MTV ဥရောပဂီတဆု ဆန်ခါတင် စာရင်းတွင် တေလာဆွစ် ဦးဆောင်

MTV ဥရောပဂီတဆု ဆန်ခါတင် စာရင်းတွင် တေလာဆွစ် ဦးဆောင်
Published 6 October 2017

၂၀၁၇ ခုနှစ် MTV ဥရောပဂီတဆုပေးပွဲအတွက် ဆန်ခါတင် စာရင်းများကို အောက်တိုဘာ ၄ ရက်တွင် ထုတ်ပြန်ခဲ့ရာ ပေါ့ပ်အကျော်အမော် တေလာဆွစ်သည် Look What You Made Me Do သီချင်းအတွက် အကောင်းဆုံး သီချင်းဗီဒီယိုဆု၊ အကောင်းဆုံး အဆိုတော်ဆုနှင့် အကောင်းဆုံး သီချင်းဆု အပါအဝင် ဆုခြောက်ဆုအတွက် ဦးဆောင်ခဲ့သည်။

ဆွစ်၏ မကြာမီဖြန့်ချိမည့် Reputation အယ်လ်ဘမ်တွင် ပါဝင်မည့် Look What You Made Me Do သီချင်း၏ သီချင်းဗီဒီယိုသည် You Tube တွင် ဖြန့်ချိပြီး တစ်ရက်အတွင်း ကြည့်ရှုမှုအများဆုံး သီချင်းဗီဒီယိုအဖြစ် စံချိန်တင်ခဲ့သည်။
ယင်းသီချင်းသည် သြစတြေးလျ၊ အိုင်ယာလန်၊ နယူးဇီလန်၊ ဗြိတိန်နှင့် အမေရိကန်ရှိ သီချင်းရောင်းချမှု စာရင်းများ၏ ထိပ်တန်းနေရာတွင်လည်း ဖော်ပြခံခဲ့ရသည်။

လူငယ် ကနေဒါအဆိုတော် Shawn Mendes က ဥရောပဂီတဆု ဆန်ခါတင်စာရင်းတွင် အကောင်းဆုံး အဆိုတော်ဆုနှင့် အကောင်းဆုံး ပေါ့ပ်အဆိုတော်ဆု အပါအဝင် ဆုငါးဆုဖြင့် ဒုတိယနေရာတွင် ရပ်တည်ခဲ့သည်။
ဗြိတိန်အဆိုတော် အက်ဒ်ရှီးရန်နှင့် ရက်ပ်အဆိုတော် ကန်ဒရစ်လာမာက ဆုလေးဆုစီအတွက် လျာထားခံခဲ့ရသည်။ ကန်ဒရစ်လာမာသည် လော့စ်အိန်ဂျလိစ်တွင် သြဂုတ်လက ကျင်းပခဲ့သည့် MTV သီချင်း ဗီဒီယိုဆုပေးပွဲတွင် တစ်နှစ်တာ အကောင်းဆုံး သီချင်းဗီဒီယိုဆု အပါအဝင် ဆုငါးဆု ရရှိခဲ့သည်။

Best World Stage ဆု အမျိုးအစားအတွက် လျာထားစာရင်းတွင် လော့စ်အိန်ဂျလိစ်အခြေစိုက် ဒီဂျေစတိဗ်အေအိုကီ၊ အမေရိကန်ရော့ခ်အဖွဲ့ Kings of Leon ၊ အမေရိကန် Dance/Rock အဖွဲ့ DANCE ၊ အမေရိကန် ရော့ခ်အဖွဲ့ Foo Fighters နှင့် The Chainsmokers ဒီဂျေအဖွဲ့တို့ ပါဝင်ခဲ့သည်။

MTV ကွန်ရက် ဥရောပက စီစဉ်သည့် ဥရောပဂီတဆုပေးပွဲသည် နိုင်ငံတကာတွင် ထိရောက်သည့် အကျိုးသက်ရောက်မှုနှင့် အင်္ဂလိပ်သီချင်း မဟုတ်သည့် သီချင်းအမျိုးအစားများကိုလည်း အသိအမှတ်ပြုသောကြောင့် VMA ဆု ပေးပွဲဖြင့် ကွာခြားလှသည်။

ယခုနှစ် ဥရောပဂီတဆုပေးပွဲကို နိုဝင်ဘာ ၁၂ ရက်တွင် လန်ဒန်၌ ကျင်းပမည်ဖြစ် ပြီး အဆိုတော် ရီတာအိုရာက အစီအစဉ် တင်ဆက်သူအဖြစ် ပါဝင်မည်ဟု MTV က ထုတ်ပြန်ခဲ့သည်။

Most Read

Most Recent