<

အင်းလေးဒေသတွင် ခရမ်းချဉ်စိုက်ခင်းများ ပိုးဖျက်၍ အထွက်နှုန်း နည်းသဖြင့် တောင်သူများ အမြတ်ရရှိရန် ခက်ခဲနေပြီး ပွဲစားများအရှုံးပေါ်

ရှမ်းပြည်နယ်တောင်ပိုင်း ညောင်ရွှေမြို့နယ် အင်းလေးဒေသရှိ ခရမ်းချဉ်စိုက်ခင်း တစ်ခုအား တွေ့ရစဉ် (ဓာတ်ပုံ – စည်သာ)

ရှမ်းပြည်နယ်တောင်ပိုင်း ညောင်ရွှေမြို့နယ် အင်းလေးဒေသတွင် ယခုနှစ်စိုက်ပျိုးရာသီ၌ ခရမ်းချဉ်စိုက်ခင်းများ ပိုးထိုးဖျက်ဆီးခြင်းနှင့် ရာသီဥတုဒဏ်ကြောင့် သီးနှံအထွက်နှုန်း လျော့ကျလာသဖြင့် တောင်သူများ အမြတ်ရရှိရန် ခက်ခဲလာပြီး ပွဲစားများ အရှုံးပေါ်ခဲ့ကြောင်း ခရမ်းချဉ်စိုက် တောင်သူများထံမှ သိရသည်။

ယခုနှစ်တွင် ပထမဆုံး စတင်ခံစားလာရသော ခရမ်းချဉ်သီးပိုးထိုး ဖျက်ဆီးခဲ့ခြင်းကြောင့် ပိုးသတ်ဆေးများ ပိုမိုသုံးစွဲရသဖြင့် မလိုအပ်ဘဲ ဆေးဖိုးများပြားခြင်း၊ ရာသီဥတုဒဏ်ကြောင့် အပင်များ သက်တမ်းတိုလာခြင်းနှင့် အင်းလေးတွင် ဟိုတယ်၊ စားသောက်ဆိုင် လုပ်ငန်းများ ပေါများလာခြင်းကြောင့် ကျွမ်းကျင်စိုက်ပျိုး လုပ်သားများ ရှားပါးလာပြီး နေ့စားခ ဈေးကြီးပေး ငှားရမ်းလာရသဖြင့် လုပ်သားရှားပါးခြင်း ပြဿနာများ ကြုံတွေ့လာရခြင်း၊ ပိုးသတ်ဆေးနှင့် ဓာတ်မြေသြဇာဖိုးများ ကုန်ကျစရိတ် မြင့်တက်နေခြင်းတို့ကြောင့် ခရမ်းချဉ်စိုက် တောင်သူများမှာ အမြတ်ရရှိရန် ခက်ခဲနေကြောင်း သိရသည်။

“ဒီနှစ်တော့ သိပ်အဆင်မပြေဘူး။ အထွက်နှုန်းလည်း လျော့သလို ရောဂါတွေလည်းများတယ်။ ဈေးနှုန်းအသင့်အတင့်နဲ့ အထွက်နှုန်းလည်း မကောင်းတော့ တောင်သူတွေလည်း အဆင်မပြေကြဘူး။ ရာသီဥတု အခြေအနေနဲ့လည်း ဆိုင်တယ်။ တစ်ယောက်နဲ့ တစ်ယောက်တော့ မတူဘူးပေါ့။ အရင်တုန်းကဆိုရင် ၁၂ ပတ်၊ ၁၃ ပတ်အထိ ခူးလို့ရတယ်။ ဒီနှစ်တော့ ရှစ်ပတ်၊ ကိုးပတ်လောက်နဲ့ အပင်က သေသွားတယ်။ တချို့ဆိုရင် လေးပတ်၊ ငါးပတ်နဲ့ ကုန်သွားတယ်။ သက်တမ်းတိုလာတာပေါ့။ ကျွန်တော်က အင်းအခေါ် ကျွန်းအလ နှစ်ထောင်လောက်စိုက်တယ်။ တချို့က ငါးရာ၊ တစ်ထောင် ၀န်းကျင်လောက် စိုက်တယ်။ အရင်ကနဲ့ မတူဘူးပေါ့။ အခုက ဈေးတွေလည်း ကောင်းနေတော့ တအားစိုက်ကြတယ်။ ကျွန်တော်တို့ တောင်းဆိုချင်တာကတော့ အစိုးရအနေနဲ့ တစ်ပိဿာကို ပုံမှန်ဈေးပေါ့။ သတ်မှတ်ဈေး တစ်ခုခု ရှိရင်တော့ ပိုအဆင်ပြေမယ် ထင်တယ်။ အခုက စိုက်ခင်းတွေမှာ ဓာတုဆေးဝါးတွေသုံးတယ်။ ဇီဝလည်း ၀င်တာရှိပေမယ့် မအောင်မြင်ဘူး။ ဘာလို့လဲဆိုတော့ တစ်ခင်းချင်းဝင်တော့ မညီဘူးလေ။ အင်းထဲမှာ ၀င်မယ်ဆိုရင်လည်း အကုန်လုံး တစ်ပြေးညီ လုပ်ကြမယ်ဆိုရင် အောင်မြင်မယ်လို့ ထင်ပါတယ်” ဟု ပေပင်အင်းရွာမှ ခရမ်းချဉ်စိုက်တောင်သူ ကိုဥာဏ်လင်းက ပြောကြားသည်။

အင်းလေးဒေသမှ ထွက်ရှိလာသော ခရမ်းချဉ်သီးများကို မြန်မာတစ်နိုင်ငံလုံးသို့ အဓိက ၀ယ်ယူဖြန့်ဖြူး ပေးနေသော ညောင်ရွှေမြို့ရှိ ခရမ်းချဉ်သီး ကုန်စည်ဒိုင်များမှာလည်း တက်ဈေးဖြင့် ၀ယ်ယူရပြီး လက်ထဲတွင် ဈေးကျသဖြင့် အရှုံးပေါ်ကြပြီး ၂၀၁၇ ခုနှစ်၏ နှစ်ဝက် ဇွန်လမှစ၍ စက်တင်ဘာလအထိ ခရမ်းချဉ်သီးများ ဈေးထိုးကျနေသဖြင့် ၀ယ်ဈေးနှင့် ရောင်းဈေးမမျှဘဲ အရှုံးပေါ်ကြောင်း၊ ဈေးပြန်တက်လာလိမ့်နိုးဖြင့် ကုန်သည်ပွဲစားများ ၀ယ်လှောင်ထားကြသဖြင့် လက်လွန်ကြပြီး ဈေးကြီးပေးဝယ်မိသည့် ပွဲစားများလည်း ရှိကြောင်း၊ ညောင်ရွှေမြို့နယ်တွင် ခရမ်းချဉ်သီးပွဲစား ကုန်သည် ၈၀ ကျော် လုပ်ကိုင်နေခြင်းဖြစ်ကြောင်း သိရသည်။

“ခရမ်းချဉ်သီးက မန္တလေးဘက်မှာ ပြန်ရောင်းတာ တစ်ထောင်ကျော်ပဲ ပြန်ရောင်းရတယ်။ ၀ယ်တော့လည်း ပုပ်တာတွေ၊ အနာအဆာထွက်တာတွေ၊ ပိုးထိုးတာတွေ ဖယ်ရတော့ မကိုက်ဘူးပေါ့။ အရင်းက တစ်ပိဿာ ကျပ် ၁၃၀၀ လောက်ကျနေပြီ။ မန္တလေးမှာရောင်းတာ တစ်ပိဿာကို တစ်ထောင်ပဲ ရောင်းရတယ်။ ခရမ်းချဉ်သီး ၀ယ်တဲ့အခါ လေးမျိုးလေးစား ခွဲခြားရတယ်။ အဲဒီထဲမှာ မကောင်းတာတွေရော၊ ပိုးထိုးတွေရော၊ ပျက်စီးတာတွေရောပါတယ်။ အကြီးအသေးတွေလည်း ခွဲရတယ်။ မကိုက်ဘူး” ဟု ခရမ်းချဉ်သီး ရောင်းဝယ်ရေး ကုန်စည်ဒိုင် ဥက္ကဋ္ဌဖြစ်သူ ဦးစိုးမြင့်သောင်းက ပြောကြားသည်။

ရှမ်းပြည်နယ်တောင်ပိုင်း ညောင်ရွှေမြို့နယ်တွင် ကျေးရွာအုပ်စုပေါင်း ၃၂ စု၊ ကျေးရွာပေါင်း ၄၄၃ ရွာရှိပြီး အင်းလေးဒေသသည် ခရမ်းချဉ် အများဆုံး စိုက်ပျိုးကြပြီး ရေပေါ်ကျေးရွာများတွင် အများစုစိုက်ပျိုးကာ အင်းလေး ရေပေါ်ရွာပေါင်း ၄၀ ကျော်တွင် စိုက်ဧကပေါင်း သိန်းနှင့်ချီ စိုက်ပျိုးကြခြင်းဖြစ်ကြောင်း သိရသည်။

October 8, 2017














Copy Protected by Chetan's WP-Copyprotect.