ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းနှင့် ရန်ကင်းမြို့နယ်တို့တွင် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းနှင့် ရန်ကင်းမြို့နယ်တို့တွင် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ
Published 7 October 2017

ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ်နှင့် ရန်ကင်းမြို့နယ်တို့တွင် အမျိုးသားတစ်ဦးထံမှ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့က အောက်တိုဘာ ၅ ရက် ညပိုင်းတွင် သတင်းထုတ်ပြန်ခဲ့သည်။

ဖြစ်စဉ်မှာ အောက်တိုဘာ ၄ ရက် ညနေ ၄ နာရီခွဲက မရမ်းကုန်းမြို့နယ်၊ အမှတ် (၂) ရပ်ကွက်၊ သမိုင်းလမ်းဆုံ၊ CITY MART ဘေးလမ်းကြားတွင် နေထက်လင်း (ခ) တရုတ်ကြီးဆိုသူအား မူးယစ်တပ်ဖွဲ့စု(၄၀)ရန်ကုန် (မြောက်ပိုင်း)မှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့က ရှာဖွေရာ နေထက်လင်း(ခ)တရုတ်ကြီး၏ လက်ဆွဲအိတ်အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၂၀၀၀ ပြားနှင့် လက်ကိုင်ဖုန်းတစ်လုံးတို့အား သိမ်းဆည်းရမိခဲ့ကြောင်း ရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့နောက် ရန်ကင်းမြို့နယ်၊ အမှတ် (၁၂)ရပ်ကွက်၊ ကာယသုခလမ်းရှိ နေထက်လင်း(ခ)တရုတ်ကြီး၏နေအိမ်ကို ဆက်လက် ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၆၀၀ ပြားနှင့် အိုက်စ် သုည ဒသမ ၄၅ ဂရမ်တို့ကို ထပ်မံ သိမ်းဆည်းရမိခဲ့ကြောင်း အဆိုပါ ထုတ်ပြန်ချက်အရ သိရသည်။

ယင်းကြောင့် နေထက်လင်း(ခ)တရုတ်ကြီး (၂၂) နှစ်အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်သည်။

အလားတူ သြဂုတ်လဆန်းပိုင်းကလည်း မရမ်းကုန်းမြို့နယ်တွင် စိတ်ကြွရူးသွပ်ဆေးပြား အများအပြား ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

လက်ရှိတွင် ရန်ကုန်မြို့အတွင်း စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိမှု များပြားလျက်ရှိပြီး မြန်မာနိုင်ငံ ရဲတပ်ဖွဲ့အနေဖြင့် ညပိုင်းတွင် ယာဉ်စစ်ဆေးမှုများကို ပြုလုပ်လျက်ရှိကြောင်း သိရသည်။

Most Read

Most Recent