ရခိုင်ပြည်နယ်တွင် ဖြစ်ပွားနေသော အကြမ်းဖက်မှုများနှင့်ပတ်သက်၍ သတင်းမှား ထုတ်လွှင့်မှုများနှင့် ပြည်ပနိုင်ငံများ၏ စွပ်စွဲချက်များကို သက်သေအထောက်အထား ခိုင်လုံစွာဖြင့် အချိန်နှင့်တစ်ပြေးညီ ပြန်လည်တုံ့ပြန်ရန်လိုအပ်ကြောင်း National Protection Network ထုတ်ပြန်

ရခိုင်ပြည်နယ်တွင် ဖြစ်ပွားနေသော အကြမ်းဖက်မှုများနှင့်ပတ်သက်၍ သတင်းမှား ထုတ်လွှင့်မှုများနှင့် ပြည်ပနိုင်ငံများ၏ စွပ်စွဲချက်များကို သက်သေအထောက်အထား ခိုင်လုံစွာဖြင့် အချိန်နှင့်တစ်ပြေးညီ ပြန်လည်တုံ့ပြန်ရန်လိုအပ်ကြောင်း National Protection Network ထုတ်ပြန်
Published 9 October 2017

 

 

ရခိုင်ပြည်နယ်တွင် ဖြစ်ပွားနေသော အကြမ်းဖက်မှုများနှင့်ပတ်သက်၍ သတင်းမှား ထုတ်လွှင့်မှုများနှင့် ပြည်ပနိုင်ငံများ၏ စွပ်စွဲချက်များကို သက်သေအထောက်အထား ခိုင်လုံစွာဖြင့် အချိန်နှင့်တစ်ပြေးညီ ပြန်လည် တုံ့ပြန်ရန်လိုအပ်ကြောင်း National Protection Network က အောက်တိုဘာ ၈ ရက်တွင် ထုတ်ပြန်ခဲ့သည်။

မြန်မာနိုင်ငံ စားသုံးသူကာကွယ်ရေးအသင်း၊ အသေးစား စက်မှုလက်မှု ဖိနပ်လုပ်ငန်းရှင်များ မျိုးတူစုအဖွဲ့နှင့် ကြယ်တံခွန် ဖိနပ်ကုန်ထုတ် သ/မအသင်း၊ ဖဲကြိုးနက် ဦးဆောင်ဆရာဝန် ဒေါက်တာအလင်္ကာနှင့် နိုင်ငံရေး စိတ်ပါဝင်စားသူများ ပါဝင်သည့် 'နိုင်ငံရေး ထောင်ချောက်များထဲမှ အစွန်းရောက် ဘင်္ဂါလီအရေးကိစ္စ ဘယ်လိုရှေ့ဆက်သင့်လဲ'ဆိုသည့် ခေါင်းစဉ်ဖြင့် မရမ်းကုန်းမြို့နယ်ရှိ ပေါက်စေတီကျောင်းတိုက်တွင်  တံခါးပိတ် ဆွေးနွေးပွဲပြုလုပ်ပြီး ရလဒ်များကို သတင်းစာ ရှင်းလင်းပွဲပြုလုပ်၍ ထိုသို့ထုတ် ပြန်ခဲ့ခြင်းဖြစ်သည်။

အဆိုပါ ထုတ်ပြန်ချက်တွင် တံခါးပိတ်ဆွေးနွေးပွဲမှ ရရှိလာသော ရလဒ်များ ခုနစ်ချက်ပါဝင်ပြီး နိုင်ငံတော်အစိုးရအနေဖြင့် အကြမ်းဖက်မှုကို အားပေးနေသော ပြည်ပ ကြေးစားမီဒီယာများ၏ သတင်းမှား ထုတ်လွှင့်မှုများနှင့် အကြမ်းဖက်သမားများကို အားပေးနေသော ပြည်ပနိုင်ငံများ၏ စွပ်စွဲချက်များကို သက်သေအထောက်အထား ခိုင်လုံစွာဖြင့် အချိန်နှင့်တစ်ပြေးညီ ပြန်လည် တုံ့ပြန်ရန်လိုအပ်ကြောင်း ထည့်သွင်းဖော်ပြထားသည်။

ထိုသို့တုံ့ပြန်နိုင်ရန် နိုင်ငံတော်အစိုးရက ပြည်တွင်းမှ မီဒီယာများ ဖွံ့ဖြိုး တိုးတက်လာစေရန်နှင့် နိုင်ငံတကာ မီဒီယာလောကသို့ ထိုးဖောက်နိုင်ရန် မီဒီယာများကို အဆင့်မြှင့်တင်ပေးပြီး အခင်းဖြစ်ပွားရာနေရာများသို့ အချိန်နှင့်တစ်ပြေးညီ သတင်းရယူနိုင်ရန် စာနယ်ဇင်း လွတ်လပ်ခွင့်ကို ဖော်ဆောင်ပေးရမည်ဖြစ်ကြောင်း ဖော်ပြထားသည်။

ထို့ပြင် ရခိုင်ပြည်နယ်မြောက်ပိုင်းမှ ဘင်္ဂါလီ အကြမ်းဖက်သမားများအရေးကိစ္စသည် နိုင်ငံရေးထောင်ချောက်များ၊ နောက်ကွယ်မှ နိုင်ငံရေးပယောဂများကြောင့် ပိုမို ရှုပ်ထွေးလာနိုင်သည့်အတွက် မြန်မာနိုင်ငံတွင် အကြမ်းဖက်ဝါဒ အမြစ်မတွယ်စေရေး၊ အကြမ်းဖက်သမားများ ခြေကုပ်မယူနိုင်ရေး နှင့် အချုပ်အခြာအာဏာ ပိုင်နက်နယ်မြေ မဆုံးရှုံးစေရေးတို့အတွက် UN အပါအဝင် မည်သည့်နိုင်ငံများ၏ စွက်ဖက်နှောင့်ယှက်မှုများကိုမျှ ဂရုမစိုက်ဘဲ နိုင်ငံတော်အစိုးရ၊ တပ်မတော်နှင့် တိုင်းရင်းသားပြည်သူတစ်ရပ်လုံး ဝိုင်းဝန်း ကာကွယ်သွားရမည်ဖြစ်ကြောင်း ထည့်သွင်းထုတ်ပြန်ထားသည်။

အလားတူ ရခိုင်ပြည်နယ်၊ မောင်တော ဒေသတွင် ဖြစ်ပွားခဲ့သော ဘင်္ဂါလီအစွန်းရောက် အကြမ်းဖက်သမားများ၏ အကြမ်းဖက်ခံရမှုများနှင့် လက်ရှိမြန်မာနိုင်ငံအား နိုင်ငံတကာမှ ဖိအားပေးအကျပ်ကိုင်မှုများကို ဖြေရှင်းရန် နိုင်ငံတော်အစိုးရနှင့် တပ်မတော်တွင်သာ တာဝန်ရှိသည် မဟုတ်ဘဲ ၅၁ သန်းကျော်သော ပြည်သူအားလုံးတွင်လည်း တာဝန်ရှိကြောင်း ဖော်ပြထားသည်။

Most Read

Most Recent