ရခိုင်ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်များ၏ မောင်တောဒေသ ဘက်စုံဖွံ့ဖြိုးရေး ကွင်းဆင်းခရီးစဉ်အတွင်း အိမ်ထောင်စုငါးထောင်နီးပါးအား တစ်အိမ်ထောင်လျှင် ကျပ်တစ်သောင်းနှုန်းဖြင့် ထောက်ပံ့

ရခိုင်ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်များ၏ မောင်တောဒေသ ဘက်စုံဖွံ့ဖြိုးရေး ကွင်းဆင်းခရီးစဉ်အတွင်း အိမ်ထောင်စုငါးထောင်နီးပါးအား တစ်အိမ်ထောင်လျှင် ကျပ်တစ်သောင်းနှုန်းဖြင့် ထောက်ပံ့
Published 10 October 2017

ရခိုင်ပြည်နယ်ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်များ၏ မောင်တောဒေသ ဘက်စုံဖွံ့ဖြိုးရေး ကွင်းဆင်းခရီးစဉ်အတွင်း ကျေးရွာများမှ အိမ်ထောင်စုငါးထောင်နီးပါးအား တစ်အိမ်ထောင်လျှင် ကျပ်တစ်သောင်းနှုန်းဖြင့် ငွေထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

မောင်တောဒေသ ဘက်စုံဖွံ့ဖြိုးရေး ကွင်းဆင်းခရီးစဉ်အတွင်း ရခိုင်ပြည်နယ်ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်များသည် အောက်တိုဘာ ၆ ရက်မှ ၈ ရက်အထိ မောင်တောဒေသ ဘက်စုံဖွံ့ဖြိုးရေး ကွင်းဆင်းခရီးစဉ်အတွင်း ကျေးရွာများမှ မိသားစုဝင်များကို တစ်အိမ်ထောင်လျှင် ကျပ်တစ်သောင်းနှုန်းဖြင့် စုစုပေါင်း ကျပ် ၄၉၃၃၀၀၀၀ အား ပေးအပ်ခဲ့ကြောင်း ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပု၏ Facebook စာမျက်နှာတွင် ဖော်ပြထားသည်။ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုနှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်များသည် အောက်တိုဘာ ၈ ရက်တွင် မောင်တောဒေသသို့ သွားရောက်ခဲ့ပြီး တောင်ဘဇာနှင့် ခမောင်းဆိပ်ကျေးရွာများမှ ဒေသခံများအား တွေ့ဆုံအားပေးစကား ပြောကြားခဲ့ပြီး ဘက်စုံဖွံ့ဖြိုးရေး၊ စီးပွားရေးအခွင့်အလမ်းများနှင့် ပတ်သက်ပြီး ရှင်းလင်းပြောကြားခဲ့သည်။

အဆိုပါခရီးစဉ်အတွင်း ဒေသခံတိုင်းရင်းသားများက လုပ်ကိုင်လိုသည့် စီးပွားရေးလုပ်ငန်းများအားတင်ပြရာ လတ်တလော လိုအပ်ချက်များကို ဝန်ကြီးချုပ်နှင့်အဖွဲ့က ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပြီး ဒေသစီးပွားရေး ဖွံ့ဖြိုးရေးအတွက် ကော်မတီများဖြင့် ရေတို၊ ရေရှည် ဆောင်ရွက်နေမှုများနှင့် ပတ်သက်၍ လျှပ်စစ်မီးရရှိရေး၊ လမ်းတံတား၊ ကျန်းမာရေး၊ လူမှုရေး၊ ပညာရေး၊ စိုက်ပျိုးမွေးမြူရေး၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်အောင် စီစဉ်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ တောင်ယာနှစ်ရှည် သီးနှံပင်များစိုက်ပျိုးရေးနှင့် ဒေသခံများအနေဖြင့်လည်း ကြိုးစားလုပ်ဆောင်စေလိုကြောင်းနှင့် အခက်အခဲရှိပါက ပြည်နယ်အစိုးရအဖွဲ့ကို တင်ပြစေလိုကြောင်းပြောကြားခဲ့ပြီး မောင်တောဒေသ ပြန်လည်တည်ဆောက်ရေးနှင့် ပတ်သက်ပြီး ဒေသခံများ၏ လိုအပ်ချက်များကို မေးမြန်းပြီး သက်ဆိုင်ရာတာဝန်ရှိသူများက ပြန်လည်ရှင်းလင်း ပြောကြားခဲ့သည်။

အလားတူ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် အောက်တိုဘာ ၇ ရက်ခရီးစဉ်တွင် အောင်သာယာ၊ ဖားဝပ်ချောင်း၊ တာရိန်းသင်္ဘောလှ၊ လောင်းဒုံကျေးရွာများနှင့် တောင်ပြိုလက်ဝဲမြို့တို့သို့ သွားရောက်ကာ ဒေသဘက်စုံဖွံ့ဖြိုးရေးအတွက် ပြည်ထောင်စုနှင့် ပြည်နယ်အစိုးရက ကော်မတီများဖွဲ့၍ ရေတို၊ ရေရှည် ဆောင်ရွက်နေမှုများကို ဒေသခံများနှင့် တွေ့ဆုံရှင်းလင်းပြောကြားပြီး လိုအပ်သည်များကို မေးမြန်းခဲ့သည်။

ပြည်နယ်ဝန်ကြီးချုပ်မှ မောင်တောဒေသ၌ ARSA ဘင်္ဂါလီအစွန်းရောက် အကြမ်းဖက်သမားများ၏ တိုက်ခိုက်မှုခံရပြီးနောက် နယ်မြေ ပြန်လည်တည်ငြိမ်အေးချမ်းလာသည်နှင့်အမျှ ဒေသဖွံ့ဖြိုးရေးကို အလေးထားဆောင်ရွက်နေကြောင်း၊ တစ်နှစ်အတွင်း လျှပ်စစ်မီးရရှိရေး၊ လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်ရေးတို့ကို ဆောင်ရွက်နေပြီး ကျန်းမာရေး၊ လူမှုရေး၊ ပညာရေး၊ စိုက်ပျိုးရေး၊ မွေးမြူရေး၊ ဆက်သွယ်ရေး၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်အောင် စီစဉ်လျက်ရှိကြောင်း၊ ဒေသခံများအနေဖြင့် မိမိတို့ကိုယ်တိုင် ညီညီညွတ်ညွတ်ဖြင့် ကြိုးစားရန်လိုအပ်ကြောင်းနှင့် အခက်အခဲရှိပါက ပြည်နယ်အစိုးရအဖွဲ့ကို တင်ပြ အကူအညီတောင်းခံနိုင်ကြောင်း ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။

အဆိုပါတွေ့ဆုံပွဲတွင် လုံခြုံရေးနှင့်နယ်စပ်ရေးရာ ဝန်ကြီးဗိုလ်မှူးကြီး ဖုန်းတင့်ကလည်း နယ်မြေတည်ငြိမ်အေးချမ်းမူရှိလာပြီး လုံခြုံရေးကိုစိတ်ချရအောင် ဆောင်ရွက်ထားကြောင်း ပြောကြားခဲ့ပြီး လျှပ်စစ်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေး ဝန်ကြီး ဦးအောင်ကျော်ဇံမှ တရားဥပဒေအောက်တွင် နေထိုင်နိုင်ဖို့လိုကြောင်း၊ အစိုးရပိုင်းကလည်း အခြေခံအဆောက်အအုံများ တည်ဆောက်ရန် စီစဉ်လျက်ရှိကြောင်း၊ ဒေသစီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် လမ်းပန်းဆက်သွယ်ရေးနှင့် လျှပ်စစ်ကဏ္ဍအပါအဝင် ဘက်စုံဖွံ့ဖြိုးရေးကို ဦးစားပေးကာ ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ပြောကြားခဲ့ကြောင်း သိရသည်။

 

Most Read

Most Recent