ပုဂံတွင် သီတင်းကျွတ်လပြည့်နေ့ စွယ်တော်လေးဆူ ဘုရားဖူးများဖြင့် ယာဉ်ကြောများ ပိတ်ဆို့သည်အထိ အထူးစည်ကား

ပုဂံတွင် သီတင်းကျွတ်လပြည့်နေ့ စွယ်တော်လေးဆူ ဘုရားဖူးများဖြင့် ယာဉ်ကြောများ ပိတ်ဆို့သည်အထိ အထူးစည်ကား
Published 5 October 2017

ပုဂံရှေးဟောင်း ယာဉ်ကျေးမှု နယ်မြေတွင် အောက်တိုဘာလ ၅ ရက် သီတင်းကျွတ်လပြည့်နေ့၌ စွယ်တော်လေးဆူ ဘုရားဖူး ပြည်တွင်းခရီးသွားများဖြင့် ယာဉ်ကြောများ ပိတ်ဆို့သည်အထိ အထူးစည်ကားခဲ့ကြောင်း သိရှိရပါသည်။

သီတင်းကျွတ်ကာလတွင် ပုဂံဒေသ၌ပြည်တွင်းဘုရားဖူးများဖြင့် ကြိတ်ကြိတ်တိုး စည်ကားလျက်ရှိရာ သီတင်းကျွတ် လပြည့်နေ့တွင် စွယ်တော်လေးဆူ ဘုရားဖူးများကြောင့် တုရင်တောင် အပါအဝင် နေရာအချို့ ဘုရားဖူးကားများ ပြည့်ကျပ်နေကြောင်း သိရသည်။

"စွယ်တော်လေးဆူက ရွှေစည်းခုံရယ်၊ လောကနန္ဒာရယ် ဧရာဝတီမြစ်တစ်ဖက်ကမ်းက တန့်ကြည့်တောင်ဘုရားရယ် တုရင်တောင်စေတီရယ်ဆိုပြီး ဖူးကြတာ။ ရွှေစည်းခုံနဲ့ တန့်ကြည့်တောင်ကို မနက်အစော ဖူးကြတာ များတယ်။ ဒီနေ့က တုရင်တောင်မှာကိုပဲ မနက်ကြီးကားတွေ ကျပ်နေတာ။ အတော်များများက မစောင့်နိုင်ဘဲပြန်လှည့်ကြတယ်။ ရွှေစည်းခုံနဲ့လောကနန္ဒာမှာလည်း ကားရပ်ဖို့တောင် မလွယ်ဘူး။ လမ်းဆင်းလျှောက်ကြရတယ်"ဟု ဒေသခံ ခရီးသွားလုပ်ငန်း လုပ်ကိုင်သူတစ်ဦး ပြောပါသည်။

ယခုနှစ်သီတင်းကျွတ်ကာလသည် ကျောင်းပိတ်ရက်၊ ရုံးပိတ်ရက်များ ဆက်သွားသည့်အတွက် အနယ်နယ်အရပ်ရပ် မှ ပြည်တွင်းဘုရားဖူးများ ပုဂံဒေသသို့ရောက်ရှိလာရာ ဟိုတယ်၊ တည်းခိုခန်းများသာမက ဘုန်းတော်ကြီးကျောင်းများ၊ စေတီပုထိုးများရှိ အခမဲ့တည်းခိုဆောင်များလည်း ပြည့်နှက်နေကြောင်း သိရသည်။

"ဘိုးတော်ထွက်ပွဲထက်တောင် ကားတွေပိုကျပ်တယ် ။ တည်းစရာနေရာလည်း မရှိတော့ ကားပေါ်ပဲ အိပ်လိုက်ရတယ်"ဟု မိတ္ထီလာမြို့နယ်မှလာသည့် ယာဉ်မောင်း ကိုကျော်ဇေယျ ပြောပါသည်။

"ပုဂံညောင်ဦးမှာ အခန်း စီစဉ်မရတော့လို့ ပခုက္ကူတို့၊ ကျောက်ပန်းတောင်း၊ ပုပ္ပါးတို့သွားတည်းသူတွေ ရှိတယ်။ ပုပ္ပါးမှာလည်း အဖိတ်နေ့ကတည်းက ကားတွေ ပိတ်ကျပ်နေတယ်"ဟု ခရီးသွားလုပ်ငန်း လုပ်ကိုင်သူ တစ်ဦးပြောပါသည်။ ပုဂံဒေသတွင် ပြည်တွင်းဘုရားဖူးများ အဆက်မပြတ် ဝင်ရောက်နေသော်လည်း ပြည်ပခရီးသွား ဝင်ရောက်မှှု အားရဖွယ် မရှိသေးကြောင်း ပြည်ပခရီးသွားလုပ်ငန်း ဒေသခံ မန်နေဂျာတစ်ဦး ပြောပါသည်။

Most Read

Most Recent