<

၁၈ ရက်တိုင် ဒေသစာရီ ကြွချီအပူဇော်ခံခဲ့သော အင်းလေးဖောင်တော်ဦးဘုရား ကျောင်းတော်ဝင်ပွဲသို့ လူဦးရေသောင်းနှင့်ချီ လာရောက်ဖူးမြော်

အောက်တိုဘာ ၈ ရက် နံနက်ပိုင်းက အင်းလေးဖောင်တော်ဦးဘုရား ကျောင်းတော်ဝင်ပွဲ ကျင်းပနေသည်ကို တွေ့ရစဉ် (ဓာတ်ပုံ – စည်သာ)

၁၈ ရက်တိုင် ဒေသစာရီ ကြွချီအပူဇော်ခံခဲ့သော ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်ရှိ အင်းလေးဖောင်တော်ဦး ဘုရားကျောင်းတော်ဝင်ပွဲနေ့တွင် လူဦးရေ သောင်းနှင့်ချီကာ လာရောက်ဖူးမြော် ခဲ့ကြကြောင်း သတင်းရရှိသည်။

အောက်တိုဘာ ၈ ရက် သီတင်းကျွတ် လပြည့်ကျော် ၃ ရက်တွင် ဖောင်တော်ဦး ဘုရားရုပ်ပွားတော်များသည် ရေသာဘုရား စံကျောင်းတော်မှ နံနက် ၈ နာရီတွင် စတင် ထွက်ခွာလာပြီး ဖောင်တော်ဦး ရတနာစံ ကျောင်းတော်သို့ ရောက်ရှိစံမြန်းတော်မူ ကြောင်း၊ ရှမ်းပြည်နယ် အစိုးရအဖွဲ့ဝန်ကြီး များနှင့် ဆရာတော် သံဃာတော်များမှ ဖောင် တော်ဦးရုပ်ပွားတော်မြတ်များကို ကရ၀ိက် ဖောင်တော်ကြီးပေါ်မှ ကျောင်းတော်သို့ ပင့် ဆောင် ပူဇော်ခဲ့ကြောင်း သိရသည်။

အင်းလေး ဖောင်တော်ဦးဘုရား ဒေသစာရီ ကြွချီအပူဇော်ခံခြင်းကို စက်တင်ဘာ ၂၁ ရက်မှ စတင်ကာ ထွက်ခွာလာပြီး အောက်တိုဘာ ၈ ရက် သီတင်းကျွတ်လပြည့်ကျော် ၃ ရက်အထိ ၁၈ ရက်တိုင် အင်းလေးဒေသ ၂၁ ဌာနသို့ လှည့်လည် အပူဇော်ခံခြင်းဖြစ်သည်။

အင်းလေးဖောင်တော်ဦး ဘုရားကျောင်းတော်ဝင်ပွဲတွင် ပြည်တွင်း ပြည်ပ ခရီးသွား ဧည့်သည်များ သိန်းနှင့်ချီကာ လာရောက်ခဲ့ကြပြီး ဖောင်တော်ဦးဘုရား ပရိဝုဏ်နှင့် အင်းလေးကန်အတွင်း ဘုရားဖူး ဧည့်သည်များ၊ စက်လှေများ ပြည့်ညှပ်ခဲ့ကြောင်း သိရသည်။

အောက်တိုဘာ ၈ ရက် နံနက်ပိုင်းက အင်းလေးဖောင်တော်ဦးဘုရား ကျောင်းတော်ဝင်ပွဲ ကျင်းပနေမှုအား တွေ့ရစဉ် (ဓာတ်ပုံ – စည်သာ)

ဖောင်တော်ဦးဘုရား ဓမ္မာရုံတွင်လည်း ညအိပ်တည်းခိုနေသော ဘုရားဖူးခရီးသွား ဧည့်သည်များ ပြည့်ညပ်နေပြီး ရေသာ၊ ကေလာ၊ ရွာမစသော ဘုန်းတော်ကြီး ကျောင်းများတွင်လည်း ဘုရားဖူးညအိပ် ဧည့်သည်များဖြင့် ပြည့်နှက်နေကြောင်း သိရသည်။

အင်းလေးဖောင်တော်ဦးဘုရား ဒေသစာရီ လှည့်လည်ပူဇော်ခံခြင်း ရတနာစံ ကျောင်းတော်ဝင်ပွဲတွင် ယခင်နှစ်ကထက် ပိုမိုလူစည်ကားခဲ့ကြောင်း အင်းတိုင်းရင်းသားရေးရာဝန်ကြီး ဒေါက်တာထွန်းလှိုင်က ပြောကြားသည်။

“မနှစ်ကထက်စာရင် လူတအားများလာတယ်လို့ ဈေးသည်တွေ ပြောပါတယ်။ အဓိကအားဖြင့်တော့ ပြည်တွင်း ခရီးသွားတွေပေါ့။ မနှစ်က နိုင်ငံခြားသားတွေ နှစ်သိန်းခွဲ လောက်ဝင်ပါတယ်။ ဒီနှစ်လူပိုမိုစည်ကားတာ တိုးမပေါက်တော့ဘူး။ လှေပြိုင်ပွဲတွေကိုလည်း ဒီနှစ်မှာ ဆုတွေချီးမြှင့်ပေးခဲ့ပါတယ်” ဟု အင်းတိုင်းရင်းသားရေးရာဝန်ကြီး ဒေါက်တာထွန်းလှိုင်က ပြောကြားသည်။

အင်းလေးကန် ဖောင်တော်ဦးဘုရား ပရိဝုဏ်နှင့် အနီးအနားရှိ ရွာများတွင် ပြည်တွင်း ပြည်ပ ခရီးသွားများဖြင့် ပြည့်ကျပ်နေခဲ့ပြီး သွားလာ မရလောက်အောင် စည်ကားခဲ့ကြောင်း၊ လှေလမ်းကြောင်း တစ်လျှောက်တွင်လည်း စက်လှေများ ဘုရားဖူးခရီးသွားလှေများ၊ တက်လှေပြိုင်ပွဲလှေများဖြင့် ပြည့်ကျပ်စည်ကားခဲ့ကြောင်း သိရသည်၊ ထို့ပြင် ဖောင်တော်ဦးဘုရား ဓမ္မာရုံတွင်လည်း ခရီးသွားဧည့်သည်များ အပြည့်တည်းခိုလျက်ရှိပြီး အနီးအနားရှိ ရေသာ၊ ကေလာ၊ ရွာမစ သောရွာများရှိ ဘုန်းတော်ကြီး ကျောင်းများတွင်လည်း ဘုရားဖူးခရီးသွားများ အပြည့် တည်းခိုလျက်ရှိကြောင်း သိရသည်၊

ဖောင်တော်ဦးဘုရား ရုပ်ပွားတော်မြတ်များသည် စက်ဘာတင် ၂၁ ရက်မှ စတင်ထွက်ခွာကာ ဒေသစာရီ လှည့်လည်ခဲ့ပြီး ၂၁ ဌာန တွင် ရက်ပေါင်း ၁၈ ရက်ကြာထားရှိ အပူဇော်ခံကာ အောက်တိုဘာ ၈ ရက်တွင် မူလရတနာ စံကျောင်းတော်သို့ ပြန်လည်ဝင်ရောက်ကာ ကျောင်းတော်ကြီး ၀င်ပွဲကျင်းပခြင်း ဖြစ်ကြောင်း ဖောင်တော်ဦးဘုရား ဂေါပကအဖွဲ့ထံမှ သိရသည်။

 

October 8, 2017














Copy Protected by Chetan's WP-Copyprotect.