<

ရန်ကုန်တိုင်းအစိုးရက ၀ယ်ယူထားသည့် ကျောင်းကားများအား TTC၊ ဒဂုံ (၁) အပါအ၀င် ကျောင်းသုံးကျောင်းတွင် စမ်းသပ်ပြေးဆွဲမည်

ရန်ကုန်မြို့တွင် ပြေးဆွဲမည့် ကျောင်းကားများကို ပြည်သူ့ရင်ပြင်၌ ရပ်နားထားစဉ် (ဓာတ်ပုံ-ကြည်နိုင်)

ရန်ကုန်တိုင်းအစိုးရက ၀ယ်ယူထားသည့် ကျောင်းကားများအား ကျောင်းသုံးကျောင်းတွင် စမ်းသပ်ပြေးဆွဲမည် ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ (YRTA) မှ အတွင်းရေးမှူး ဒေါက်တာမောင်အောင်က ပြောကြားသည်။

“ဆရာတို့ မှန်းတာကတော့ ဒဂုံ (၁) ရယ်၊ အထက (၂) ရယ်၊ TTC ရယ် စမယ်စိတ်ကူးထားတယ်။ အဲဒီကျောင်းတွေက အဝေးက ကျောင်းသားတွေ လာတက်တာများလို့။ ပြီးတော့ ယာဉ်ကြောပိတ်ဆို့မှုကလည်း အဲဒီကျောင်းတွေက အများဆုံးဖြစ်လို့ အဲဒီကျောင်း သုံးကျောင်းကို စတင်ပြီး စမ်းသပ်ပြေးဆွဲမှာ။ အချိန်အတိအကျကိုတော့ ပြောလို့မရသေးဘူး။ ကျောင်းကား အစီး ၂၀၀ လုံး အဲဒီကျောင်း သုံးကျောင်းလုံး ပြေးဆွဲသွားမှာ မဟုတ်ပါဘူး” ဟု ဒေါက်တာမောင်အောင်က ပြောကြားသည်။

ထို့ပြင် အစိုးရက ၀ယ်ယူထားသည့် ကျောင်းကားများ ပြေးဆွဲနိုင်ရန် အများပိုင်ကုမ္ပဏီကိုလည်း ဖွဲ့စည်းပြီးဖြစ်ကြောင်း၊ တစ်ဦးချင်း ပြေးဆွဲလိုသည့် ကားများအနေဖြင့်လည်း သတ်မှတ်ချက်များနှင့် ကိုက်ညီမှုရှိပါက ပြေးဆွဲခွင့်ရရှိမည်ဖြစ်ကြောင်း ၎င်းကဆက်လက် ပြောကြားသည်။

“ကျောင်းကားကို ခုလမ်းကြောင်းဆွဲတာ လုပ်နေတယ်။ အစက ဒီလထဲ ဆွဲဖို့အစီအစဉ်ရှိတယ်။ ဒါပေမဲ့လည်း တကယ်လက်တွေ့မှာကျတော့ တကယ်အောက်မှာ အရင်တုန်းက ကားတွေက အိမ်ရှေ့အထိ ရောက်အောင်ထိုးတယ်။ ခုကျတော့ အိမ်ရှေ့ထိ မရောက်ဘူး။ တစ်နေရာ စုရပ်လေးထားပြီး လုပ်ရတာ ဖြစ်တဲ့အတွက် အဲဒီအပိုင်းမှာ နည်းနည်းလေး ခုကတော့ ဆာဗေးလုပ်တုန်းပဲ။ ဆရာတို့ အခုကျောင်းကားတွေ စံသတ်မှတ်ချက် ၁၂ ချက်နဲ့ ညီလို့ရှိရင် ပြေးဆွဲခွင့်ပြုရမှာပဲ။ ပြုတဲ့အခါမှာ တစ်ဦးချင်းပိုင်လည်း ဖြစ်ရင်ဖြစ်ဦးမယ်။ ဒါပေမဲ့ Light Truck နဲ့ ကျောင်းကားပြေးဆွဲခွင့် မပြုတော့ပါဘူး။ ရွှေလက်ကတော့ ကုမ္ပဏီဖွဲ့ပြီးပြီ။ မောင်းမယ့်သူတို့ နောက်လိုက်တို့ကတော့ ခုမှခေါ်တုန်းရှိသေးတယ်။ ဆရာတို့က နေ့တိုင်းထိတွေ့ပြီးတော့ လုပ်နေတယ်” ဟု ဒေါက်တာမောင်အောင်က ဆိုသည်။

ထို့ပြင် အစိုးရက တင်သွင်းမည့် ကျောင်းကားအစီး ၂၀၀ သည် ယခင်က ကျောင်းပေါင်း ၂၆ ကျောင်းအတွက် ရည်ရွယ်ထားသော်လည်း ကျောင်းပေါင်း ၂၂ ကျောင်း အတွက်သာ အသုံးပြုမည်ဖြစ်ကြောင်း သိရသည်။

အစိုးရမှ ၀ယ်ယူမည့် ကျောင်းကားအစီး ၂၀၀ သည် Show Room တွင် ၀ယ်ယူမည်ဆိုပါက တစ်စီးလျှင် ဒေါ်လာ ၄၀၀၀၀ ခန့် ရှိမည်ဖြစ်ပြီး အစိုးရက ၀ယ်ယူသဖြင့် တစ်စီးလျှင် ဒေါ်လာ ၁၀၀၀၀ ခန့်သက်သာ မည်ဖြစ်ကြောင်း သိရသည်။

လက်ရှိပြေးဆွဲနေသည့် ကျောင်းကားခ ဈေးနှုန်းများ အနေနှင့် ခရီးအကွာအဝေး၊ ကျောင်းနှင့် နေထိုင်သည့် မြို့နယ်အနီးအဝေး အပေါ်တွင် မူတည်ပြီး ကျပ်နှစ်သောင်းမှ သုံးသောင်း၊ လေးသောင်းအထိ အမြင့်ဆုံး ကုန်ကျကြောင်း ကျောင်းသားမိဘများထံမှ သိရသည်။

ကျောင်းကားများ အဆင့်မြှင့်တင်ရေးနှင့် စနစ်တကျ ရှိစေရေးအတွက် ဆောင်ရွက်ခဲ့သည်မှာ ယခုအစိုးရ လက်ထက်တွင်သာ မဟုတ်။ ၂၀၁၄ ခုနှစ် ဒီဇင်ဘာလအတွင်းက ပြုလုပ်ခဲ့သည့် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်တွင် အဆိုတင်သွင်း ဆွေးနွေးခဲ့ကြောင်း သိရသည်။

ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က ၀ယ်ယူထားသည့် ကျောင်းကားအစီး ၂၀၀ ကို ကျောင်းကား ပြေးဆွဲမည့် သူများက ပြန်လည်ဝယ်ယူမည်ဆိုပါက အခွန်အခ သက်သာမည့်အပြင် ဘဏ်များဖြင့် ချိတ်ဆက်ကာ ချေးငွေဖြင့် ၀ယ်ယူမှု ပြုလုပ်နိုင်မည်ဟု တိုင်းဒေသကြီး အစိုးရအဖွဲ့ လျှပ်စစ်၊ စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်က ပြောကြားထားသည်။

October 8, 2017














Copy Protected by Chetan's WP-Copyprotect.