Yangon Water Bus ပြေးဆွဲရာတွင် ပေါ်ပေါက်လာနိုင်သည့် အခက်အခဲများကို တစ်လအတွင်း ပြင်ဆင်ဆောင်ရွက်သွားမည်ဟု ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ပြောကြား

Yangon Water Bus ပြေးဆွဲရာတွင် ပေါ်ပေါက်လာနိုင်သည့် အခက်အခဲများကို တစ်လအတွင်း ပြင်ဆင်ဆောင်ရွက်သွားမည်ဟု ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ပြောကြား
Published 8 October 2017

အင်းစိန်မှ ဗိုလ်တထောင်ဆိပ်ကမ်းသို့ စတင်ပြေးဆွဲမည့် Yangon Water Bus များကို အောက်တိုဘာ ၆ ရက် Yangon Water Bus ဖွင့်ပွဲနေ့က တွေ့ရစဉ် (ဓာတ်ပုံ-ကြည်နိုင်)

Yangon Water Bus ပြေးဆွဲရာတွင် ပေါ်ပေါက်လာနိုင်သည့် အခက်အခဲများကို တစ်လအတွင်း ပြင်ဆင်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောကြားသည်။

“Water Bus ရဲ့စတင်ပြေးဆွဲမှုမှာ ပေါ်ပေါက်လာနိုင်တဲ့ အခက်အခဲတွေကို တစ်လအတွင်းမှာ ကျွန်တော်တို့ ပြင်ဆင်သွားမှာ ဖြစ်ပါတယ်။ ဒီလုပ်ငန်းစဉ်တွေကို ဆောင်ရွက်ရတဲ့နေရာမှာ အလွန်အင်မတန်မှ အရေးကြီးတဲ့ ကိစ္စရပ်ကတော့ ပြည်သူလူထုကို ဝန်ဆောင်မှုပေးတဲ့နေရာမှာ လုံခြုံစိတ်ချနိုင်ဖို့ အချက်တစ်ချက်ရယ်၊ ခရီးသွားပြည်သူ စရိတ်စက သက်သာနိုင်ဖို့ဆိုတဲ့ အချက်ပဲ ဖြစ်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့ စတင်ပြေးဆွဲနိုင်တဲ့ ပထမခြေလှမ်း ဖြစ်ပါတယ်။ ခရီးစဉ်ရဲ့ ပေးဆောင်ရမယ့် အခကြေးငွေကတော့ ကျပ် ၃၀၀ ဖြစ်ပါတယ်။ နောက်ထပ် တိုးချဲ့လာမယ့် ခရီးစဉ်တွေကတော့ ၃၀၀ ပေးရမယ့်အစား ၂၀၀ နဲ့ဖြစ်နိုင်ဖို့ ကုမ္ပဏီနဲ့ ညှိနှိုင်းဆောင်ရွက်ပြီး ဖြစ်ပါတယ်” ဟု ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောကြားသည်။

ထို့ပြင် Yangon Water Bus အား ပထမအဆင့်အနေဖြင့် ပြေးဆွဲရာတွင် ခရီးစဉ်အစအဆုံး ကျပ် ၃၀၀ သာ ကောက်ခံမည်ဖြစ်ပြီး နောက်ပိုင်း ထပ်မံတိုးချဲ့လာမည့် ခရီးစဉ်များလည်းရှိကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။

“ကျွန်တော်တို့ ရေကြောင်းလမ်းကို စတင်ဆောင်ရွက်မယ်ဆိုတဲ့ အချိန်မှာ ရန်ကုန်မြစ်ပြင်ဘက်ရဲ့ ခရီးစဉ်တွေကို ကျွန်တော်တို့ တွက်ချက်ပါတယ်။ ဒီအခြေအနေမှာ ပထမဦးဆုံးမှာ ရန်ကုန်မြစ်ဘက်မှာ စတင်ပြေးဆွဲ နိုင်ဖို့အတွက် ဆုံးဖြတ်ပါတယ်။ ဗိုလ်တထောင် ဆိပ်ကမ်းရဲ့ အလွန်မှာ မြစ်သုံးဆိုင် ပင်လယ်ထိပ်ဝကို ရောက်မှာဖြစ်ပါတယ်။ ကျွန်တော်တို့ ရန်ကုန်မြစ်က ပင်လယ်ဘက်ကို စီးသွားမှာ ဖြစ်ပေမယ့် မြစ်သုံးဆိုင်ရဲ့ တစ်ဖက်မှာ ကျွန်တော်တို့ ခရီးစဉ်လမ်းခွဲတွေရှိပါတယ်။ လှိုင်သာယာဘက်ကနေ လာတဲ့သူတွေက ဒီဆိပ်ကမ်းမှာ ခရီးစဉ်ဆုံးတဲ့အခါ ကျပ် ၃၀၀ ပေးရမှာ ဖြစ်ပါတယ်။ ဒီခရီးစဉ်ကနေ ရှေ့ဆက်သွားမယ့် ခရီးစဉ်တွေကို နောက်ထပ် ကျပ် ၃၀၀ ပေးရမှာ ဖြစ်ပါတယ်။ ဒီအတွက် လျှော့ပေးတဲ့ အနေနဲ့ နှစ်ရာပဲထပ်တိုးပြီး ကျပ် ၅၀၀ သတ်မှတ်မယ်လို့ ဆွေးနွေးထားတာ ရှိပါတယ်။ ခရီးစဉ်တစ်ဖြတ်ကို ပထမအဆင့်အနေနဲ့ စတင်ဖွင့်လှစ်လိုက်တာ ဖြစ်ပါတယ်” ဟု ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောကြားသည်။

လက်ရှိတွင် Yangon Water Bus ပြေးဆွဲရန် မှတ်တိုင်ခုနစ်မှတ်တိုင်ရှိကြောင်း၊ Jetty များတွင်လည်း မြေပုံကားချပ်များ ပြုလုပ်ထားပြီး ဆိုက်ရောက်မည့် အချိန်အား ကြေညာထားကြောင်း၊ လုံခြုံရေး ဝန်ထမ်းများနေသည့် အဆောင်နားတွင်လည်း GPS System TV တစ်လုံး ထားရှိထားမည်ဖြစ်ပြီး အဆိုပါ TV မှ သင်္ဘောဆိုက်ရောက်မည့်ပုံကို အမြဲတမ်း ကြည့်ရှုနိုင်မည်ဖြစ်ကြောင်း ဒေါ်တင့်တင့်လွင်က ဆက်လက် ပြောကြားသည်။

သင်္ဘောတစ်စင်းတွင် ဝန်ထမ်းလေးဦးမှ ရှစ်ဦးအထိ ထားရှိမည်ဖြစ်ပြီး ရေယာဉ်တစ်စင်း၌ လူ ၁၄၀ မှ ၂၃၀ အထိ ဆံ့ကြောင်း၊ နံနက် ၆ နာရီ ၅၅ မိနစ်မှစ၍ ပြေးဆွဲသွားမည်ဖြစ်ပြီး အမြန်ရေယာဉ်နှင့် ရိုးရိုးဟူ၍ နှစ်ပိုင်း ခွဲထားကြောင်း၊ အမြန်ရေယာဉ်သည် ပြည်ပမှ မှာယူထားခြင်းဖြစ်ပြီး ရိုးရိုးရေယာဉ်သည် ပြည်တွင်း၌ တည်ဆောက်ထားသော သင်္ဘောများဖြစ်ကြောင်း၊ တစ်နေ့လျှင် ၁၂ ခေါက်ဝန်းကျင် ပြေးဆွဲသွားမည် ဖြစ်ကြောင်း သိရသည်။

Yangon Water Bus စီးနင်းမည့်သူများ အနေဖြင့် သင်္ဘောဆိပ်ရှိ Ticket Counter များတွင် Anypay Card များ ဝယ်ယူစီးနင်းရမည်ဖြစ်ပြီး သင်္ဘောပေါ်၌ လက်မှတ်ရောင်းချမည် မဟုတ်ကြောင်း၊ Safety အတွက် Life Jacket များ ထားရှိထားပြီး သင်္ဘောပေါ်တွင် အသက်ကယ် ဖောင်များလည်း ထားရှိထားကြောင်း သိရသည်။

 

Most Read

Most Recent