တစ်နိုင်ငံလုံးတွင် အလုပ်မခွဲခြားဘဲ အနိမ့်ဆုံး လုပ်ခလစာအား ကျပ် ၄၀၀၀ မှ ၄၈၀၀ ကြား သတ်မှတ်ရန် ဆုံးဖြတ်ခဲ့ပြီး တိုင်းနှင့်ပြည်နယ်တွင် ပြန်လည်ညှိနှိုင်းရန် ညွှန်ကြား

တစ်နိုင်ငံလုံးတွင် အလုပ်မခွဲခြားဘဲ အနိမ့်ဆုံး လုပ်ခလစာအား ကျပ် ၄၀၀၀ မှ ၄၈၀၀ ကြား သတ်မှတ်ရန် ဆုံးဖြတ်ခဲ့ပြီး တိုင်းနှင့်ပြည်နယ်တွင် ပြန်လည်ညှိနှိုင်းရန် ညွှန်ကြား
Published 4 October 2017

တစ်နိုင်ငံလုံးတွင် အလုပ်မခွဲခြားဘဲ အနိမ့်ဆုံးလုပ်ခလစာအား ကျပ် ၄၀၀၀ မှ ၄၈၀၀ ကြား အကြမ်းဖျင်းသတ်မှတ်ရန် အနည်းဆုံးအခကြေးငွေ သတ်မှတ်ရေးဆိုင်ရာ အမျိုးသားကော်မတီ၏ တတိယအကြိမ်ညှိနှိုင်း အစည်းအဝေးတွင် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ဆုံးဖြတ်ခဲ့ကြောင်း သိရသည်။

ယင်းကဲ့သို့ သတ်မှတ်ထားသည့် အနိမ့်ဆုံးလုပ်ခလစာအား သက်ဆိုင်ရာတိုင်းနှင့် ပြည်နယ်အသီးသီးတွင် ပြန်လည်ညှိနှိုင်းရန် ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက ညွှန်ကြားခဲ့ကြောင်း သိရသည်။

“ဒီအစည်းအဝေးမှာကတော့ လာမယ့်အနည်းဆုံး လုပ်ခကြေးငွေကိုလည်း တိုင်းဒေသကြီးနဲ့ ပြည်နယ် မခွဲခြားတော့ဘူး။ အလုပ်လည်း မခွဲခြားတော့ဘူး။ ယခင်နှစ်ကလိုပဲ တစ်ပြေးညီသတ်မှတ်မယ်။ အရင်က ၃၆၀၀ သတ်မှတ်ထားတာပေါ့။ အဲဒီအတိုင်းပဲ တစ်ပြည်လုံးမှာ သတ်မှတ်ထားဖို့ ဆုံးဖြတ်ထားတယ်။ ကျွန်တော်ကတော့ ကြားချပေးပြီးတော့မှ ၄၀၀၀ ကနေ ၄၈၀၀ ကြားကို သတ်မှတ်ပေးမယ်။ ဒါကိုလည်း တိုင်းဒေသကြီးနဲ့ ပြည်နယ်မှာ ပြန်ပြီးတော့ နည်းနည်းလေးညှိလိုက်ပါ” ဟု ပြည်ထောင်စုဝန်ကြီးက ပြောကြားသည်။

ပြည်ထောင်စုနယ်မြေ အပါအဝင် ပြည်နယ်နှင့် တိုင်းဒေသကြီးအသီးသီးမှ အဆိုပါအစည်းအဝေးတွင် တစ်ရက်အဆိုပြုနှုန်းထား တင်ပြခဲ့ရာ အနိမ့်ဆုံးလုပ်ခကြေးငွေအဖြစ် ကျပ် ၄၀၀၀ မှ အများဆုံးကျပ် ၆၄၀၀ အထိရှိပြီး အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက အထက်ပါကဲ့သို့ ဈေးနှုန်းသတ်မှတ်ခဲ့ခြင်းဖြစ်သည်။

သတ်မှတ်ထားသည့် အနိမ့်ဆုံးလုပ်ခလစာ နှုန်းထားများအား သက်ဆိုင်ရာတိုင်းဒေသကြီး ပြည်နယ်များရှိ SME များ၊ Formal၊ Informal များ၊ စက်ရုံ၊ အလုပ်ရုံများနှင့် အထည်ချုပ်စက်ရုံများတွင် ဆက်လက်ဆွေးနွေး ညှိနှိုင်းရမည်ဖြစ်ပြီး လာမည့်ဒီဇင်ဘာလတွင် ကျင်းမည့်အစည်းအဝေးတွင် အနိမ့်ဆုံးလုပ်ခလစာ သတ်မှတ်မည်ဖြစ်ကြောင်း သိရသည်။

ထို့ပြင် ယခင်အလုပ်သမား ၁၅ ဦးအထက်ရှိသည့် လုပ်ငန်းများအား အနိမ့်ဆုံးလုပ်ခ သတ်မှတ်ခဲ့ခြင်းဖြစ်ပြီး လက်ရှိတွင် တိုင်းနှင့်ပြည်နယ်မှ တင်ပြရာတွင် ယခင်အတိုင်းထားရှိရန်နှင့် လူဦးရေမသတ်မှတ်ရန် တင်ပြမှုများရှိကြောင်း သိရသည်။

ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက “တိုင်းနဲ့ ပြည်နယ်က တင်ပြလာတာကတော့ သုံးလေးခုလောက်ရှိတယ်။ တချို့က ၁၀ ဦးသတ်မှတ်ပါ။ တချို့လည်း ငါးဦးသတ်မှတ်ပါ။ တချို့လည်း ဘာမှမသတ်မှတ်ပါနဲ့။ ဒါလေးကို ပြန်ညှိပေးပါလို့ ဒီအစည်းအဝေးက ဆုံးဖြတ်လိုက်ပါတယ်” ဟုပြောကြားသည်

 

Most Read

Most Recent