါပဲ။ ဒါပေမဲ့ ခုနကမေးခွန်းဖြစ်တဲ့ အင်းလေလံဘာညာ ကျွန်တော်တော့မသိဘူး။ အကြောင်းအရာက ပြောလို့မရတာမဟုတ်ဘူး မသိတာ။ ကျွန်တော်လုပ်တဲ့ Inquiry မဟုတ်ဘူး။ ဒေါက်တာမျိုးညွန့်လုပ်တဲ့ Inquiry ပါ” ဟု ဦးဉာဏ်ဝင်းက ပြောကြားသည်။

သို့ရာတွင် လွှတ်တော်ကိုယ်စားလှယ် တိုင်ကြားစာစိစစ်ရေးဌာန တာဝန်ခံဒေါက်တာမျိုးညွန့်မှာ ပြည်ပခရီးစဉ် သွားရောက်နေကြောင်း ဦးဉာဏ်ဝင်းပြောကြားချက်အရ သိရပြီး The Daily Eleven သတင်းစာက ၎င်း၏ လက်ကိုင်ဖုန်းထံ ဆက်သွယ်ခဲ့သော်လည်း ဆက်သွယ်မှုမရရှိပေ။

လက်ရှိပါတီမှ သတိပေးစာပေးပို့သည့်အပေါ် ၎င်းအနေဖြင့် တရားဝင်ရရှိသေးခြင်း မရှိသည့်အတွက် မသိရှိကြောင်း၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်သို့ တိုင်ကြားသည့် ကိစ္စများကိုလည်း ဖြေရှင်းပြီးဖြစ်ကြောင်း၊ လူမှုရေးနှင့်မဆိုင်ဘဲ ပါတီတွင်းကိစ္စဖြစ်သဖြင့် ပြောကြားနိုင်မည်မဟုတ်ကြောင်း ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးကျော်မျိုးမင်းက အောက်တိုဘာ ၉ ရက်တွင် The Daily Eleven သတင်းစာကို ပြောကြားသည်။

“ကျွန်တော်ဘာမှမပြောလိုဘူး။ အဲဒီစာ ကျွန်တော်ဆီ မရောက်သေးဘူး။ ကျွန်တော့်ဆီရောက်ခါမှ ကျွန်တော်သိရမယ်။ ဘယ်လိုပြန့်လဲတော့ ကျွန်တော်မသိဘူး။ (အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်သို့ တိုင်ကြားထားသည့် အခြေအနေ) အဲဒါတွေက အကုန်ပြီးခဲ့ပြီလေ။ ပြီးခဲ့ပြီးကိစ္စတွေ ပြန်ပြောလို့မရဘူး။ ဒီဥစ္စာတွေလည်း သတင်းမီဒီယာတွေ ကျယ်ကျယ်ပြန့်ပြန့်ပါခဲ့တဲ့ ကိစ္စတွေပါ။ ဖေ့စ်ဘွတ်မှာ ပြန့်နေတာတော့သိတယ်။ လွှတ်တော်ကိုယ်စားလှယ်အဖြစ်ကနေပြီးတော့ ခြောက်လနားတယ်ဆိုပြီး တက်နေတယ်လို့ တွေ့ရတယ်။ ဒါက ကျွန်တော်တို့ပါတီတွင်း ကိစ္စဖြစ်တဲ့အတွက် ခင်ဗျားတို့ကို ကျွန်တော်တို့ ပြန်ပြောလို့မရဘူး။ အကြောင်းအရာတို့ ဘာတို့ဆိုတာ ပါတီတွင်းကိစ္စလေ။ အခြားလူမှုရေးကိစ္စဆိုရင် တစ်မျိုးပေါ့ဗျာ။ လူမှုရေးဆိုရင် ခင်ဗျားတို့မေးရင် ကျွန်တော်တို့ အကုန်လုံးဖြေလို့ရတယ်။ ဒါလူမှုရေးကိစ္စမဟုတ်ဘူး။ ပါတီတွင်းကိစ္စဖြစ်တဲ့အတွက် အခုပြောနိုင်တာလောက်ပဲ ကျွန်တော်ပြောနိုင်မှာ။ သေချာတာကတော့ အဲဒီသတိပေးစာဆိုတာ ပါတီကနေ တရားဝင် မရောက်သေးဘူး” ဟု ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးကျော်မျိုးမင်းက ပြောကြားသည်။

ဧရာဝတီသတင်းဌာနတွင် မေလတွင်းက သတင်းဖော်ပြမှုတွင် ၂၀၁၇ ခုနှစ် ဧပြီ ၉ ရက်တွင် ဦးကျော်မျိုးမင်းနှင့် အင်းလုပ်ကိုင်သူများဖြစ်သည့် ဦးကျော်စိုး၊ ဦးမြင့်ရွှေ၊ ဦးသက်နိုင်ထွန်း၊ ဦးဖိုးထောင်တို့ တွေ့ဆုံခဲ့ရာတွင် ဦးကျော်မျိုးမင်း၏ တပည့်ဖြစ်သူ မျိုးဇော်မှ အင်းတစ်အင်းလျှင် ကျပ် ၁၀ သိန်းတောင်းခံခဲ့ပြီး နှစ်ဖက်ညှိနှိုင်းမှုအရ အင်းတစ်အင်းလျှင် ကျပ်ခုနစ်သိန်းဖြင့် သဘောတူညီခဲ့၍ အင်းငါးအင်းစာအတွက် ကျပ် ၃၅ သိန်းကို ပေးအပ်ခဲ့ကြောင်း တိုင်ကြားစာတွင် ဖော်ပြထားကြောင်း ရေးသားခဲ့သည်။

ထို့ပြင် ငွေကြေးတောင်းခံမှုတွင် အင်းလုပ်ကိုင်သူလေးဦးမှ ပေးအပ်ခဲ့ရသော်လည်း တိုင်ကြားမှုကို ငွေပေးခဲ့ရသည့် လေးဦးထဲမှ နှစ်ဦးဖြစ်သည့် ဦးကျော်စိုးနှင့် ဦးမြင့်ရွှေတို့က လက်မှတ်ရေးထိုးကာ ၎င်းအင်းသုံးအင်းအတွက် ကျပ် ၂၁ သိန်းကို ပေးခဲ့ရသည့်အပေါ် တိုင်ကြားခဲ့ခြင်းဖြစ်ကြောင်း ဧရာဝတီသတင်းဌာနက ဖော်ပြခဲ့သည်။

ထိုသို့ တိုင်ကြားထားမှုနှင့် ပတ်သက်၍ ၎င်းအနေဖြင့် ငွေကြေးတောင်းခံခြင်းနှင့် ရယူခဲ့ခြင်းမရှိကြောင်း၊ ဥပဒေအရ၊ ပါတီစည်းမျဉ်းများအရပါ ဖြေရှင်းမည်ဖြစ်ကြောင်း ထိုစဉ်အချိန်က ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးကျော်မျိုးမင်း၏ တုံ့ပြန်ပြောကြားချက်ကို ဧရာဝတီသတင်းဌာနက ဖော်ပြခဲ့သည်။

Most Read

Most Recent