<

“ပြဿနာက ကြီးသွားမှာ။ အမုန်းတရားတွေကလည်း ပွားလာမှာ။ အမုန်းစကားထက် စာရင်တော့ ပန်းစကားပဲ ပြောစေချင်တယ်” ထီလာသုခသာမဂ္ဂီအဖွဲ့ဥက္ကဋ္ဌ ဒေါက်တာခင်စိုးနှင့် တွေ့ဆုံခြင်း

 

ပြီးခဲ့တဲ့ ၂၀၁၃ ခုနစ် မတ် ၂၀ ရက်က မိတ္ထီလာမြို့မှာ ရွှေအရောင်းအ၀ယ် လုပ်ရာကနေ ပြဿနာဖြစ်ပွားပြီး ပဋိပက္ခမီးက ကူးစက်ခဲ့ပါတယ်။ ဒီပဋိပက္ခကြောင့် ၄၃ ဦး သေဆုံးပြီး ၈၆ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ပြည်ထဲရေး ၀န်ကြီးဌာနကနေ ၂၀၁၃ မတ် ၂၉ ရက်က သတင်းထုတ်ပြန်ခဲ့ပါတယ်။ လက်ရှိအချိန်မှာ မိတ္ထီလာပဋိပက္ခဖြစ်စဉ် ဖြစ်ပွားခဲ့မှုဟာ အချိန်လေးနှစ်ကျော် ကြာမြင့်ခဲ့ပြီ ဖြစ်ပါတယ်။ ဒါကြောင့် ပဋိပက္ခဖြစ်ပွားပြီး လေးနှစ်အကြာ မိတ္ထီလာ အခြေအနေတွေကို လူမှုရေး လုပ်ငန်းတွေ လုပ်ကိုင်နေတဲ့ ထီလာသုခသာမဂ္ဂီအဖွဲ့မှ ဥက္ကဋ္ဌ ဒေါက်တာခင်စိုးနဲ့ တွေ့ဆုံမေးမြန်း ဖြစ်ခဲ့တာတွေထဲကနေ တချို့ကို ပြန်လည်ကောက်နုတ် ဖော်ပြလိုက်ရပါတယ်။

မေး- လက်ရှိ မိတ္ထီလာရဲ့ အခြေအနေကို ဆရာ့အနေနဲ့ ဘယ်လိုမြင်ပါသလဲ။

ဖြေ- ပဋိပက္ခဖြစ်ပြီး နောက်ပိုင်းမှာတော့ တော်တော်လေး တည်ငြိမ်မှုတော့ ရနေပါပြီ။ ဒါပေမဲ့ အပြည့်အ၀ကြီး ရနေတာတော့ မဟုတ်သေးဘူး။ တစ်ခါတလေကျတော့လည်း ကြိုကြားကြိုကြား အစွန်းရောက်တွေက ဖွတာလေးတွေတော့ ရှိတာပေါ့။ Facebook တို့ ဘာတို့ကနေ ဖွတာတို့တော့ ရှိတာပေါ့။ နောက်ပြီး ပြဿနာကို မီးထိုးတာတွေ ဘာတွေလည်း ရှိတာပေါ့။ အဲဒါမျိုးက ဒီပြည်သာယာတို့ ဘာတို့ အထဲမှာကိုရှိတယ်။ ဖြစ်ရင် ချက်ချင်းအရေးယူ ဆောင်ရွက်ရင်တော့ ကောင်းတာပေါ့။ တရားဥပဒေ စိုးမိုးရေးနဲ့ပဲ ကြည့်ရမှာပေါ့လေ။ ချက်ချင်းအုပ်နိုင်ရင်တော့ အကောင်းဆုံးပဲပေါ့။ နောက် ကောလာဟလတွေကိုလည်း မပြန့်ပွားအောင် သတင်းမှန် ထုတ်ပြန်ပေးဖို့ ဒါကလည်း အရေးကြီးပါတယ်။

မေး- ကိုယ့်အိမ်၊ ကိုယ့်နေရာကို မပြန်နိုင်ကြသေးတဲ့သူတွေ ရှိနေသေးတယ်လို့ သိရပါတယ်။ ဒီအပေါ်မှာ ဆရာ့အနေနဲ့ ဘာများပြောချင်ပါသလဲ။

ဖြေ- သူတို့လည်း တတ်နိုင်သလောက် လုပ်ပေးပါတယ်။ ဒါပေမဲ့ အကုန်လုံးကိုတော့ လုပ်မပေးနိုင်သေးဘူး။ တချို့နေရာက သူတို့နေရာကို ပြန်မရောက်သေးတဲ့ သူတွေလည်း ရှိတယ်။ ဒါကလည်း အခက်အခဲအမျိုးမျိုး ကြောင့်လည်း ဖြစ်မှာပေါ့။ တချို့က ကိုယ့်နေရာကိုယ် ပြန်နေချင်ပေမယ့်လို့ အဲဒီနေရာတွေက နေထိုင်ဖို့ မသင့်တော့ ပြန်မပေးတာတွေလည်းရှိတယ်။ အဲဒါဆို သူတို့ဘာသာသူတို့ ဒီနေရာကို ရောင်းစားရင်စားသွား ဒီနေရာမှာတော့ လာမနေနဲ့ပေါ့။ အဲဒီလိုမျိုး ရပ်ကွက်က လက်မခံတာတွေလည်းရှိတယ်။ အမျိုးမျိုးပေါ့။ အဲဒါတွေကို အာဏာပိုင်တွေက စီစဉ်ဆောင်ရွက်တာဆိုတော့ အသေးစိတ် ကျွန်တော်တို့က မသိဘူး။ ကမ့်တွေက မရှိတော့ဘူး။ အရင်တုန်းကတော့ ဖိုးဆယ်ကျောင်းထဲမှာရှိတယ်။ နောက်ရေအရင်းအမြစ်ထဲမှာ ရှိတယ်။ နောက် ခရိုင်အားကစားကွင်းထဲမှာ ရှိတယ်။ ဗုဒ္ဓဘာသာတွေကျတော့ ဘုန်းကြီးကျောင်းတွေမှာပေါ့။ အခုကတော့ အစိုးရက အဆောက်အအုံတွေ ဆောက်ပေးတဲ့အတွက် သူ့နေရာသူ ပြန်ရောက်သွားကြပြီ။ တချို့ကလည်း မဲနှိုက်ပြီးတော့ ကျတဲ့နေရာယူရတာပေါ့။ တချို့လည်း ဂရန်ရှိတော့ ကိုယ့်နေရာကို ပြန်ရတယ်။ တချို့ငှားပြီး နေတဲ့သူတွေကတော့ ပိုင်းပြီးနေကြတယ်။ ပေါင်းပြီးနေကြတယ်။ အရင်လို အခြေအနေကြီးတော့ မရဘူး။ ပြန်ပြီး အကွက်ရိုက်တဲ့ နေရာမှာ အရင်အကွက်ထက် ကျဉ်းချင်လည်း ကျဉ်းသွားတာ။ ဘာပဲပြောပြော အစိုးရက ဆောက်ပေးတဲ့အတွက် သူတို့ကလည်း ကျေကျေနပ်နပ် ယူကြတယ်။ မယူလို့လည်း မရဘူးလေ။ မယူဘူးဆို မရရုံပဲရှိတဲ့အတွက် ယူကြတယ်။ အဓိက,ကတော့ ပဋိပက္ခပြန်ဖြစ်မှာ စိုးတာတို့၊ ဖြစ်လို့ရှိရင် ဘယ်သူတာဝန်ယူမှာလဲလို့ အဲဒီလိုမျိုးတွေရှိတာပေါ့။ တာဝန်မယူချင်ကြတော့ အဲဒီလိုမျိုးနေရာတွေမှာ မထားဘူး။ အဲဒီလိုမျိုးနေရာတွေက ပြဿနာဖြစ်တတ်တယ်။ ပြဿနာအကြီးအကျယ် ဖြစ်သွားတဲ့ နေရာတွေဆိုလည်း ပြန်မပေးဘူး။

မေး- မိတ္ထီလာပဋိပက္ခ ဖြစ်တာက လေးနှစ်ရှိပြီဆိုတော့ အစိုးရရဲ့ ပြန်လည်ထူထောင်ရေး အပေါ်မှာ ဆရာ့အနေနဲ့ ဘယ်လိုများ မြင်ပါသလဲ။

ဖြေ- ပြန်လည်ထူထောင်ရေးကတော့ လိုအပ်ချက်က ရှိပါတယ်။ သူတို့လည်း တတ်နိုင်သလောက် ကြိုးစားလုပ်ပေးတယ် ဆိုပေမယ့်လည်း ပြည့်စုံလုံလောက်မှုကတော့ မရှိဘူး။ နည်းနည်း ကျပ်ကျပ်တည်းတည်း နေရတာတွေတို့၊ မိသားစုတွေ ပေါင်းနေရတာတွေတို့၊ ရေစီးရေလာ မကောင်းဘဲ ရေတွေဝပ်နေတာတွေတို့၊ နောက် ရေအခက်အခဲ ရှိတာတို့၊ သန့်ရှင်းရေးတွေ အခက်အခဲရှိတာတို့ ဒါမျိုးတွေတော့ ရှိပါတယ်။ အဲဒါတွေကလည်း ဘာဖြစ်လို့ဖြစ်လဲဆိုတော့ အစနေရာချကတည်းက ရေမြောင်းစနစ်တို့၊ ရေထွက်ပေါက်တို့ အဲဒါတွေက မကောင်းတော့လည်း ရေ၀ပ်တာပေါ့လေ။ ရေအခက်အခဲတွေလည်း နည်းနည်းရှိတယ်။ အဲဒါတွေကို ကျွန်တော်တို့ဘက်က တတ်နိုင်သလောက် ကူညီဖြေရှင်းပေးတာတွေ ရှိပါတယ်။

မေး-  မိတ္ထီလာမြို့မှာ ၂၀၁၃ ပဋိပက္ခဖြစ်စဉ် ဖြစ်ပွားပြီး နောက်ပိုင်း နောက်ထပ်ဘယ်လို အခြေအနေမျိုးတွေကို ကြုံတွေ့နေရပါသလဲဆရာ။

ဖြေ- ပဋိပက္ခ အသေးလေးတွေပါပဲ။ တစ်ယောက်နဲ့ တစ်ယောက်က ဥပမာ မိသားစု ပြဿနာလေးတွေကနေ သူတို့က ကြီးအောင်လုပ်ချင် ကြတာပေါ့။ ဒါပေမဲ့ အဲဒီလောက်ကြီး မဖြစ်အောင် ချက်ချင်းအရေးယူတာတွေ ရှိတဲ့အတွက် မဖြစ်ဘူးပေါ့။

မေး- အမုန်းစကားတွေအပေါ်မှာ ဆရာ့အနေနဲ့ ဘာများပြောချင်ပါသလဲ။

ဖြေ- ကျွန်တော်တို့ကတော့ အမုန်းစကားတွေကိုတော့ မပြောစေချင်ဘူး။ ပြောလို့ရှိရင်လည်း အဲဒါတွေကို အာဏာပိုင်တွေ အနေနဲ့ ခွင့်မပြုစေချင်ဘူး။ ဘာလို့လဲဆိုတော့ ဒီဟာတွေကနေပြီးတော့ ပြဿနာက ကြီးသွားမှာ။ အမုန်းတရားတွေကလည်း ပွားလာမှာ။ အမုန်းစကားထက် စာရင်တော့ ပန်းစကားပဲ ပြောစေချင်တယ်။

မေး- လက်ရှိ ရဲတပ်ဖွဲ့ဝင်တွေရဲ့ လုပ်ကိုင်ဆောင်ရွက်မှု အပေါ်မှာ အားရကျေနပ်မှု ရှိပါရဲ့လား။

ဖြေ- အဖွဲ့အစည်းတွေက အထက်ရဲ့အမိန့်ကို နာခံရတာဆိုတော့ အရင်ထက်စာရင် အခုနောက်ပိုင်းတော့ အရေးယူ ဆောင်ရွက်မှုက မြန်ဆန်လာပါတယ်။ အရင်တုန်းကတော့ သူတို့က အမိန့်အရ ဘာမှမလုပ်နဲ့ဆို မလုပ်ရဘူးပေါ့လေ။

မေး- လက်ရှိ မိတ္ထီလာ အခြေအနေဟာ ၂၀၁၃ ခုနှစ် မတိုင်ခင်က အခြေအနေကို ပြန်ရောက်နေပြီလို့ ပြောနိုင်မလားဆရာ။

ဖြေ- ၂၀၁၃ ခုနှစ်မတိုင်ခင် မိတ္ထီလာ အခြေအနေမျိုးက တော်တော်များများတော့ ပြန်ဖြစ်နေပါပြီ။ ဒါပေမဲ့ လုံးလုံးကြီးတော့ ပြန်မရောက်သေးဘူး။ ပဋိပက္ခကြောင့် ရိုက်ခတ်တဲ့ လှိုင်းတံပိုး လေးတွေကတော့ နည်းနည်းတော့ရှိတယ်။

မေး- ဆရာ့အနေနဲ့ ဖြည့်စွက်ပြောချင်တာလေးများ ရှိပါသေးလား။

ဖြေ- ကျွန်တော်တို့ကတော့ အရင်လိုပဲ သင့်သင့်မြတ်မြတ်နဲ့ ဘာသာပေါင်းစုံက ချစ်ချစ်ခင်ခင်ပဲ နေထိုင်ချင်တယ်။ အဲဒီလိုမျိုး အခြေအနေရောက်အောင် ကြိုးပမ်းရမှာက လူတိုင်းမှာ တာဝန်ရှိပါတယ်။

October 8, 2017














Copy Protected by Chetan's WP-Copyprotect.