ခန္တီးရတနာနယ်မြေ နန်စီပွန်ဒေသတွင် ဖြစ်ပွားနေသော ပြဿနာများ ဖြေရှင်းရန် စီမံချက်သုံးရပ် ထပ်မံချမှတ်

ခန္တီးရတနာနယ်မြေ နန်စီပွန်ဒေသတွင် ဖြစ်ပွားနေသော ပြဿနာများ ဖြေရှင်းရန် စီမံချက်သုံးရပ် ထပ်မံချမှတ်
Published 6 October 2017

နန်စီပွန်ကျောက်စိမ်းမှော်တွင် စွန့်ပစ်မြေစာပုံမှ ရေမဆေးကျောက် ရှာဖွေနေသူများအား တွေ့ရစဉ်

စစ်ကိုင်းတိုင်းဒေသကြီး ခန္တီးရတနာနယ်မြေ နန်စီပွန်ဒေသတွင် ဖြစ်ပွားနေသော ပြဿနာများကို ဖြေရှင်းရန် စီမံချက် ၃ ရပ် ထပ်မံချမှတ်ခဲ့ကြောင်း သိရသည်။

စစ်ကိုင်းတိုင်းဒေသကြီး စည်ပင်သာယာရေးဝန်ကြီး ဦးမြင့်ကြည်နှင့် သက်ဆိုင်ရာမှ တာဝန်ရှိသူများ၊ ဒေသခံလွှတ်တော်ကိုယ်စားလှယ်များ ပါဝင်သောအဖွဲ့သည် စက်တင်ဘာ ၃၀ ရက်က ခန္တီးရတနာနယ်မြေ နန်စီပွန်ဒေသသို့ သွားရောက်ခဲ့ပြီး ဒေသခံပြည်သူများ၏ သဘောထားဆန္ဒကို မေးမြန်းရယူပြီးနောက် ထိုစီမံချက် ၃ ရပ်ကို ချပြရှင်းလင်းခဲ့သည်။

ထိုစီမံချက် ၃ ရပ်သည် ခန္တီးရတနာနယ်မြေ နန်စီပွန်ဒေသရှိ ရေမဆေးရှာဖွေသူများ၊ ဒေသခံများနှင့် ကုမ္ပဏီများအကြား မကြာခဏ ဖြစ်ပွားနေသော ပြဿနာများကိုဖြေရှင်းရန် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရမှ မေ ၁၃ ရက်တွင် ချမှတ်ခဲ့သော လုပ်ငန်းစဉ် ၄ ရပ်ကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် နောက်ဆက်တွဲချမှတ်သော စီမံချက်များဖြစ်ကြောင်း စစ်ကိုင်းတိုင်းဒေသကြီး စည်ပင်သာယာရေးဝန်ကြီး ဦးမြင့်ကြည်၏ ပြောကြားချက်အရ သိရသည်။

“နန်စီပွန်မှာဖြစ်နေတဲ့ ပြဿနာတွေကို ဖြေရှင်းဖို့ လုပ်ငန်းစဉ် ၄ ရပ်ချမှတ်ခဲ့ပါတယ်။ အဲဒါရဲ့ နောက်ဆက်တွဲ နောက်ဆုံးအဆင့်အနေနဲ့ စီမံချက် သုံးရပ်ကို ထပ်ပြီးချမှတ်ရေးဆွဲပါတယ်။ နံပါတ် တစ်က အလုပ်အကိုင် ရှာဖွေရေးပါ။ တချို့ရေမဆေးသမားတွေ အနေနဲ့ ကုမ္ပဏီထဲမှာ အလုပ်လုပ်ချင်တယ်ဆိုရင် ရနိုင်တဲ့အလုပ်နဲ့ သူတို့ရဲ့အရည်အချင်း ကုမ္ပဏီက ပေးနိုင်တဲ့လစာ ဒါတွေညှိနှိုင်းဆောင်ရွက်ပေးဖို့ စာရင်းကောက်ခဲ့ပါတယ်။ နှစ်အချက်က ရေမဆေးရှာတဲ့ပုဂ္ဂိုလ်တွေအတွက် မြေစာပုံဘေးမှာ နေရာလေးတွေ သတ်မှတ်ပြီး သတ်မှတ်ထားတဲ့နေရာမှာပဲရှာဖို့ ပြီးတော့ အလတ်စား၊ အသေးစား၊ လက်လုပ်လက်စားတွေ လုပ်ကိုင်နိုင်ဖို့ လုပ်ကွက်နေရာလေးတွေ စိစစ်ချမှတ်ပေးမယ်။ ရှာဖွေလုပ်ကိုင်ခွင့် ကတ်ပြားလေးတွေလည်း စီစဉ်ပေးမယ်။ အဲဒီလို စီစဉ်ပေးပြီးရင် သူတို့ရလာတဲ့ကျောက်တွေကို အခွန်တရားဝင် ပေးသွင်းပြီး ရောင်းချလို့ ရမယ့်နေရာကအစ အကုန်စီစဉ်ပေးမယ်။ နောက်ဆုံးနန်စီပွန်မှာသော်လည်းကောင်း ခန္တီးမှာသော်လည်းကောင်း ကျောက်တရား ဝင်ရောင်းလို့ရမယ့် ကျောက်မျက်ဈေးတွေ၊ ကျောက်ကွင်းတွေကအစ ဖန်တီးပေးမယ်။ နောက်ဆုံးအချက်ကတော့ တရားဥပဒေစိုးမိုးဖို့ပေါ့။ ဒီဒေသမှာဒီလုပ်ငန်းတွေ ထိထိရောက်ရောက် ကိုင်တွယ်ဖြေရှင်းဖို့အတွက် ဒေသအာဏာပိုင်အဖွဲ့အစည်းရဲ့ မှန်မှန်ကန်ကန်နဲ့ တကယ်ကို လုပ်နိုင်ကိုင်နိုင်တဲ့ အဖွဲ့အစည်း တစ်ရပ်ဖြစ်ပေါ်ဖို့ ဒီလိုဖြစ်ပေါ်အောင် လုပ်တဲ့နေရာမှာ ဌာနဆိုင်ရာတွေနဲ့ ညှိနှိုင်းပြီး ပြည်သူအားလုံးက ပူးပေါင်းဆောင်ရွက်ပေးဖို့ အဲဒီသုံးချက်ကို ချမှတ်ရေးဆွဲခဲ့ပါတယ်” ဟု ဝန်ကြီး ဦးမြင့်ကြည်က ပြောကြားသည်။

ထိုစီမံချက်များတွင် ပြန်လည်နေရာချထားရေးလည်း ပါဝင်ပြီး ဒေသခံမဟုတ်သော ပုဂ္ဂိုလ်များ (ပျံကျ၊ ကျူးကျော်) များ၊ ကုမ္ပဏီများ၏ ကျောက်မျက်လုပ်ကွက်အတွင်း တဲထိုးနေထိုင်သူများအား နေထိုင်ရန် နေရာသတ်မှတ်ချထားပေးမည်ဖြစ်ပြီး နေရပ်ဒေသသို့ ပြန်လိုသော်လည်း စရိတ်မရှိသဖြင့် မပြန်နိုင်သူများကို စရိတ်ဖန်တီးပေးခြင်း စသည်တို့လည်း ပါဝင်ကြောင်း သိရသည်။

ထပ်မံချမှတ်သော စီမံကိန်း သုံးရပ်နှင့် ပတ်သက်၍ ခန္တီးဒေသခံ ကိုအောင်ဆန်းမြင့်က “ပထမလုပ်ငန်းစဉ် လေးရပ်ချမှတ်တုန်းက နန်စီပွန်က ဒေသခံတွေမပါဘဲ ခန္တီးမှာပဲ ချပြသွားတော့ ဒေသခံတွေ သေချာမသိလိုက်ရဘူး။ အခုလည်း နန်စီပွန်အထိသွားခဲ့တယ် ဆိုပေမယ့် နီးစပ်ရာတွေလောက်ပဲပါတယ်။ စီမံကိန်း တကယ်အောင်မြင်ချင်တယ်ဆိုရင် ဒေသခံအကုန်လုံး နားလည်သဘောပေါက်အောင် ကျယ်ကျယ်ပြန့်ပြန့်ချပြပြီး သေချာရှင်းပြ ပြောဆိုပေးသင့်တယ်။ ပြီးတော့ ဒေသခံတွေကို နည်းအမျိုးမျိုးနဲ့ ဖမ်းဆီးတာတွေက အခုချိန်ထိဆက်ရှိနေတုန်းဖြစ်လို့ စီမံကိန်း အကောင်အထည်မဖော်နိုင်ခင် စပ်ကြားအချိန်တွေမှာ ဖမ်းဆီးမှုတွေ ဆက်မလုပ်ဖို့ အာမခံချက်တခုခု ပေးထားသင့်တယ်။ ဒီလိုမှမလုပ်ပေးရင် ပြဿနာတွေဆက်ရှိနေဦးမှာပဲ” ဟု ပြောကြားသည်။

ထိုစီမံချက်သုံးရပ်ကို ချမှတ်ရေးဆွဲပြီးနောက် ပြည်ထောင်စုသို့တင်ပြပြီး ပြည်ထောင်စုမှ တရားဝင် အတည်ပြုပေးပြီးပါက တောက်လျှောက်အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် အခြားလိုအပ်သောအချက်များ မြေပြင်အခြေအနေ များများကိုပါ ကွင်းဆင်း စစ်ဆေးထားပြီးဖြစ်ကြောင်း သိရသည်။

Most Read

Most Recent