ARSA ဘင်္ဂါလီအစွန်းရောက် အကြမ်းဖက်သမားများက မြိုတိုင်းရင်းသား ရှစ်ဦးအား သတ်ဖြတ်ခဲ့သည့် ကိုင်းကြီး မြိုရွာသားများ နေရပ်သို့မပြန်ဘဲ ယာယီတဲဖြင့် နေထိုင်မည်ဟုသိရ

ARSA ဘင်္ဂါလီအစွန်းရောက် အကြမ်းဖက်သမားများက မြိုတိုင်းရင်းသား ရှစ်ဦးအား သတ်ဖြတ်ခဲ့သည့် ကိုင်းကြီး မြိုရွာသားများ နေရပ်သို့မပြန်ဘဲ ယာယီတဲဖြင့် နေထိုင်မည်ဟုသိရ
Published 8 October 2017

ဘူးသီးတောင် အလိုတော်ပြည့်ကျောင်းသို့ ရောက်ရှိနေသော မြိုတိုင်းရင်းသားများအား တွေ့ရစဉ်

ARSA ဘင်္ဂါလီအစွန်းရောက် အကြမ်းဖက်သမားများက မြိုတိုင်းရင်းသားရှစ်ဦးအား အကြမ်းဖက် သတ်ဖြတ်ခဲ့သည့် ကိုင်းကြီးမြိုရွာမှ ရွာသားများ နေရပ်သို့ မပြန်လိုကြောင်း၊ ကိုင်းကြီးရခိုင်ရွာအနီးတွင် ယာယီတဲဖြင့် နေထိုင်သွားမည်ဖြစ်ကြောင်း ပြောကြားသည်။

ထိုသို့နေရပ်သို့ မပြန်လိုခြင်းမှာလည်း မိမိတို့အနေဖြင့် လုံခြုံရေးကို စိတ်မချခြင်း၊ အဆိုပါမြိုရွာသည် တောတောင်ထဲတွင် တည်ရှိပြီး သွားလာရန ်ခက်ခဲသည့်အတွက် အရေးအကြောင်း ကြုံလာပါကလည်း ကားလမ်းသို့ရောက်ရန် အချိန်တစ်နာရီခန့် ခြေကျင်လျှောက်ရသည့်အတွက် နေရပ်ပြန်ရန် စိုးရိမ်ခြင်းဖြစ်ကာ ဖြစ်နိုင်မည်ဆိုပါက ကိုင်းကြီး ရခိုင်ကျေးရွာအနီးတွင် ယာယီတဲထိုး၍ နေထိုင်လိုကြောင်း ပြောကြားသည်။

“ကျွန်တော်တို့ ပြန်ဖို့ဆိုတာက သိပ်ခက်တယ်။ ကျွန်တော်တို့ရွာအထိ လုံခြုံရေး ချထားပေးဖို့ ဆိုတာကလည်း ခက်မှာပေါ့။ ရွာက တောတောင်ကြားထဲမှာ လူသူအရောက်နည်းတဲ့ နေရာမှာ ရှိတာဆိုတော့ လုံခြုံရေးအတွက် စိုးရိမ်တယ်။ ကျွန်တော့်မိသားစု တွေကလည်း အသတ်ခံခဲ့ရတယ်။ အဲဒါကြောင့် မိသားစုတွေကလည်း ပြန်ဖို့ကြောက်နေကြတယ်။ ဘုန်းကြီးကျောင်းမှာလည်း စားသောက်ရတာက ကျွန်တော်တို့နဲ့ မကိုက်ဘူး။ ၉ နာရီဆိုရင် မနက်စာ စားတယ်။ အခုက ၁၂ နာရီမှာ မနက်စာ စားရတယ်ဆိုတော့ နေထိုင်မှု မတူဘူးလေ။ အဲဒါကြောင့်ပါ။ ကျွန်တော်တို့ကို ကားလမ်းနဲ့နီးတဲ့ နေရာမှာ ရွာတည်ပေးစေချင်တယ်” ဟု ကျေးရွာအုပ်ချုပ်ရေးမှူး ဦးစံထွန်းက ပြောကြားသည်။

အဆိုပါ မြိုတိုင်းရင်းသား၂၃၀ ခန့်သည် ဘူးသီးတောင်မြို့ရှိ အလိုတော်ပြည့် ဘုန်းတော်ကြီးကျောင်းတွင် ခိုလှုံလျက်ရှိပြီး မကြာမီရက်ပိုင်းအတွင်း ကိုင်းကြီးရခိုင်ကျေးရွာ အနီးတွင် ယာယီတဲများဖြင့် နေထိုင်သွားမည် ဖြစ်ကြောင်း၊ သို့သော်လည်း အသက်မွေးဝမ်းကျောင်းဖြစ်သည့် တောင်ယာလုပ်ငန်းများ ပျက်စီးဆုံးရှုံးသွားသည့် အတွက် စားသောက်ရေး အခက်အခဲများ ဖြစ်လာနိုင်ကြောင်း၊ အလားတူစွာပင် ပိုင်ဆိုင်ထားသော နွားများ၊ ဝက်များနှင့် သိုလှောင်ထားသော စပါးများလည်း ပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရသည်။

ထို့ပြင် ဦးစံထွန်းက “ကျွန်တော်တို့ ဒီရက်ပိုင်းထဲ ကိုင်းကြီးရခိုင်ရွာကို သွားမယ်။ အဲဒီမှာနေပြီး ယာယီတဲဆောက်မယ်။ မြို့နယ်အဆင့် တာဝန်ရှိသူတွေကတော့ စီစဉ်ပေးမယ်လို့ ပြောတယ်။ ရခိုင်ရွာအနီးက ယာယီတဲတွေမှာပဲ ကျွန်တော်တို့ နေသွားမယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်တို့မှာ အားလုံးဆုံးရှုံးသွားပြီ။ တောင်ယာစပါးခင်းလည်း ပျက်စီးသွားပြီ ဖြစ်တဲ့အတွက် ဝမ်းစာစပါးလည်း မရှိတော့ဘူး။ နွားတွေလည်း ပျောက်ဆုံးသွားပြီ ဖြစ်တယ်။ ရွာတည်ပေးဖို့ ပြောပေမယ့် ကြာဦးမယ်လို့တော့ အုပ်ချုပ်သူတွေက ပြောတယ်” ဟု ပြောကြားသည်။

Most Read

Most Recent