နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား ထောက်ခံပွဲ ပုသိမ်မြို့နှင့် စစ်ကိုင်းမြို့တွင် ပြုလုပ်

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား ထောက်ခံပွဲ ပုသိမ်မြို့နှင့် စစ်ကိုင်းမြို့တွင် ပြုလုပ်
Published 9 October 2017

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား ထောက်ခံပွဲ ပုသိမ်မြို့တွင် ပြုလုပ်စဉ်

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား ထောက်ခံပွဲကို ပုသိမ်မြို့နှင့် စစ်ကိုင်းမြို့တို့တွင် အသီးသီး ကျင်းပခဲ့ကြောင်း သိရသည်။

ပုသိမ်မြို့တွင် ပြုလုပ်သည့် ထောက်ခံပွဲတွင် ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့် လွှတ်တော်ကိုယ်စားလှယ်များပါ တက်ရောက်ခဲ့ပြီး ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ၊ ပဋိပက္ခ အကြမ်းဖက် ပြဿနာအပေါ် တရားမျှတစွာ ဖြေရှင်းဆောင်ရွက်နိုင်မှုနှင့် စွမ်းဆောင်နိုင်မှုကို ထောက်ခံသည့် ဆန္ဒထုတ်ဖော်ပွဲအား ပုသိမ်မြို့ မြို့တော်ခန်းမရှေ့ရှိ ရှုခင်းသာရင်ပြင်တွင် အောက်တိုဘာ ၈ ရက် နံနက် ၁၀ နာရီခန့်က ကျင်းပခဲ့ကြောင်း သတင်းရရှိသည်။

တိုင်းဒေသကြီး အတွင်းရှိ မြို့နယ်အသီးသီးမှ ပြည်သူအင်အား တစ်သောင်းခန့်က ပုသိမ်မြို့ ကမ်မဆန်စုရပ်၊ တဂေါင်းဘုရားစုရပ်၊ ဘူတာခွစုရပ်၊ ကိုးသိန်းစုရပ်၊ ကွမ်းခြံထိပ်စု ရပ်တို့တွင် စုစည်းကာ ပုသိမ်မြို့တော် ခန်းမရှေ့သို့ ချီတက်လမ်းလျှောက်ခဲ့ကြပြီး နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်အား ထောက်ခံခြင်းကို ပြသခဲ့ကြကြောင်း၊ မြို့တော်ခန်းမရှေ့တွင် ပန်းရဲ့လမ်း ဂီတအဖွဲ့မှ ဖျော်ဖြေမှုများပါ ပြုလုပ်ခဲ့ကြပြီး ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမန်းဂျော်နီက ထောက်ခံပွဲ ပြုလုပ်ရခြင်းအား ကြိုဆိုမိန့်ခွန်း ပြောကြားခဲ့ပြီး ၈၈ မျိုးဆက်မှ ကိုဂျင်မီ၊ စာရေးဆရာ ဦးထင်လင်းဦး၊ ကဗျာဆရာ ဦးတိုးဝေတို့က ငြိမ်းချမ်းရေးနှင့် နိုင်ငံတော်၏ ရှေ့ဆက်သွားနေသည့် မူဝါဒများအပေါ် ထောက်ခံမှု၊ ဟောပြောမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ထောက်ခံပွဲတွင် ပူးပေါင်းပါဝင်ခဲ့သူ ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် စည်ပင်သာယာရေးဝန်ကြီး ဦးကျော်မြင့်က “ပြည်သူလူထုက ထောက်ခံတဲ့နေရာမှာ ကျွန်တော်တို့ကလည်း ပြည်သူထဲက ပြည်သူအနေနဲ့ ကျွန်တော်တို့အမေ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဦးဆောင်မှုတွေကို ဟောပြောမှုတွေ လမ်းညွှန်မှုတွေကို လိုက်နာကြဖို့၊ ထောက်ခံကြဖို့ တစ်တိုင်းလုံးကနေ ထောက်ခံပြီး ချီတက်လာကြတာပါ။ ကျွန်တော်တို့ တိုင်းဒေသကြီး အစိုးရတို့၊ တိုင်းဒေသကြီးပါတီတို့ကတော့ ပြည်သူလူထုကနေပြီး ကျင်းပတဲ့ ထောက်ခံပွဲမှာ ပြည်သူလူထုထဲက ပြည်သူလူထုအနေနဲ့ ပါဝင်ချီတက် အားပေးတဲ့ အနေအထားပါပဲ။ အားလုံးကတော့ တစ်တိုင်းလုံးကနေ ထောက်ခံကြတယ်။ ပြည်သူလူထု ကိုယ်စားပြုသူတွေကပဲ ဟောပြောကျင်းပခြင်း ဖြစ်ပါတယ်” ဟု စည်ပင်သာယာရေးဝန်ကြီး ဦးကျော်မြင့်က ပြောကြားသည်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား ထောက်ခံပွဲ စစ်ကိုင်းမြို့တွင် ပြုလုပ်စဉ်

ဆန္ဒထုတ်ဖော်ပွဲသို့ တက်ရောက်လာသည့် လွှတ်တော်ကိုယ်စားလှယ် တစ်ဦးကလည်း “ကျွန်မတို့ကတော့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ ကျွန်မတို့နဲ့ တစ်သားတည်း ထပ်တူရှိနေတယ်ဆိုတဲ့ ဒီနေ့ သက်သေပြတဲ့ ပွဲပေါ့နော်။ ကျွန်မတို့နိုင်ငံအနေနဲ့ အခက်အခဲတွေကို ကြံ့ကြံ့ခံပြီး ရင်ဆိုင်ပေးနေတဲ့ ကျွန်မတို့ရဲ့ ခေါင်းဆောင်ကြီးရဲ့နောက်မှာ ပြည်သူလူထုက ဘယ်လိုအခက်အခဲပဲ ရှိနေပါစေ တစ်ထပ်တည်း ကျနေတယ် ဆိုတာကို ကျွန်မတို့ သက်သေပြတာပါ” ဟု အိမ်မဲမြို့နယ် အမှတ် (၁) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်ရီရီထွန်းက ပြောကြားသည်။

အဆိုပါ ထောက်ခံဆန္ဒထုတ်ဖော်ပွဲအား ပုသိမ်တက္ကသိုလ် ကျောင်းသားသမဂ္ဂ၊ အနှေးယာဉ် လုပ်သားများ သမဂ္ဂနှင့် အခြားသော လူမှုရေး အဖွဲ့အစည်းများ၊ ပြည်သူများကပါ ပူးပေါင်းပါဝင်ခဲ့ကြောင်း သိရသည်။

ထို့ပြင် စစ်ကိုင်းမြို့တွင် ပြုလုပ်သည့် ထောက်ခံပွဲကို စစ်ကိုင်းမြို့တော် ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့နှင့် စစ်ကိုင်းတိုင်းဒေသကြီး ကျောက်မျက်ရတနာ လုပ်ငန်းရှင်များအသင်းတို့ ပူးပေါင်းလုပ်ဆောင်ခြင်းဖြစ်ကြောင်း သိရပြီး အင်အား ၁၂၀၀ ကျော် တက်ရောက်ခဲ့ကြောင်း သိရသည်။

“နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို လူထုက ဒီအချိန်မှာ ဝန်းရံရမယ်၊ ထောက်ခံရမယ်။ သူဆောင်ရွက်နေတဲ့ လုပ်ငန်းစဉ်တွေကို လူထုက ထောက်ခံသင့်တယ်၊ အားပေးသင့်တယ် ထင်ပါတယ်။ ဒါကြောင့်မို့ ကျွန်တော်တို့ အခုလို ထောက်ခံပွဲကို စီစဉ်ရခြင်း ဖြစ်ပါတယ်။ စုစုပေါင်း တက်ရောက်အင်အား ၁၂၀၀ ကျော်ပါတယ်” ဟု စစ်ကိုင်းမြို့တော် ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ဝင် ဦးစိုးလှိုင်ထွန်းက ပြောကြားသည်။

စစ်ကိုင်းမြို့ တကောင်းရပ်ရှိ ကျောက်မျက်ရတနာ လုပ်ငန်းရှင်များ အသင်းရုံးတွင် နံနက် ၈ နာရီ၌ စုရပ်ပြုလုပ်၍ စစ်ကိုင်းမြို့မဈေးလမ်း၊ တာရိုးလမ်းမှ ဗိုလ်ချုပ်အောင်ဆန်းပန်းခြံ အသင်္ခယာစောယွမ်း အဝိုင်းပတ်မှ ဗိုလ်ချုပ်လမ်းအတိုင်း စီတန်းလှည့်လည်ကာ ‘အမေစု ကျန်းမာပါစေ’၊ ‘ပြည်သူ့အစိုးရ အောင်မြင်ပါစေ’ စသည့် ကြွေးကြော်သံများ ကြွေးကြော်ကာ ဒေါ်အောင်ဆန်းစုကြည် ကျန်းမာပါစေ၊ We Stand with Daw Aung San Suu Kyi စာတန်းပါ တီရှပ်များ ဝတ်ဆင်ခြင်း၊ အမေစုနှင့်အတူ ရပ်တည်မည် စသည့်ဗီနိုင်းများ ကိုင်ဆောင်ကာ ဗိုလ်ချုပ်အောင်ဆန်း ပန်းခြံရှေ့တွင် နိုင်ငံတော်သီချင်း သီဆိုခြင်း၊ မိုးပျံပူဖောင်းများ လွှတ်တင်ခြင်းများ ပြုလုပ်ခဲ့ကာ စစ်ကိုင်းမြို့တွင်း အဆိုပါ လမ်းများအတိုင်း စီတန်းလှည့်လည် ဆန္ဒထုတ်ဖော်ခဲ့ကာ နံနက် ၁၀ နာရီကျော်တွင် ထောက်ခံပွဲ ပြီးစီးခဲ့ကြောင်း သိရသည်။

 

Most Read

Most Recent