<

ပေါက်တောမြို့နယ် ကျောက်စုကျေးရွာမှ လူငယ်နှစ်ဦး ရေနစ်ပျောက်ဆုံး

ရခိုင်ပြည်နယ် ပေါက်တောမြို့နယ် ကျောက်စုကျေးရွာမှ လူငယ်နှစ်ဦး စက်လှေပေါ်မှခုန်ချစဉ် ရေနစ်ပျောက်ဆုံးခဲ့ကြောင်း သိရှိရသည်။

ဖြစ်စဉ်မှာ အောက်တိုဘာ ၆ ရက် နံနက် ၈ နာရီခွဲခန့်က ကျောက်စုကျေးရွာမှ လူငယ် ၁၄ ဦးပါသောအဖွဲ့သည် ဘောလုံးကန်ရန်အတွက် သုံးမိုင်ခန့်ဝေးသော တန်းမြချောင်း ကျေးရွာသို့ ရွာမှ စက်လှေဖြင့် ထွက်လာခဲ့ရာ လမ်းခရီးတွင် စက်လှေမှာ လှိုင်းဒဏ်ကြောင့် နစ်မြုပ်ခဲ့သဖြင့် လူငယ်များမှာ ရေထဲသို့ခုန်ဆင်းခဲ့ကြပြီး ကမ်းသို့ကူးနိုင်ခဲ့သော်လည် လူငယ်နှစ်ဦးမှာ ပြန်ပေါ်လာခြင်းမရှိသည့်အတွက် ရွာသားများက လိုက်လံ ရှာဖွေလျက်ရှိကြောင်း သိရသည်။

“သူတို့က ဘောလုံးကန်ဖို့ဆိုပြီး စက်လှေနဲ့ ချောင်းအတိုင်း ထွက်လာကြတာ။ တခြားရွာကိုသွားတာပေါ့။ အဲဒီမှာ မြစ်ဝနားအရောက်မှာ လှေကိုလှိုင်းပုတ်တဲ့အတွက် လှေနစ်သွားတယ်။ ဆိုတော့ ချောင်းထဲကို ခုန်ချကြပေမယ့် ဟိုကောင်လေးနှစ်ယောက်က ရေမကူးတတ်ဘူးလို့ သိရတယ်။ အခုထိတော့ အလောင်းကို ရှာမတွေ့သေးဘူး။ ပျောက်ဆုံးနေဆဲပါ” ဟု ကျောက်စုလုံခြုံရေးစခန်းမှ တပ်ကြပ်ဇော်ဝင်းက ပြောကြားသည်။

ပျောက်ဆုံးနေသူများမှာ ဌေးအောင် (၁၈ နှစ်) (ဘ) ဦးကျော်လှ၊ (တက္ကသိုလ် ပထမနှစ်)၊ အောင်စိုး (၁၇ နှစ်) (ဒသမတန်း)(ဘ) ဦးအောင်သိန်းကျော်ဖြစ်ပြီး ပျောက်ဆုံးနေသူများအား ထပ်မံရှာဖွေလျက်ရှိကြောင်းလည်း သိရသည်။

October 6, 2017














Copy Protected by Chetan's WP-Copyprotect.