ကမ္ဘာ့ဒေါ်လာဈေးအညွှန်းကိန်း ၉၃ ပွိုင့်အထက် ဆက်ရှိနေပြီး နိုင်ငံခြားငွေလဲနှုန်း တစ်ဒေါ်လာ ကျပ် ၁၃၅၀ ဝန်းကျင်ဖြစ်ပေါ်

ကမ္ဘာ့ဒေါ်လာဈေးအညွှန်းကိန်း ၉၃ ပွိုင့်အထက် ဆက်ရှိနေပြီး နိုင်ငံခြားငွေလဲနှုန်း တစ်ဒေါ်လာ ကျပ် ၁၃၅၀ ဝန်းကျင်ဖြစ်ပေါ်
Published 8 October 2017

အောက်တိုဘာ ၆ ရက်တွင် ကမ္ဘာ့ဒေါ်လာဈေး အညွှန်းကိန်း ၉၄ ပွိုင့်အထက်သို့ ရောက်ရှိခဲ့ပြီး မွန်းလွဲပိုင်းတွင် ၉၄ ပွိုင့်အောက်သို့ ပြန်လည်ကျဆင်းခဲ့ကာ အောက်တိုဘာ ၇ ရက်တွင် နိုင်ငံခြားငွေလဲနှုန်း တစ်ဒေါ်လာ ကျပ် ၁၃၅၀ ဝန်းကျင်ဖြစ်ပေါ်နေကြောင်း နိုင်ငံခြားငွေကြေး ရောင်းဝယ်သူများထံမှ သိရသည်။

ကမ္ဘာ့ဒေါ်လာဈေး အညွှန်းကိန်းသည် ၂၀၁၄ ခုနှစ် ဒီဇင်ဘာလနောက်ပိုင်း အနိမ့်ဆုံးနှုန်းထားအဖြစ် စက်တင်ဘာ ၈ ရက်တွင် ၉၁ ဒသမ ၀၁ ပွိုင့်အထိ ကျဆင်းခဲ့သည်။ ပြီးခဲ့သည့် ဇူလိုင် ၅ ရက်တွင် ၉၆ ဒသမ ၂၀ ပွိုင့်အထိ ဖြစ်ပေါ်ခဲ့သော်လည်း ဇူလိုင် ၆ ရက်မှ စတင်ကာ ၉၆ ပွိုင့်အောက်၊ ဇူလိုင် ၁၈ ရက်တွင် ၉၅ ပွိုင့်အောက်၊ ဇူလိုင် ၂၁ ရက်တွင် ၉၄ ပွိုင့်အောက်၊ သြဂုတ် ၁ ရက်တွင် ၉၃ ပွိုင့်အောက်၊ သြဂုတ် ၂၉ ရက်တွင် ၉၂ ပွိုင့်အောက် ကျဆင်းခဲ့သည်။ စက်တင်ဘာ ၂၇ ရက်တွင် ၉၃ ပွိုင့်အထက်သို့ ပြန်ရောက်ခဲ့ပြီး စက်တင်ဘာ ၃၀ ရက်တွင် ၉၃ ပွိုင့်အောက်သို့ ကျဆင်းခဲ့ကာ အောက်တိုဘာ ၃ ရက်မှ စတင်ကာ ၉၃ ပွိုင့်အထက်၊ အောက်တိုဘာ ၆ ရက်၌ ၉၄ ပွိုင့်အထက်ရောက်ရှိခဲ့ပြီး ပြန်လည်ကျဆင်းခဲ့သည်။

ဒေါ်လာဈေးသည် ဇူလိုင်လကုန်ပိုင်းတွင် ၁၃၅၇ ကျပ်ဝန်းကျင်ဖြစ်ပေါ်ခဲ့ပြီး သြဂုတ်လအတွင်း အမြင့်ဆုံးဈေးနှုန်းမှာ ၁၃၅၈ ကျပ်ဖြစ်ပြီး အနိမ့်ဆုံးဈေးနှုန်းမှာ ၁၃၅၃ ကျပ်ဖြစ်ရာ ယခင်လများနှင့် နှိုင်းယှဉ်ပါက ဈေးနှုန်းကွာဟချက် နည်းပါးကာ တည်ငြိမ်လျက်ရှိသည်။ စက်တင်ဘာလအတွင်းတွင်လည်း အနိမ့်ဆုံးဈေးနှုန်းအဖြစ် စက်တင်ဘာ ၈ ရက်တွင် ၁၃၄၈ ကျပ်အထိ ကျဆင်းခဲ့ပြီး အမြင့်ဆုံးဈေးနှုန်းအဖြစ် စက်တင်ဘာ ၁၉ ရက်တွင် ၁၃၅၆ ကျပ်အထိ မြင့်တက်ခဲ့သည်။ အောက်တိုဘာ ၃ ရက်မှ ၆ ရက်အထိ ၁၃၄၉ ကျပ်အထိ ကျဆင်းခဲ့ပြီး အောက်တိုဘာ ၆ ရက် မွန်းလွဲပိုင်းမှစတင်ကာ ကျပ် ၁၃၅၀ အထိ ပြန်တက်ခဲ့သည်။

Most Read

Most Recent