ဘူးသီးတောင်ရှိ ကယ်ဆယ်ရေးစခန်းများတွင် ခိုလှုံသူ အနည်းငယ်သာ ကျန်ရှိပြီး စစ်တွေမြို့၌လည်း လာရောက်တိမ်းရှောင်သူ ထက်ဝက်နီးပါး မိမိတို့ နေရပ်ပြန်

ဘူးသီးတောင်ရှိ ကယ်ဆယ်ရေးစခန်းများတွင် ခိုလှုံသူ အနည်းငယ်သာ ကျန်ရှိပြီး စစ်တွေမြို့၌လည်း လာရောက်တိမ်းရှောင်သူ ထက်ဝက်နီးပါး မိမိတို့ နေရပ်ပြန်
Published 7 October 2017

ဘူးသီးတောင်ရှိ ကယ်ဆယ်ရေးစခန်းများမှ နေရပ်ပြန်သူများအား တွေ့ရစဉ်

ARSA ဘင်္ဂါလီ အကြမ်းဖက်သမားများ၏ တိုက်ခိုက်မှုများကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်လာကြသည့် တိုင်းရင်းသား ဒုက္ခသည်များအနက် ဘူးသီးတောင်ရှိ ကယ်ဆယ်ရေးစခန်းများတွင် ခိုလှုံနေသူ အနည်းငယ်သာ ကျန်ရှိပြီး စစ်တွေ၌ ထက်ဝက်နီးပါး မိမိနေရပ်သို့ ပြန်သွားကြပြီဖြစ်ကြောင်း သိရသည်။

ထိုသို့ နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်ပြီး စစ်တွေမြို့သို့ ရောက်ရှိသူများအား ဘုန်းတော်ကြီးကျောင်း ၃၀ ကျော်တွင် ယာယီ နေထိုင်ခွင့် ပြုထားသည့်အတွက် လက်ရှိ အနေအထား၌ နယ်မြေတည်ငြိမ် အေးချမ်းနေပြီဟု ယူဆကာ မိမိတို့၏ ကျေးရွာများသို့ ပြန်လည်သွားရောက်ကြသူများတွင် မောင်တောမြို့နယ်မြောက်ပိုင်းနှင့် မောင်တောတောင်ပိုင်း ကျေးရွာများအပြင် ဘူးသီးတောင်မြို့နယ်အတွင်းမှ ဒေသခံတိုင်းရင်းသားများလည်း ပါဝင်ကြောင်း သိရသည်။ သို့သော် ဟိန္ဒူဘာသာဝင်များ အနေဖြင့် နေရပ်သို့ပြန်ရန် စိုးရိမ်မှုများ ရှိနေကြောင်း သိရသည်။

“ဘူးသီးတောင်မှာတော့ အနည်းအကျည်းသာ ကျန်တော့တယ်။ အများစုကတော့ ပြန်ကုန်ကြပြီ။ ဒါပေမဲ့ ကိုင်းကြီးက မြိုတိုင်းရင်းသားတွေကတော့ ရွာကို မပြန်ရဲဘူး ဖြစ်နေတယ်။ သူတို့ကတော့ ကိုင်းကြီးရခိုင်ရွာ အနီးမှာ တဲစုလုပ်ပေးစေချင်တယ်။ အများဆုံးကျန်ရင် လေးငါးရာလောက်သာ ကျန်တော့မယ်လို့ ထင်ပါတယ်။ ကျန်တဲ့လူတွေကလည်း အခြေအနေကို စောင့်ကြည့်နေကြတာဖြစ်ပြီး ဒီရက်ပိုင်း ပြန်သွားကြမယ်လို့ ပြောနေကြတယ်” ဟု ဘူးသီးတောင်မြို့မှ ကူညီကယ်ဆယ်ရေး လုပ်ဆောင်နေသူ ဦးထွန်းအေးက ပြောကြားသည်။

စစ်တွေမြို့သို့ ရောက်ရှိခိုလှုံနေကြသူများအနက် ထက်ဝက်ခန့်မှာ နေရပ်သို့ ပြန်သွားကြပြီ ဖြစ်သည့်အတွက် အချို့ဘုန်းတော်ကြီးကျောင်းများတွင် ၅၀ မှ ၁၀၀ ကဲ့သို့သော အနည်းစုသာ ကျန်ရှိနေခြင်းဖြစ်ကာ ဒေသတွင်း အခြေအနေကို စောင့်ဆိုင်းနားစွင့်နေကြခြင်း ဖြစ်ကြောင်း၊ သို့သော်လည်း ARSA အဖွဲ့များ က ဗုံးခွဲမည်၊ တိုင်းရင်းသားကျေးရွာများကို တိုက်ခိုက်မည်ဟု သတင်းများ ထွက်ပေါ်နေသည့်အတွက် အခြေအနေကို စောင့်ကြည့်နေကြဟန်တူကြောင်း သိရသည်။

“ကျွန်တော်သိထားတဲ့ စာရင်းအရ ဆိုရင်တော့ စစ်တွေမြို့ကို ရောက်ရှိနေတဲ့ နေရပ်စွန့်ခွာ ထွက်ပြေးလာကြသူ သုံးထောင်လောက်သာ ကျန်တော့တယ်။ ပြန်သူကလည်း ပြန်ကုန်ကြပြီပေါ့။ ဒါပေမဲ့ တချို့ကလည်း အခြေအနေကို စောင့်ကြည့်နေကြတဲ့အတွက် မပြန်ကြသေးသူတွေလည်း ရှိတယ်။ အစောပိုင်းကတော့ လာရောက်ခိုလှုံသူ ခြောက်ထောင်ကျော် ရှိခဲ့တယ်လို့ စာရင်းရထားတယ်။ အခုတော့ ထက်ဝက်နီးပါးလောက် ပြန်ကုန်ကြပြီလို့ သိရပါတယ်။ သူတို့လည်း ဒီရက်ပိုင်းထဲ ပြန်ကြမယ်လို့ ပြောနေကြတာကိုလည်း တွေ့ရတယ်။ တချို့ကတော့ စိတ်မချလို့ မပြန်ကြတာပေါ့။ တချို့ကတော့ ဘာပဲဖြစ်ဖြစ် ပြန်တော့မယ်ဆိုတဲ့စိတ်နဲ့ ပြန်ကြတာ ဖြစ်ပါတယ်” ဟုလည်း ကူညီကယ်ဆယ်ရေး ဆောင်ရွက်နေသူ ဦးအောင်ဌေးက ပြောကြားသည်။

ထိုသို့ ပြန်သွားကြသော်လည်း ဘင်္ဂါလီများနှင့် အတူယှဉ်တွဲနေထိုင်ရေးနှင့် တန်းတူ အခွင့်အရေးများကို လက်ခံမည် မဟုတ်ကြောင်း၊ စီးပွားရေး၊ လူမှုရေး ကိစ္စရပ်များနှင့် ဈေးရောင်းဈေးဝယ် ကိစ္စရပ်များ၊ ပညာရေး ကိစ္စရပ်များတွင်လည်း ဘင်္ဂါလီများနှင့်အတူ ယှဉ်တွဲလုပ်ဆောင်မည် မဟုတ်ကြောင်း၊ မည်သည့် ဘင်္ဂါလီကိုမျှ ယုံကြည်၍ မရနိုင်တော့ကြောင်း၊ ယုံကြည်ချက် မရှိတော့ကြောင်း၊ ဘင်္ဂါလီကျေးရွာများအတွင်း ဗုံးပေါက်ကွဲခြင်း၊ လက်လုပ်မိုင်းများ မကြာခဏ တွေ့ရှိနေခြင်းသည် ဘင်္ဂါလီများ အနေဖြင့် ကျေးရွာတိုင်း၌ ဗုံးလုပ်နည်းသင်တန်းများကို တက်ရောက်တတ်မြောက်ထားသည့် အနေအထား ဖြစ်ကြောင်းလည်း သုံးသပ် ပြောဆိုနေကြသည်။

Most Read

Most Recent