သောင်ရင်းကမ်းစပ်တွင် သိုလှောင်ရောင်းချလျက်ရှိသော ဂျပန်တစ်ပတ်ရစ်ကားများ တင်သွင်းမှု ထိုင်းအကောက်ခွန်ဌာနက နိုဝင်ဘာလတွင် တားမြစ်သွားမည်ဟု သိရ

သောင်ရင်းကမ်းစပ်တွင် သိုလှောင်ရောင်းချလျက်ရှိသော ဂျပန်တစ်ပတ်ရစ်ကားများ တင်သွင်းမှု ထိုင်းအကောက်ခွန်ဌာနက နိုဝင်ဘာလတွင် တားမြစ်သွားမည်ဟု သိရ
Published 6 October 2017

မြန်မာ-ထိုင်းနယ်စပ် သောင်ရင်းတဖက်ကမ်း ထိုင်းနိုင်ငံဖက်၌ သိုလှောင်ရောင်းချနေသော ဂျပန်တစ်ပတ်ရစ်ကားများအား တွေ့ရစဉ်

မြန်မာ-ထိုင်းနယ်စပ် သောင်ရင်းမြစ် ကမ်းစပ်နံဘေးရှိ ထိုင်းနိုင်ငံဘက်ကမ်းတွင် ဆယ်စုနှစ်နှစ်ခုကျော်တိုင် ရောင်းချလျက်ရှိသည့် ဂျပန်တစ်ပတ်ရစ် (Without) ကားများသိုလှောင်ရောင်းချမှုကို လာမည့်နိုဝင်ဘာလတွင် ထိုင်းအကောက်ခွန်ဌာနက ပိတ်ပင်တော့မည်ဖြစ်ကြောင်း သိရသည်။

သောင်ရင်းကမ်းစပ်တွင် သိုလှောင် ရောင်းချလျက်ရှိသော ဂျပန်တစ်ပတ်ရစ် (Without) ကားများတင်သွင်းမှုကို လာမည့် နိုဝင်ဘာလတွင် တားမြစ်သွားမည်ဖြစ်ပြီး ထားသိုလှောင်ခွင့် သက်တမ်းလွန် မော်တော်ယာဉ် အစီး ၁၀၀၀ ကျော်ကိုလည်း အကောက်ခွန်ဌာနမှ သိမ်းဆည်းထားပြီး လာမည့်နိုဝင်ဘာ ၁၁ ရက်တွင် အစီး ၂၀၀ လေလံတင် ရောင်းချသွားမည်ဖြစ်ကြောင်း အောက်တိုဘာ ၄ ရက်က မဲဆောက်မြို့ အကောက်ခွန်ရုံးတွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ထိုင်းအကောက်ခွန်အရာရှိက ပြောကြားခဲ့ခြင်းဖြစ်သည်။

ထားသိုရောင်းချခွင့် သက်တမ်းလွန် မော်တော်ယာဉ် အစီး ၁၀၀၀ ကျော်အနက် အစီး ၂၀၀ ကို လေလံတင်ရောင်းချရာတွင် ထိုင်းနိုင်ငံသားအပြင် မြန်မာနိုင်ငံသား နိုင်ငံခြားသားများလည်း လေလံဆွဲကာ ဝယ်ယူနိုင်ကြောင်းလည်း သိရသည်။

မြန်မာ-ထိုင်း နယ်စပ်တစ်လျောက်တွင် သောင်ရင်းဖြတ်ကျော် စက်လှေဂိတ် ၂၇ ဂိတ်ရှိပြီး ယင်းလှေဂိတ်များမှ နှစ်ဖက်ကုန်စည် စီးဆင်းမှုကို ပိုမိုပြုလျက်ရှိရာ မြန်မာနိုင်ငံဘက်မှ နွားနှင့် လယ်ယာထွက်သီးနှံများ တင်ပို့လျက်ရှိကြောင်း သိရသည်။ မြန်မာ့သီးနှံများကို ထိုင်းနိုင်ငံဘက်သို့ တင်ပို့ရာတွင် ထိုင်းအကောက်ခွန်ဌာနမှ ဖမ်းဆီးမှုများပြားပြီး တရားဝင် တင်သွင်းလျှင်လည်း သီးနှံထွက်ချိန် တူညီနေလျှင် ထိုင်းနိုင်ငံဘက်သို့ တင်ပို့ခွင့် မရှိကြောင်း သိရသည်။

“၁၁လပိုင်း ၁၁ ရက်နေ့ဆိုရင် ဂျပန်ကားတွေကို ထိုင်းဘက်မှာထားပြီး ရောင်းလို့မရတော့ဘူးလို့ကြားပါတယ်။ ထိုင်းဘက်မှာ ထားမရတော့ မြန်မာဘက်ကို ရွှေ့လာကြမှာပေါ့။ ယေဘုယျကြည့်ရင် Without ကားတွေ ဈေးတက်လာမယ်လို့ သုံးသပ်ရပေမယ့် တကယ်တက်လာမလား၊ ဈေးကျလာမလား ဆိုတာကတော့ ပြည်တွင်းသို့ ကားသယ်ယူပို့ဆောင်ရေး လမ်းကောင်းမကောင်းပေါ်မှာပဲ မူတည်ပါတယ်” ဟု မြဝတီမြို့မှ ကားဝယ်ရောင်းလုပ်သည့် ကုန်သည်တစ်ဦးက ပြောကြားသည်။

သောင်ရင်းဖြတ်ကျော်ဂိတ်များမှတစ်ဆင့် ဂျပန်တစ်ပတ်ရစ် Without ကားများမှာ မြန်မာနိုင်ငံ ဒေသအနှံ့အပြားသို့ ပုံမှန်နေ့စဉ် ကားအမျိုးအစားစုံ အစီး ၂၀၀ ကျော် တင်သွင်းလျက်ရှိသော်လည်း မော်တော်ယာဉ်တင်သွင်းမှု မူဝါဒအပြောင်းအလဲ၊ အခွန်အပြောင်းအလဲများကြောင့် မြဝတီနယ်စပ်မှ တရားဝင် ကားတင်သွင်းမှုမှာ သိသိသာသာ လျော့ကျလျက်ရှိသည်။

Most Read

Most Recent